အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ဆောင်ရာမှ အကျဉ်းချခံထားရသည့် ဗကသ ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ၎င်း၏လုပ်ဆောင်မှုအပေါ် မိမိတို့ ထောက်ခံ ရပ်တည်ကြောင်းကို အမေရိကန် သမ္မတေ ဟာင်း ဂျော့ဒဗလျူဘုရှ်က မေလ ၁၄ ရက် ရက်စွဲဖြင့် စာပေးပို့ ခဲ့ကြောင်း မဖြိုးဖြိုးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေ၀င်း က မေလ ၂၆ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
အဆိုပါပေးစာကို ဖမ်းဆီးခံ ကျောင်းသားများ ရုံးထုတ်သည့် မေလ ၂၆ ရက်တွင် မဖြိုးဖြိုးအောင်ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းစာတွင် မဖြိုးဖြိုးအောင်တို့ မကြာခင် လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း လည်း ထည့်သွင်း ရေးသားထားပြီး ယင်းစာနှင့်အတူ လက်ဆောင် ပစ္စည်းများလည်း ပါရှိသည်။
““သမီးဆီကို အားပေးတဲ့စာတစ်စောင်နဲ့ ဖိနပ်တစ်ရန်၊ အားဆေးဘူး၊ စာအုပ်တွေကို ပို့လိုက်တာပါ။ ဒီစာနဲ့ လက်ဆောင် ပစ္စည်းတွေကြောင့် ကျောင်းသားတွေအနေနဲ့ စိတ်ဓာတ် ခွန်အားတွေ အများကြီး ရနိုင်တယ်။ သူတို့က အများအကျိုး အတွက် လုပ်ရင်းနဲ့အဖမ်းခံ၊ သူများအရိုက်ခံ၊ ထောင်ချခံရတဲ့ အခြေအနေမှာ အမေရိကန် သမ္မတဟောင်း တစ်ယောက်ရဲ့ထောက်ခံမှုကို ရရှိတဲ့အတွက် စိတ်ဓာတ်ခွန်အားတွေ အများကြီးဖြစ်စေပြီး အများအကျိုးအတွက်ဆိုတဲ့ စိတ်ဓာတ်ကလည်း ပိုပြီးခိုင်မာစေတယ်””ဟု ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေ၀င်းက ပြောသည်။
မဖြိုးဖြိုးအောင်မှာ အမေရိကန်သမ္မတဟောင်း ဦးဆောင်ပြုလုပ်သော ၂၀၁၄ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့သည့် Liberty and Leadership ဖိုရမ်သို့ တက်ရောက်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။
မဖြိုးဖြိုးအောင်ထံသို့ သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် ပေးပို့သည့် ယင်းစာထဲတွင် မိမိနှင့် ဇနီးဖြစ်သူ လော်ရာဘုရှ်တို့က သင်နှင့်အတူ အမြဲရပ်တည်ကြောင်းနှင့် မကြာခင် လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း၊ ဂျိမ်းနှင့်အတူ အမေရိကန်တွင် ပြုလုပ်ခဲ့သည့် ဖိုရမ်သို့ ထပ်မံလာရောက်နိုင်ခြင်း မရှိသည့်အတွက် စိတ် မကောင်းကြောင်းနှင့် ဖိုရမ်တွင် မဖြိုးဖြိုးအောင် ပါဝင်ပေးခဲ့မှုကို မေ့ပျောက်မှာ မဟုတ်ကြောင်း၊ မဖြိုးဖြိုးအောင် အနေဖြင့် မိမိလုပ်ဆောင်ချက် အပေါ် ခိုင်မာစွာ ရပ်တည်ရန်နှင့် ဘုရားသခင် ကောင်းချီးပေးပါစေဟူ၍ ပါရှိသည်။
မဖြိုးဖြိုးအောင် အပါအ၀င် ဗကသ ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများမှာ အမျိုးသားပညာရေး ဥပဒေပါ အချက်အလက် များကို ပြင်ဆင်ပေးရန်အတွက် သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ရာ အာဏာပိုင်များက မတ် ၁၀ ရက်က ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် အကြမ်းဖက် ဖြိုခွင်းခဲ့သဖြင့် သာယာဝတီထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံရကာ အမှုဖွင့် စစ်ဆေးခံနေရခြင်း ဖြစ်သည်။
သာယာဝတီထောင်တွင် ၃ ကြိမ်မြောက်နှင့် အမှုစစ်ဆေးမှုပေါင်း ၉ ကြိမ်မြောက် ဖြစ်သော မေလ ၂၆ ရက်တွင် ပြုလုပ်သည့် ရုံးချိန်းတွင်လည်း ရုံးထုတ်စစ်ဆေးရာတွင် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသီဟ၀င်းတင် နှင့် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။
ဖြစ်စဉ်မှာ ကျောင်းသားခေါင်းဆောင် ကိုသီဟ၀င်းတင်နှင့် ကိုအောင်ခန့်တို့ ၂ ဦးမှာ ရုံးထွက်လာစဉ် ပုဆိုးကျွတ် သွားသည့်အတွက် လက်ထိတ်ခတ်ထားမှုကို ခေတ္တဖြုတ်ပေးရန် အကူအညီ တောင်းခံခဲ့ရာ တာဝန်ကျ ရဲဝန်ထမ်းက မဖြုတ်ပေးသည့်အပြင် ၎င်းတို့ ၂ ဦးအား တွန်းထိုးခဲ့ရာမှ ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
““ကလေးတွေကို ဘယ်လို ထုတ်လာလဲတော့ မသိဘူး။ အားလုံး ဖရိုဖရဲနဲ့ မျက်နှာလည်း မကောင်းကြဘူး။ အန်တီက သားကိုသွားပြီး ပန်းကုံးစွပ်တယ်။ ပြီးတော့စကား ခဏပြောတာကို ရဲက အတင်းဆွဲခေါ် သွားကြလို့ ရုန်းရင်းဆန်ခတ် ဖြစ်ကြတာ။ အန်တီကလည်း မတရားမလုပ်နဲ့၊ နင်တို့လက်ထဲမှာ လက်နက်နဲ့အာဏာ ရှိတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ မရဘူးလို့ ပြောလိုက်တယ်။ ကျောင်းသားတွေက ရဲရဲရင့်ရင့် သတ္တိရှိပေမယ့် ရဲတွေက မတရား လုပ်တာကိုတော့ အန်တီတို့က မကျေနပ်ဘူး။ မိဘတစ်ယောက် အနေနဲ့လည်း ဘာဖြစ်ဖြစ် ရင်ဆိုင်မှာပါ””ဟု ကိုသီဟ၀င်းတင်၏ မိခင်ဖြစ်သူ ဒေါ်လီလီထွန်းက ပြောသည်။
မတရားဖမ်းဆီးခံ ကျောင်းသားများ အမှုနှင့် ပတ်သက်၍ အဆိုပါ ရုံးချိန်းတွင် တရားလိုဖြစ်သူ လက်ပံတန်း မြို့နယ် ရဲမှူးဖုန်းမြင့်ကိုသာ အမှုစစ်ဆေးခဲ့ပြီး ဇွန်လ ၂ ရက်သို့ ထပ်မံ ရုံးချိန်းပေးထားသည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment