မဇ္ဈိမ စာဖတ်သူကဏ္ဍမှာ နေပြည်တော်နယ်မြေမှ ဦးဆန်းအောင် (အမည်လွဲ)က မေးလ်နဲ့ ပို့လာတဲ့ စာတစ်စောင်ကို ဖော်ပြပေးဖို့ ရွေးချယ် ထားပါတယ်။ ရေးသားပေးပို့ခဲ့သူဟာ ပြည်ထဲရေး ဝန်ကြီးရုံးမှ ဝန်ထမ်း တစ်ဦးဖြစ်ပြီး အစိုးရအဖွဲ့အတွင်း၊ အမြဲတမ်း အတွင်းဝန်များ ခန့်ထားတာနဲ့ ပတ်သက်လို့ သူ့အမြင်နဲ့ သူခံစားချက်ကို ရေးခဲ့တာဖြစ်ပါတယ်။
သူတို့ဌာနမှာ အလုပ်နဲ့ လူအင်အားမမျှလို့ လက်အောက်ဦးစီးဌာနက ဝန်ထမ်းတွေကို တွဲဘက်ခေါ်ပြီး အလုပ်လုပ်ကြရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်ထဲရေးအတွင်းဝန်ရုံးသာ ဖွင့်နိုင်ခဲ့ရင် အင်အားများလာပြီး အလုပ်တွေ လုပ်ကိုင်ရတာ အဆင်ပြေချောမွေ့မယ်လို့ ထင်ခဲ့တယ်လို့ ပြောပါတယ်။ မတ်လ ၃၁ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက အမြဲတမ်း
အတွင်းဝန်များ ခန့်ထားရေးသည် ဥပဒေနှင့် မညီဘဲ ကြိုးနီစနစ် ပိုမိုအားကောင်းအောင် လုပ်တယ်လို့ တင်ပြစဉ်က သူ့စိတ်ထဲမှာ တော်တော်ဒေါသ ထွက်ပြီး စိတ်ဆိုးမိခဲ့ပါတယ်လို့ ရေးပါတယ်။
ဒါပေမယ့် အခုတော့ ဒေါက်တာ မြတ်ဉာဏစိုး ပြောတာ မှန်နေလို့ သူကို တောင်းပန်ရမလို ဖြစ်နေတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ ဧပြီလဆန်းမှာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ရုံး ဖွင့်ပါတယ်။ လက်ထောက်အတွင်းဝန်ညွှန်မှူး အဆင့် ၅ ဦး၊ ဒုလက်ထောက် အတွင်းဝန် ဒုညွှန်မှူး အဆင့် ၅ ဦး အပါအဝင် လူတွေအများကြီး ရောက်လာလို့ သူစိတ်ထဲမှာ အတော် အားရနေခဲ့မိတယ်လို့ ဆိုပါတယ်။ ထူးဆန်းတာက ရောက်လာတဲ့ သူတွေထဲမှာ အရပ်သား တစ်ယောက်မှ မပါဘဲ တပ်က လူတွေချည်းပါပဲ။ ဒီမှာတင် ပြဿနာက စတာပါ။ သူတို့က ဌာနရဲ့ လုပ်ငန်းတွေကို မလုပ်တတ်တဲ့၊ မကိုင်တတ်နဲ့ကို ဒီအတိုင်း မနေဘဲ သူတို့ မသိတာကို ဟောက်စားလုပ်နေကြတော့ လုပ်နေတဲ့ ဝန်ထမ်းတွေအပေါ် ဖိစီးမှုတွေ ပိုများလာတော့ တာပဲလို့ ပြောပါတယ်။
အလုပ်တွေ လျင်မြန်ချောမွေ့အောင် ပြီးစီးဖို့ ဘယ်လိုအကောင်းဆုံး လုပ်မယ်ဆိုတာကို မတွေ့ရဘဲ အခွင့်အရေးယူဖို့နဲ့ အလုပ်တွေပြီးအောင် ဘယ်သူ့ကို ကြပ်ရမလဲ၊ ဘယ်လက်အောက်ဌာနကို တာဝန်တွေပေးပြီး သူတို့ အလုပ် မလုပ်ရရေး၊ သက်သာရေးနဲ့ သူ့အမြင်မှာတော့ အလုပ်တွေကို ဘော်လီဘော ပုတ်ဖို့ စဉ်းစားနေကြတယ်လို့ပဲ မြင်တယ်။ သူဟာ အောက်ခြေ ဝန်ထမ်း တစ်ဦး ဖြစ်ပြီး နိုင်ငံရေးတွေ၊ စီမံခန့်ခွဲမှုတွေကို နားမလည်ပေမယ့် အခုတော့ သိသွားပြီလို့ ပြောပါတယ်။ တကယ်တော့ အမြဲတမ်း အတွင်းဝန်ရုံးဆိုတာ အမြဲတမ်းအတွင်းဝင်ပြီး ဒုက္ခပေးမယ့် သူတွေလို့တောင် ထင်မိပါတယ်တဲ့။ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လက်အောက်ငယ်သားနဲ့ လက်အောက်ဌာနတွေကို ဒုက္ခပေးဖို့ ရောက်လာကြတာလားလို့ တွေးမိပြီး အမြဲတမ်း အတွင်းဝန်ခန့်ထားရေးကို ကန့်ကွက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ကို စိတ်ဆိုးမိတာကို တောင်းပန်ချင်ကြောင်း ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment