Sunday, May 24, 2015

သီချင်းဆိုရင်း မဲဆွယ်တဲ့ဝန်ကြီး – ချင်းတွင်းချစ်ဆန်း

 ရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာလ၊ ပထမပတ်မှာ ကျင်းပပေးပါမယ်ဆိုတဲ့ ရွေးကောက် ပွဲကော်မရှင် ကြေညာချက် ထွက်ပေါ်လာပြီးချိန်ကစလို့ အာဏာရ နိုင်ငံရေးပါတီဖြစ် တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပုဂ္ဂိုလ်များဟာ ဂနာမငြိမ်နိုင်အောင်ကိုပဲ ဗျာများနေကြတာကို တွေ့ရှိနေ …

ကျေးရွာများ သူတို့ကိုမဲပေးကြရင် လျှပ်စစ်ဓာတ်အား ဆက်သွယ်ပေးရန် ၎င်းတို့က ကြိုးစားပေးမယ်လို့ ပြောဟော စည်းရုံးတာ … မလွဲမသွေ ဆောင်ရွက်ပေးရမယ့် လျှပ်စစ်ဌာနရဲ့ လုပ်ငန်းကို သူတို့လုပ်ငန်းသဖွယ် မဲဆွယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာလ၊ ပထမပတ်မှာ ကျင်းပပေးပါမယ် ဆိုတဲ့ ရွေးကောက်ပွဲ ကော် မရှင် ကြေညာချက် ထွက်ပေါ်လာပြီး ချိန်ကစလို့ အာဏာရနိုင်ငံရေး ပါတီဖြစ်တဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ပုဂ္ဂိုလ်များဟာ ဂနာမငြိမ်နိုင်အောင် ကိုပဲ ဗျာများနေကြတာ ကို တွေ့ရှိနေရပါတယ်။

တောင်သူလယ်သမား ညီလာခံများကို မြန်မာနိုင်ငံ အဓိကနေရာ များမှာ ကျင်းပပြီး သွယ်ဝိုက် မဲဆွယ်မှုတွေ လုပ်တယ်။ အဲဒီနေရာများ မှာ ပြည်ထောင်စု လွှတ်တော် နာယကကြီး သူရဦးရွှေမန်း ကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းတွေခြွေ၊ အမှာတော်တွေပေး စသည်ဖြင့် လုပ်ခဲ့ကြတာလေဗျာ။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး ကလည်းပဲ ““အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ေ ရး ကော်မတီ”” အမည်ခံပြီး အလှူငွေနှင့် အထောက်အပံ့ ပစ္စည်း ပေးအပ်ပွဲများ ကျင်းပရင်း မျက်စိအထူးကု ဆရာဝန်ကြီးများ ပါဝင်တဲ့အဖွဲ့နဲ့ မျက်စိအခမဲ့ခွဲစိတ်မှုများ လုပ်ဆောင်သွားခဲ့ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးလာလေလေ အာဏာပါဝါ အကြီးအငယ်ရရှိထားသူတို့ ရာဇဣနြေ္ဒ ထိန်းချုပ်လို့ မရနိုင် ဖြစ်လေပါပဲ။ သာမန်လွှတ်တော် ကိုယ်စားလှယ်နေရာလောက် ရထားသူတွေရဲ့ လှုပ်ရှားမှုများက မသိသာ သော်လည်း အဆင့်မြင့်မြင့် ရရှိထားသူများရဲ့ လှုပ်ရှားမှုကတော့ သတိမထားမိဘဲ မနေနိုင်အောင်ကို အထူး ပေါ်လွင်တာပါ။ ထင်ရှားတာပါ။ အထူးအားဖြင့် အစိုးရအဖွဲ့အတွင်း ၀န်ကြီး၊ ဒုဝန်ကြီးနေရာ ရရှိထားသူများ ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ မှာ အောင်လံထူ စစ်သူကြီးပွဲ ဖြစ်နိုင်ရေးအတွက် တရားတာတွေ မတရားတာတွေ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနဲ့ ညီတာတွေ မညီတာတွေ ဂရုမပြုနိုင် လောက်အောင်ကိုပဲ လက်သွက် ခြေသွက်နဲ့ အပြေးအလွှား စီမံချက်များ ချမှတ် လုပ်ဆောင်နေလေရဲ့ဗျာ။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပေးလေတိုင်း ထုတ်ပြန်ကြေညာ ပေးနေတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒများမှာ ထည့်သွင်း ဖော်ပြပေးလေ့ရှိတဲ့““ဥပဒေနဲ့ မလျှော်ညီသော မဲဆွယ်မှုများ၊ တရားမဲ့ပြုကျင့်မှု များ”” အထင်အရှား ဖော်ပြထားပြီးပါတယ်။

ကျွန်တော်တို့ နေထိုင်နေတဲ့ မြို့ငယ်လေးမှာတော့ မြို့နယ်တွင်းက ပုဂ္ဂိုလ်များကို စာမတတ်ပေမတတ် ဂရုပြုလောက်ဖွယ် အသိပညာရှိသူများ မဟုတ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်နေတာ တွေ့ရှိနေရပါတယ်ဗျ။ ရိုးသားမှုကို တိုက်ရိုက် အသုံးချပြီး ရွေးကောက်ပွဲကာလတွင် မဲရရှိရန် ရည်ရွယ်လုပ်ဆောင်တဲ့ တရားမဲ့ ပြုကျင့်မှုများ ပေါ်တင်ပဲ လုပ်ဆောင်လာတာ တွေ့ရှိနေရပါတယ်။ မြို့နယ်တွင်းရှိ ဆယ်တန်းအောင် ဘွဲ့ရစ သည်တို့ကို အလုပ်ရအောင် လုပ်ပေးမယ်ဆိုကာ လုပ်ဆောင်ခြင်းများ၊ နေရာအပြောင်း အရွှေ့ကိစ္စ ဆောင်ရွက်ပေးခြင်းများ၊ အဲဒီအထဲက အလွန်ဝေးလံ ခေါင်သီတဲ့ ဒေသတစ်ခုကို ရောက်ရှိသွားသူ ကျန်းမာရေး ၀န်ထမ်းတစ်ဦးကို အလိုရှိရာ နယ်မြေရောက်ရှိနိုင်ရေး ကူညီပေးခဲ့တဲ့အတွက် ပတ်သက်ဆက်စပ်ရာ အကူအညီ တောင်းခံ ခဲ့သူများမှာ ယနေ့တိုင် ကျေးဇူးတော်အနန္တကို ဆပ်လို့မကုန်နိုင်ဘဲ ၀န်ကြီးရဲ့ခရီးစဉ်များမှာတွဲလဲ တွေလဲနဲ့ အာပေါင်အာရင်းသန်စွာ စည်းရုံးမဲဆွယ် နေရတာကိုလည်း တွေ့ရှိနေရပါတယ်ခင်ဗျ။

သြော် … နိုင်ငံတော်မှာကြီးမားလှစွာသော ပြည်ထောင်စုဝန်ကြီး တာဝန်ကို ရယူထားပြီး ဖြစ်သော်လည်း မိခင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းများကိုကျတော့ အားကြိုးမာန်တက် ဆောင်ရွက်မှု မရှိတာကို တွေ့နေရတယ်ဗျ။ ဘာ့ကြောင့်လဲဆိုရင် စက်မှုဝန်ကြီးတစ်ဦး အနေဖြင့်မြန်မာနိုင်ငံ တစ်နံတစ်လျား များပြားလှစွာသော စက်ရုံ အလုပ်ရုံများ စီမံကိန်း လုပ်ဆောင်မှုများကို လှည့်လည် ကြီးကြပ်စီမံကွပ်ကဲရမှာ ဖြစ်သော်လည်း စက်ရုံအလုပ်ရုံ လုံးဝမရှိတဲ့ မိမိရဲ့ မဲဆန္ဒနယ်မြေကိုသာလျှင် တစ်လလျှင် ၁ ကြိမ်ခန့်၊ ၁ ကြိမ်လျှင် ၇ ရက်မှ၊ ၁၀ ရက် ၁၅ ရက် လှည့်လည်နေတာဗျ။

ဒါ့အပြင် နိုင်ငံတော်၏ ရိက္ခာတော်လစာကို ၂ သီးစားအဖြစ် စားနေသူ တပ်မတော် အငြိမ်းစား ဗိုလ်ကြီးဟောင်း၊ စက်မှုဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးကို ဒေသခံအဖြစ် မြို့မှာနေစေပြီး ၀န်ကြီးရဲ့ စည်းရုံးရေး လုပ်ငန်းစဉ်များ၊ မဲဆွယ်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်စေခြင်းများ တွေ့ရှိနေရတဲ့အတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာတော် ယိုပေါက်နေမှုကို စုတ်သပ် ကြည့်ရှုနေရပါတယ်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး နိုင်ငံအ၀န်း မည်ရွေ့မည်မျှ ရှိနေသလဲ မပြောတတ်ပါ။ သူတစ်ဦးတည်းဖြင့်ပင်လျှင် နိုင်ငံတော်မှာ နစ်နာ လွန်းလှပါပြီ။

ရွေးကာက်ပွဲ နီးလာလေလေ စီမံချက်များ စိပ်လာလေလေ ဖြစ်ပါတယ်။ တစ်ခေါက်တစ်ခေါက် လာတိုင်း လှူဒါန်းတဲ့ငွေများ၊ စကိုင်းနက် ရုပ်သံစက်များ၊ မြတ်စွာဘုရား ရုပ်တုတော်များ၊ ဘိလပ်မြေအိတ်များ စသည်ဖြင့် တွက်ချက်ကြည့်ပါက တစ်ဦးတည်း သုံးစွဲငွေပမာဏမှာ အံ့မခန်း ရှိလှပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ဇန်န၀ါရီ၊ ဖေဖော်ဝါရီမှစပြီး မင်းကင်းမြို့နယ်အတွင်း နေရာပိုင်း၍ အလှူကြီးများ ပေးခဲ့ရာမှာ မြို့ပေါ် အလှူရှင်အပါး ၂၉၆၊ မြစ်ရိုးအောက်ပိုင်းနှင့် မောက္ကတော်၊ ချောင်း ဖျားဒေသ၊ တောင်တွင်းဒေသ ရှင်အပါး ၅၆၂ ကျော်တို့ကို အလှူတော် ပေးခဲ့သည့်အပြင် ဘုရားထီးတင်ပွဲများလည်း ပြုခဲ့ တာကြောင့် ပြည်ထောင်စု ၀န်ကြီးတစ်ပါးရဲ့ လှူနိုင်တန်းနိုင်သော ကိန်းဂဏန်း ကြီးမားလှကြောင်း မုဒိတာပွားရပါတယ်။ မင်းကင်းမြို့နယ်မှာ တောင်မြောက် ၆၅မိုင်ခန့်၊ အရှေ့အနောက် ၄၅ မိုင်ခန့် ကျယ်ဝန်းလှသော မြို့နယ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ၀င်မယ့်ဝန်ကြီး မှာ အကွက်ချ၍ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မရောက်ရှိသေးသော ဝေးလံဒေသများဖြစ်တဲ့ မောက္ကတော် ချောင်းဖျားဒေသ၊ ပျဉ်းကိုင်းအုပ်စု၊ စမြင်အုပ်စုစတဲ့ရွာများကို ငွေကြေးများ လှူဒါန်းခဲ့ကြောင်း သိရှိ ရပါတယ်။ မြစ်ရိုးအထက်ဒေသဖြစ်တဲ့ ကျေးရွာအုပ်စု ၅ ခုကိုတော့ ဓာတ်ဘူးများ တစ်အိမ်လျှင် ၁ လုံးနှုန်း လှူဒါန်းခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ဓာတ်ရိုက်တာတွေ ဘာတွေ ဟုတ်မဟုတ် မသိရပေမယ့် ဓာတ်ဘူး တွေတော့ အိမ်တိုင်းစေ့ လှူသွားတယ်ခင်ဗျ။ ““အဲဒီဓာတ်ဘူးတွေက ကျွန်တော်လှူတာ မဟုတ်ပါဘူး။ ကျွန်တော့်မိတ်ဆွေ တစ်ဦးက လှူတာပါ””လို့ ပြောသော်လည်း ဓာတ်ဘူးများမှာ ဦးမောင်မြင့်+ ဒေါ်ခင်မြ၀င်း ဆိုတဲ့ အမည်ရိုက်ထားတာ တွေ့ရပါတယ်။

ဝန်ကြီးရဲ မဲဆန္ဒနယ် မဲဆွယ်ခရီးမှာ စီးနင်းဖို့ အထူးအမြန် ရေယာဉ်အသစ် ၁ စင်း၊ ပရာဒိုကား ၁စီး၊ ဟွန်ဒိုင်း လိုက်ထရပ်ကား ၂ စီး၊ ဇီးကွက်ကားငယ် ၁ စီး ပေးပို့ထားတာကိုလည်း တွေ့ရှိရပါတယ်။ မဲဆန္ဒနယ် မဲဆွယ ခရီးမှာ သုံးစွဲမယ့် အဲဒီယာဉ်များဟာ နိုင်ငံတော်ပိုင် မဟုတ်ပါဘူးလို့ သက်သေပြဖို့တော့ လိုနေပါပြီ။ ၀န်ကြီးဟာ ကိုယ့်ဝန်ကြီးဌာနတာဝန် (On Duty) မဟုတ်ဘဲ မဲဆန္ဒနယ်ကို မဲဆွယ်ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိ အုပ်ချုပ်ရေးမှူးတို့ ဌာနမှူးများမှာလည်း ၀န်ကြီးရဲ့ On Duty မဟုတ်သော မဲဆွယ် ခရီးများမှာ ပြည်ထောင်စုဝန်ကြီး ခရီးစဉ် အမည်တပ်လာတဲ့အတွက် ကြိုဆိုရေးတို့၊ လုံခြုံရေးတို့ ဆောင်ရွက် ကြရတာ ဖြစ်ပါတယ်။ ၀န်ကြီး ၁ ဦးတည်းသာလျှင် ၀န်ကြီးဌာနတာဝန် လစ်ဟင်းတာ မဟုတ်ပါဘူး။ ကြိုဆိုရေး၊ လုံခြုံရေး ဆောင်ရွက်ကြရသော ဌာနများလည်း မူလအဓိကတာဝန်များ လစ်ဟင်းကြရတာကို သတိပြုဖို့ လိုအပ်ပါတယ်။ မင်းကင်းမြို့နယ်ကိုလာတိုင်း ပညာရေးကျောင်းဖွင့်ပွဲ၊ ကျန်းမာရေး ဆေးပေးခန်း ဆေးရုံ စသည့် ဖွင့်ပွဲများကို ဖွင့်လှစ်ပေးနေကျဆိုတော့ ဒီဝန်ကြီးနဲ့သူ့ပါတီက လုပ်ဆောင်ပေးလို့ ရသယောင် သရုပ်ဆောင်မှုများ တွေ့ရှိရပါတယ်။ ဒါတင်မျှမက မင်းကင်းမြို့ လျှပ်စစ်မီးလင်းရေးအတွက် လွှတ်တော်တွင်း ကနေ အဖန်တလဲလဲ တောင်းဆိုလို့ ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မဟာဓာတ်အားလိုင်း ဆက်သွယ် ရရှိမယ့် ကိစ္စမှာလည်း မဟာဓာတ်အားလိုင်းနဲ မိုင် ၃၀ အကွာ ကျေးရွာများ သူတို့ကို မဲပေးကြရင် လျှပ်စစ်ဓာတ်အား ဆက်သွယ်ပေးရန် ၎င်းတို့က ကြိုးစာပေးမယ်လို့ ပြောဟော စည်းရုံးတာကို ကြားသိရပါတယ်။ ဒါလည်း မဟာ ဓာတ်အားလိုင်း ရရှိရင် မလွဲမသွေ ဆောင်ရွက်ပေးရမယ့် လျှပ်စစ်ဌာနရဲ့လုပ်ငန်းကို သူတို့လုပ်ငန်းသဖွယ် မဲဆွယ် ပြောကြားတာ ဖြစ်ပါတယ်။

မြစ်ရိုးအထက်ဒေသ၊ ကြွေကျေးရွာမှာ ရောက်ရှိစဉ် မူလကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပရန် စီစဉ်ခဲ့သော်လည်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မကိုက်ညီတဲ့အတွက် တွေ့ဆုံပွဲ လို့သာ အကျဉ်းနည်းနဲ့ ကျင်းပခဲ့ရပါတယ်။ အဲဒီပွဲမှာ ၀န်ကြီးက မဲဆွယ်ရင်း သီချင်းဆိုသွားခဲ့ပုံဟာ အခြား ၀န်ကြီးများ မှတ်သားလောက်ပါတယ်။ သီချင်းကတော့ မန္တလေးမြို့မ တေးဂီတအဖွဲ့ရဲ့ ““ပြည်တော်ဝင်”” သီချင်းပါ ဒီသီချင်းဟာ စစ်တွင်းကာလ မန္တလေးမြို့မှာ စစ်ဘေးစစ်ဒဏ်ကြောင့် တိမ်းရှောင်နေကြရတဲ့ မန်းမြို့သူ၊ မန်းမြို့သားများ အဓိကအားဖြင့် စစ်ကိုင်းချောင်ကို ပြေးခိုကြရတဲ့ အခြေအနေမှ စစ်ကြီးပြီးလို့ ပြည်တော်ဝင်မယ့်အကြောင်း ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ သီချင်းကို ကာရာအိုကေ ဆိုဟန်အတိုင်း သီချင်းဆိုသံဖျောက်၍ အသံချဲ့စက်ဖွင့်စေပြီး ၀န်ကြီးက စာသားကို ဆိုပြခဲ့တာ ဖြစ်ပါကြောင်း၊ အဆိုတော်ကြီး ဦးမင်းနောင်ကတော့““ခရီးသွားရင်းသီချင်းဆိုမယ်””တဲ့ခင်ဗျ။ ကျွန်တော်တို့ ၀န်ကြီးကတော့ မဲဆွယ်ရင်း သီချင်းဆိုတဲ့သူပါခင်ဗျာ။

““ပြည်တော်ဝင်””

““အခါတော်ရောက်ချိန် နီးလို့လာပေ … ကိုကို .. မမ .. နှမတို့ရေ … အသည်းစွဲ ချစ်မိတ်ဆွေ …ခေတ္တခွဲလို့နေ … မြို့မနဲ့အတူတကွ …လိုက်ပါနိုင်စေ …အောင်စည်ရွမ်းသံ …. ကြားပြီထင့် … ပြည်တော်ဝင်မယ်လေ””

××××××× ----- ×××××××

- ငွေ ၂၀၀ ကျပ်စီ ဝေငှနေသော အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုဝန်ကြီးအား တွေ့ရစဉ်

- မင်းကင်းမြို့နယ် မဲဆွယ်ခရီးဝန်ကြီးသုံးရန် သီးသန့်အမြန်ရေယာဉ်သစ်

- မင်းကင်းမြို့နယ် ကြွေကျေးရွာသို့ ဓာတ်ဘူးများထော်လာဂျီဖြင့်သယ်ယူလာစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 

 

 

 

 
 

No comments:

Post a Comment