Thursday, May 28, 2015

သမ္မတကြီးလည်း ဝင်ပါ၊ ကျန်သူတွေလည်း ဝင်နိုင်ပါစေ

သမ္မတ ဦးသိန်းစိန်သည် သမ္မတသက်တမ်း နောက်တစ်ကြိမ် ဆက်လက်ထမ်းဆောင်မည်၊ မထမ်းဆောင်မည်မှာ ယနေ့တိုင် ယတိပြတ် မသေချာသေးပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးချယ်တင်မြှောက်ရသည် မဟုတ်ဘဲ ပြည်သူ့ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များမှတစ်ဆင့် ရွေးချယ် တင်မြှောက်ရခြင်း ဖြစ်သောကြောင့်ပင်။ သို့ရာတွင် လွှတ်တော်ကို ကြီးစိုးနိုင်သော အာဏာရပါတီမှ ပါတီခေါင်းဆောင်၊ သို့မဟုတ် အာဏာရပါတီ၏ နှစ်လိုသူတစ်ဦးသည် သမ္မတဖြစ်လာဖွယ် ရှိသည်။

ထို့ကြောင့် သမ္မတကိုယ်တိုင်က သမ္မတအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်လိုပါသည်ဟု ပြောစေဦးတော့၊ သူ့ကို လွှတ်တော်တစ်ရပ်ရပ် သို့မဟုတ် တပ်မတော်က သမ္မတလောင်းအဖြစ် မရွေးချယ် ခဲ့လျှင် သမ္မတဖြစ်လာမည် မဟုတ်တော့ဘဲ သမ္မတဖြစ်လာသူက
သူ့အစိုးရအဖွဲ့ထဲ ထည့်သော် အကြီးတန်း ၀န်ကြီး တစ်ဦးသာ ဖြစ်လာလိမ့်မည်၊ သို့မဟုတ် ပြည်နယ်/ တိုင်း ၀န်ကြီးချုပ်သာ ဖြစ်လာနိုင်ပါသည်။ ၂၀၀၈ အခြေခံဥပဒေသည် အထက်တွင် ရှင်းပြခဲ့သည့် အတိုင်းသာ ခွင့်ပြုထားသည်။

မကြာခင်က ကြေးမုံသတင်းစာများတွင် ဖော်ပြခဲ့သော သမ္မတဦးသိန်းစိန် နောက်တစ်ကြိမ် သမ္မတဖြစ်ခွင့် (၀ါ) ပါတီလုပ်ငန်းဆောင်တာလုပ်ခြင်း မဟုတ်ပါဟု ဆိုသည့်ပါတီအတွက် မဲဆွယ်စည်းရုံးခွင့် ပေးနိုင်ရေး ဆောင်းပါးများသည် အစိုးရသတင်းစာတွင် ပါသည့်အားလျော်စွာ အစိုးရအာဘော်နှင့် နီးစပ်သဖြင့် သမ္မတဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့ဝင် ၀န်ကြီးများပါ နောက်တစ်ကြိမ် သက်တမ်းအတွက် ရွေးကောက်ပွဲ ၀င်မည်လားဟု ခန့်မှန်းရသည်။

အမှန်တော့ ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်နှင့် ၀င်ရောက်ရွေးချယ်ခံပိုင်ခွင့်သည် နိုင်ငံသား တစ်ဦးချင်းစီ ရထိုက်သည့် အခွင့်အရေးများသာ ဖြစ်သည်။ သမ္မတဦးသိန်းစိန်ကိုလည်း မကန့်သတ်သင့်ပါ၊ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မတားမြစ်သင့်ပါ။ သမ္မတဖြစ်ခွင့်အတွက် ဒေါ်အောင်ဆန်း စုကြည်အား ကန့်သတ်ထားသည်ကိုတော့ မှန်ပေသည်ဟု ဆိုခဲ့သူများက ၂၀၀၈ အခြေခံဥပဒေအရပင် တားမြစ်ခံထားရသလို ဖြစ်နေသည့် သမ္မတဦးသိန်းစိန် ကိုတော့ နောက်တစ်ကြိမ် သက်တမ်းအတွက် ပါတီလုပ်ငန်းဆောင်တာ မဟုတ်ဟု ယူဆပေးပြီး မဲဆွယ်ခြင်းအမှုကို ပြုခွင့်ပေးထိုက်ပါသည်ဟု လျှောက်လဲနေသော အစိုးရအာဘော် ဆောင်းပါးများ သည် တစ်ဖက်သတ် ဆန်လွန်းနေသည်။

ဒီမိုကရေစီ သဘောတရားများအရ ကြည့်လျှင်သော်လည်းကောင်း၊ အခြေခံလူ့အခွင့်အရေး အရ ကြည့်လျှင်သော်လည်းကောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးအရ ကြည့်လျှင်သော် လည်းကောင်း၊ ပြည်သူများ၏ အခွင့်အရေးအရ ကြည့်လျှင်သော်လည်းကောင်း မည်သည့်ဘက်က ကြည့်သည်ဖြစ်စေ ၂၀၀၈ အခြေခံဥပဒေသည် အပြစ်အနာအဆာများ၊ အလွဲအချော်များ၊ ရှေ့နောက်မညီညွတ်မှုများနှင့် ပြည့်နှက်နေ သည်ချည်း ဖြစ်သည်။

သို့တိုင် လူတန်းစားတစ်ရပ် တစ်သက်လုံး အာဏာတည်မြဲရေးအတွက် နှစ်ပေါင်းများစွာ အချိန်ယူပြီး ထောင့်စေ့ အကွက်စေ့အောင် တစ်ဖက်သတ် ရေးသားထားသော ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူကို မျက်နှာမမူခဲ့သောကြောင့် ယခင်က အသက်နှင့်လဲ ကာကွယ်မည်ဟု ဆိုထားသူများပါ ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်းကို အရေးတယူ ပြောဆိုလာခဲ့ရပြီဖြစ်သည်။ ယခုအခါ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲ ၀င်လိုနေပုံရသည့် သမ္မတအတွက်ပါ လက်ရှိအခြေခံဥပဒေသည် အနှောင့်အယှက် ဖြစ်နေသည်ကို တွေ့ရှိရသည်။

မဇ္ဈိမသည် ပြည်သူကို မျက်နှာမူနိုင်သည့် သမ္မတ အရည်အချင်းရှိသူ ဖြစ်ပါက သမ္မတ ဦးသိန်းစိန် ကိုလည်း ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်ခွင့် ရစေချင်ပါသည်။ အလားတူ ဒေါ်အောင်ဆန်း စုကြည် အမှူးပြုသော အခြားနိုင်ငံရေးခေါင်းဆောင်များအပါအ၀င် သမ္မတ အရည်အချင်းနှင့် ထိုက်တန်သူ နိုင်ငံသားများကိုလည်း သမ္မတအဖြစ် သွားရာလမ်းတွင် ခလုတ်မထိ ဆူးမငြိဘဲ ၂၀၀၈ အခြေခံဥပဒေတွင် ကန့်သတ်ထားသည့် မဆီမဆိုင်သော အတားအဆီးများကိုလည်း ဖယ်ရှားရှင်းလင်းစေလိုပါသည်။


Credit - Mizzima News

No comments:

Post a Comment