ဦးသိန်းစိန် ခေါင်းဆောင်သည့် ယခုအစိုးရ လက်ထက်တွင် သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး အတွက် အားကိုးရာမရှိ၊ တိုင်စရာ မရှိသည့်အတွက်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကွမ်းလုံ ကျေးရွာအုပ်စု၊ ရေပူရွာတွင် နေထိုင်သူ တောင်သူ ဦးမြင့်အောင်သည် စိတ်ထိခိုက်ကာ ၎င်းကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်မှ မူဝါဒရေးရာ တာဝန်ခံ ကိုဇော်ရမ်းက မေ ၂၃ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကွမ်းလုံကျေးရွာအုပ်စု၊ ရေပူရွာ တွင် နေထိုင်သူ တောင်သူ ဦးမြင့်အောင်သည် သိမ်းဆည်းခံထားရသော လယ်မြေပေါ်၌ သီးစားခပေးကာ စိုက်ပျိုးခွင့် ရရှိထားသော ၎င်းပိုင်မြေပေါ်တွင် ပြောင်းပင်များ စိုက်ပျိုးထားရာ မေ ၂၁ ရက်တွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ ရပခ (တောင်ကြီး)မှ စိုက်ကွင်းတာဝန်ခံ ဗိုလ်ကြီး ၀င်းထွန်းအောင်နှင့်အဖွဲ့က ပြောင်းပင်များအပေါ် အဆောက် အအုံ ဆောက်ရန်အတွက် ဆိုကာ သစ်နှင့်သွပ်များ လာရောက်ပုံခဲ့သည်။ ယင်းကိစ္စနှင့်
ပတ်သက်၍ နှစ်ဖက် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ဦးမြင့်အောင်မှာ သေတမ်းစာ ၃ စောင်ရေး၍ မိမိ ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ဆန္ဒပြခဲ့ပြီး ရွာသားများက မီးကို ၀ိုင်းဝန်းငြှိမ်းသတ် ခဲ့သော်လည်း အခြေအနေ စိုးရိမ်ရ၍ စ၀်စံထွန်း ဆေးရုံ (တောင်ကြီး)သို့ ပို့ဆောင်ခဲ့ရာ ယင်းမီးလောင် ဒဏ်ရာများဖြင့် မေ ၂၂ ရက်၊ နေ့လယ် ၁ နာရီခွဲတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
““အဓိကကတော့ လယ်ယာမြေ မတရား သိမ်းယူမှုကနေ ပတ်သက်ပြီး ဖြစ်လာတဲ့ ပြဿနာပါ။ ဒါကတော့ ထင်သာမြင်သာ ဖြစ်သွားတဲ့ ဖြစ်ရပ်ပါ။ လူမသိသူမသိ စိတ်ထိခိုက်ပြီး ဆုံးသွားတာ ထုနဲ့ထည်ပါ။ လယ်ယာမြေ တွေက အရင်ကတည်းက သိမ်းခံထားရတာ။ အရင်တုန်းက သီးစားခပေးပြီး စိုက်ခွင့်ရတယ်။ ဒီနှစ်စိုက်ပျိုး ချိန်မှာ တောင်သူတွေရဲ့ ပြောင်းခင်းတွေပေါ်ကို စစ်တပ်က ဘားတိုက် ဆောက်ဖို့ဆိုပြီး သစ်နဲ့သွပ်တွေကို လာစုပုံရာကနေ အငြင်းပွားကြပြီး အားကိုးစရာမရှိ၊ တိုင်စရာမရှိတော့ ဦးမြင့်အောင်လည်း စိတ်ထိခိုက်ပြီး အခုလို ဖြစ်သွားတာပါ””ဟု တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်မှ ကိုဇော်ရမ်းက မေ ၂၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
တောင်ကြီး-ရပ်စောက် လမ်းမပေါ်ရှိ ကွမ်းလုံကျေးရွာအုပ်စု၊ ရေပူရွာ ပတ်ဝန်းကျင်ရှိ လယ်ယာမြေ ဧက၅၀၀၀ ကျော်ကို ၂၀၀၄ ခုနှစ်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (တောင်ကြီး)က သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းခံ တောင်သူများက သီးစားခပေးကာ ၂၀၁၄ ခုအထိ စိုက်ပျိုးခွင့်ရရှိသည်။ ၂၀၁၅ ခုနှစ်၌ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က သီးစားခ ကောက်ခံခွင့် မပြုတော့သည့်အတွက် တောင်သူများ အခမဲ့ စိုက်ပျိုးခွင့်ရရှိခဲ့သည်။ ယခု စိုက်ပျိုးရာသီချိန်တွင် ပြောင်းပင်များ စိုက်ပျိုးရာတွင်လည်း ရပခ မှ လာရောက် တားမြစ်ခဲ့ခြင်း မရှိသော်လည်း မေ ၂၀ ရက်တွင် တောင်သူဦးမြင့်အောင် ပိုင်သည့် လယ်မြေ ၈ ဒသမ ၅ ဧကပေါ်ရှိ ပြောင်းခင်းများပေါ်သို့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ ရပခ (တောင်ကြီး)မှ ဗိုလ်ကြီးဝင်းထွန်း အောင်နှင့် အဖွဲ့က အဆောက်အအုံ ဆောက်လုပ်ရန်ဟုဆိုကာ သစ်နှင့်သွပ်များ လာရောက် စုပုံရာမှ အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
တောင်သူဦးမြင့်အောင်မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးမရှို့မီ အထပ်သားပြားနှင့် စာရွက်များပေါ်၌ သေတမ်းစာအဖြစ် မိမိတို့ထံမှ တပ်က သိမ်းယူထားသော မြေများပြန်ပေးရန်၊ ရေပူရွာရာအိမ်မှူး ဦးတင်ရွှေ၊ တိုင်းစာရေးမောင်ခိုင် (ခ)နိုင်လင်း အကျင့်ပျက်မှုကြောင့် မြေများ ဆုံးရှုံးရကြောင်း၊ တပ်မှသိမ်းဆည်းထားသော လယ်မြေများ ကို ပြန်ရရန်အတွက် တောင်းဆိုကြောင်း စာများရေးထားခဲ့သည်။
မြေယာသိမ်းယူခံရမှုအတွက် တောင်သူဦးမြင့်အောင် သေဆုံးခဲ့ခြင်းကို မေလ ၂၂ ရက် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လယ်ယာမြေ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်က တင်ပြခဲ့ပြီး ယခုဖြစ်ရပ်မှာ ၂၀၁၄ ခုနှစ်တွင် ကျောက်နီ စိုက်ခင်း စီမံကိန်းအတွက် မြေဧက (၁၀၀၀) ကျော် သိမ်းဆည်းကာ သီးစားပြန်ချပေးခဲ့ပြီး တောင်သူ များအား ပြန်လည် လုပ်ကိုင်ခွင့် ပေးခဲ့ရာတွင် ရေပူရွာမှ တောင်သူ (၁၅)ဦးကို သီးစားချထားပေးသည့် လယ်မြေဧက (၅၀)ကျော်ကို အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ ရပခက အဆောက်အအုံ ဆောက်လုပ်ရန် ပြင်ဆင် လာသည့်အတွက် စစ်တပ်နှင့် ပြည်သူနှစ်ဦး နှစ်ဖက် အငြင်းပွားမှု ဖြစ်ပွား ကာ ဦးမြင့်အောင် သေဆုံးရခြင်း ဖြစ်ကြောင်း ထည့်သွင်း တင်ပြခဲ့သည်။
““ဒီကလယ်မြေတွေကို ရပခက သိမ်းထားတာ။ ဒီအပေါ်မှာ တောင်သူတွေက သီးစားခပေးပြီး စိုက်ခွင့်ရတယ်။ ဒီနှစ်မှာ သီးစားခ မပေးရတော့ဘူး။ ဧပြီလ စိုက်ပျိုးချိန်တုန်းက စစိုက်တော့ တပ်ကဘာမှမပြောဘဲ မေ ၂၀ ရက်က ဘားတိုက် ဆောက်ဖို့ဆိုပြီး သစ်နဲ့သွပ်တွေ လာပုံရာကနေ ပြဿနာ ဖြစ်သွားကြ တာ။ မေ ၂၁ ရက် မနက်ကျတော့ သူ့တူမတွေကို ရဲက ဖမ်းသွားတယ် ဆိုတာကို ကြားပြီး ဘယ်သူ့မှ မပြောဘဲ ဓာတ်ဆီလောင်း ပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး မီးလောင်ဒဏ်ရာနဲ့ပဲ သေသွားတာပါ။ ဒီက လယ်သမားတွေကတော့ ဘာ ပြဿနာမှ မဖြစ်လိုဘဲ လယ်မြေပြန် ရရင် ကျေနပ်ကြမှာပါ။ သစ်နဲ့သွပ်တွေကတော့ တခြားတစ်နေရာ ကို ရွှေ့သွားပြီ””ဟု တောင်ကြီးမြို့ NLD ပါတီဥက္ကဋ္ဌ ဦးတင်မောင်စိုးက မေ ၂၃ တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။
ဦးမြင့်အောင် သေဆုံးခဲ့ပြီးနောက် မေလ ၂၃ ရက်တွင် သင်္ဂြိုဟ်ခဲ့ရာ ယင်းနေရာသို့ အရှေ့ပိုင်း စစ်ဌာနချုပ်မှ မည်သူတစ်ဦး တစ်ယောက်မျှ လာရောက်ခဲ့ခြင်း မရှိပေ။
ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ ရပခ(တောင်ကြီး)မှ စိုက်ကွင်းတာဝန်ခံ ဗိုလ်ကြီး ၀င်းထွန်းအောင်အား ဆက်သွယ်မေးမြန်းရာ““ကျွန်တော်တို့အနေနဲ့ ဘာမှပြောပိုင်ခွင့် မရှိပါဘူး။ ကျွန်တော့် အနေနဲ့ကတော့ (သင်္ဂြိုဟ်ရာသို့) သွားလို့ မရဘူးခင်ဗျ။ အဲဒီလိုနေရာတွေကို သွားခွင့်လည်း မရှိဘူး။ မီဒီယာတွေထဲမှာ ပါသွားမှာ ကြောက်လို့မသွားဘူး။ တစ်မျိုးတော့မထင်ပါနဲ့””ဟု သာ ပြန်လည်ဖြေကြားသည်။
သူရိန်ကျော်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment