ရန်ကုန်၊ မေ ၂၁
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဆိုပါက အသင်းသားအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှသာ ရွေးကောက်ပွဲဝင်ရန် ရှိသည်ဟု မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမည်မဖော် လိုသူ ရန်ကုန်တိုင်း အလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောပြီးနောက် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်များသာမက စစ်တိုင်းမှူးများ လည်း အရပ်ဝတ်လဲ၍ ပြည်ခိုင်ဖြိုးပါတီ မှ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေကြောင်း နိုင်ငံတော် သမ္မတရုံး၊ ပါတီဌာနချုပ်ရုံး တို့မှ သတင်းရရှိသည်။
၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် ၆ လသာ လိုတော့သည့် အချိန်တွင် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က မေလ ၁၅ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်
များနှင့် တွေ့ဆုံ စဉ် ““တာဝန်ပေးတယ်ဆိုရင် ကိုယ်တို့လုပ်မှာပါ၊ ဘာကြောင့်လဲဆိုတော့ ကိုယ်တို့အနေနဲ့ အသက်အရွယ်အားဖြင့် လုပ်နိုင်သေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ဒါကြောင့်မို့ လုပ်ဖြစ်မှာပါ””ဟု ပြောကြားခဲ့ပြီး ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီနှင့်မဲဆန္ဒနယ်ကိုမူ ဖြေကြားခဲ့ခြင်းမရှိပေ။
ထိုသို့ ထုတ်ဖော်ပြောကြားမှုနှင့် စပ်လျဉ်း၍ ““ဗိုလ်ချုပ်ဝေလွင် အခုလို ရွေးကောက်ပွဲဝင်ဖို့ ပြောခဲ့တာတော့ ကျွန်တော်တို့ သေချာမသိဘူး။ သူပြိုင်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီကပဲ ပြိုင်ရမှာ။ အရင် အသင်းသားဘ၀ ကတည်းက ပါခဲ့တာလေ။ ပါတီထောင်တော့ မပါတော့ဘူး ဆိုပေမယ့် အခုရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဒီကပဲပြိုင်ဖို့ရှိပါတယ်””ဟု အဆိုပါ အမည်မဖော်လို သူရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်က ပြောသည်။
တပ်မတော်သားများ အနေဖြင့် ကိုယ်စားလှယ်လောင်း ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီသို့ တင်သွင်းလာပါက လက်ခံ စဉ်းစားရန်ရှိကြောင်း တပ်မတော်အစိုးရ ခေါင်းဆောင်အများစု ပါဝင်ဖွဲ့စည်းထားသော လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက သတင်းမီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။
ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်တို့ကို မြန်မာသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် အတည်ပြု ဖြေကြားခြင်း မပြုခဲ့ပေ။
တပ်မတော်အကြီးအကဲ အဆင့်များ အငြိမ်းစားယူ၍ ရွေးကောက်ပွဲဝင်ခြင်း (သို့မဟုတ်)၂၀၁၅ နောက်ပိုင်း အာဏာရ ပါတီမှတစ်ဆင့် အစိုးရအဖွဲ့ဝင်ရာထူးများသို့ ၀င်ရောက်နိုင်ရန် စီစဉ်လျက်ရှိခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အနီးကပ် တာဝန် ထမ်းဆောင်နေသော အကြီးတန်းအရာရှိကြီး တစ်ဦးက ““မကြာခင်တော့ ရွှေ့လိုက်တာတွေ သိရမှာပါ။ မကြာခင်သိရမယ်ဆိုတာ ကျွန်တော်သိထားလို့ ပြောတာ မဟုတ်ပါဘူး။ အဲဒီလိုမျိုးရှိတယ်။ သူကဘယ်လို လုပ်ထားလဲဆိုတော့ သူကအားလုံးကို ခေါ်တွေ့လိုက်တယ်။ ပြီးမှ တည်ငြိမ် အေးချမ်းအောင် လုပ်ဖို့၊ အောင်မြင်အောင် လုပ်ဖို့ ပြောလိုက်တယ်။ ပြောလိုက်ပြီးတော့မှ ကိုယ့်နေရာ ကိုယ်ပြန်ကြ။ ပြီးတော့မှ တစ်ယောက်ချင်းစီ သတ်သတ်ဆွဲထုတ်တာ။ တစ်ယောက်ချင်းစီ ဆွဲထုတ်တာကို ကျန်တဲ့လူက မသိဘူးပေါ့။ တစ်ယောက်ချင်းကိုပဲ ခေါ်ပြောတာ။ ပြီးရင်အဲဒီစကားကို ပြန်ပိတ်ထားတယ်။ ဒီစကားကို မပြောနဲ့ပေါ့။ ဆိုတဲ့အခါကျတော့ တစ်ယောက်ချင်း ခေါ်တွေ့တဲ့စကား အပြင်ပေါက်သွားတယ်ဆိုရင် သူနှုတ်မလုံဘူးဆိုတာ တခြားလူက မသိနိုင်ဘူးပေါ့နော်။ သူ့ကိုပဲ ပြန်ပက်မှာပေါ့။ အဲဒီတော့ ကာယကံရှင်က မပြောရဲဘူး။ ကျွန်တော် တို့က ဒီလကုန်၊ ရှေ့လဆန်းလောက်ဆိုရင် ပါတီအနေနဲ့ဆိုရင်လည်းပဲ ထုတ်ပြန် ကြေညာတာ လုပ်တော့ မှာပေါ့။ ဘယ်သူတွေကတော့ ၀င်မယ်။ အဲဒီကျရင် ဘယ်သူတွေကတော့ ပါမယ်ဆိုတော့ ဖုံးကွယ်လို့ မရ တော့ဘူး။ အခုအဲဒါတွေကတော့ တစ်ယောက်ချင်း ပြောထားတာဆိုတော့ ကျွန်တော်တို့မသိဘူး”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။ ယင်းကဲ့သို့ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်လာပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိလာနိုင်ခြင်း ရှိ မရှိကို ““အန်တီတို့ အနေနဲ့ အခုလို ရာထူး ကြီးမြင့်တဲ့ ဗိုလ်ချုပ်ကြီးတွေ ပါဝင်လာခြင်းက ရွေးကောက်ပွဲမှာ အဲဒီသက်ဆိုင်ရာ နယ်မြေရဲ့ ကျေးရွာ၊ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲတွေက ကြောက်ပြီး အမှန်အတိုင်း တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကို လုပ်ပေး နိုင်ပါ့မလား စိတ်ပူမိတယ်။ ရာထူးကြီးကြီး အရှိန်ဝါကြီးကြီး ပုဂ္ဂိုလ်မျိုးတွေကို ကော်မရှင်က ပုဂ္ဂိုလ်တွေက လွန်ဆန်နိုင်ပါ့မလား သံသယ ရှိလာနိုင်ပါတယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က မြန်မာသံတော်ဆင့် သို့ ပြောသည်။
လာမည့် ၂၀၁၅ ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားဆဲဖြစ်သည့် နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ် နာယကအဖြစ် ဦးစီးသည့် အမျိုးသားပါတီသည် ဗိုလ်ချုပ်ဟောင်းများ၊ တပ်မတော် အရာရှိဟောင်းများ ပါဝင်ဖွဲ့စည်း ထားသည်ဟု သတင်းစကားများ ထွက်ပေါ်ခဲ့သည့်အတွက် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ယှဉ်ပြိုင်မည် ဆိုပါက ၎င်းပါတီမှလည်း ၀င်ရောက် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သုံးသပ်ခန့်မှန်းမှု များလည်းရှိသည်။
““လောလောဆယ် ကျွန်တော်တို့ဆီမှာ တပ်ပိုင်းဆိုင်ရာ မရှိဘူး၊ သူကဘာပြောလဲ။ ကာယကံရှင် ဖြစ်တဲ့သူ ပြော တာက အတည်ပဲပေါ့။ သူဘယ်ကပြိုင်မလဲဆိုတာ သူ့ရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်””ဟု အမျိုးသားပါတီ နာယက ဒေါက်တာနေဇင်လတ်က မြန်မာသံတော်ဆင့် သို့ ပြောသည်။
လူအများ ဝေဖန်ခံနေရသည့် သမ္မတအကြံပေးဟောင်း၏ အမျိုးသားပါတီနှင့် စပ်လျဉ်း၍ စစ်ဗိုလ်ချုပ် ဟောင်းများ၊ သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအမာခံ များ ပါဝင်ပြီး ရွေးကောက်ပွဲဝင်ကာ သမ္မတ၏ ကျဆင်း နေသော နိုင် ငံရေးသြဇာ ပြန်လည်တည်ထောင်မည့် အစီအစဉ် တစ်စုံတစ်ရာကိုမူ မိမိအနေဖြင့် မသိရှိကြောင်း၊ ၎င်းပါတီနှင့် ဒေါက်တာနေဇင်လတ် အကြောင်းကိုလည်း မသိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေ ၁၃ ရက်နေ့ တွင် မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားခဲ့သည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment