Thursday, May 28, 2015

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် မြန်မာနိုင်ငံရှိ ဥပဒေ အကာအကွယ်အောက် မရှိသည့် လုပ်ငန်းခွင်မှ လုပ်သားများအကြောင်း ဆွေးနွေးမည်


ရန်ကုန် (မဇ္ဈိမ)။ ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် မြန်မာနိုင်ငံရှိ ဥပဒေအကာအကွယ် အောက် မရှိသည့် လုပ်ငန်းခွင်မှ လုပ်သား အကြောင်းအရာများကို တင်ပြဆွေးနွေးမည်ဖြစ်သည်ဟု မြန်မာနိုင်ငံ အလုပ်သမား အကြံပေး ကိုယ်စားလှယ်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံကို တက်ရောက်မည့် ဒေါ်ခိုင်ဇာအောင်က မဇ္ဈိမကို ပြောသည်။

အကြိမ် ၁၄၀ မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) ကို ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာ မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့  (ILO) အခြေစိုက်ရုံးချုပ်တွင် ဇွန်လ ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ဒေါ်ခိုင်ဇာအောင်က “နိုင်ငံတကာက အလုပ်သမားရေးရာတွေ ဆွေးနွေးမယ်ဆိုပေမယ့် မြန်မာနိုင်ငံက လက်ရှိကြုံနေတဲ့ အကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေးသွားလို့ ရတယ်။ ထပ်ပြီး ဘယ်လိုနည်းလမ်း တွေက ကောင်းမလဲဆိုတာ အကြံပြုလို့ရတယ်” ဟု ပြောသည်။

ဥပဒေ အကာအကွယ်အောက် မရှိသည့် လုပ်ငန်းခွင် လုပ်သားများဟု ဆိုလိုခြင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်ကြမ်းများကို နေ့စားပုတ်ပြတ်စနစ်ဖြင့် လုပ်ကိုင်နေသူများ၊ ဆိပ်ကမ်းတွင် ကုန်တင် ကုန်ချ အလုပ်လုပ်ကိုင်နေသည့် လုပ်သားများစသည်ဖြင့် နားရက်၊ အလုပ်ချိန်၊ သီးခြားခံစားခွင့် လုပ်ငန်းခံစားခွင့် မရှိသူများ၊ အလုပ်ရှင်နှင့် တိကျသေချာသည့် စာချုပ်စာတမ်းဖြင့် ကတိကဝတ် လက်မှတ်ရေးထိုး မထားသည့် အလုပ်သမားများကို ဆိုလိုခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် အဓိကအားဖြင့် ILO က ပြဋ္ဌာန်းထားသည့် စံနှုန်းများနှင့် ပတ်သက်၍ ကျင့်သုံးမှုဆိုင်ရာကိစ္စ၊ အသေးစား အလတ်စားလုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်အကိုင်ရရှိမှု အခြေအနေ၊ ဥပဒေ အကာအကွယ်အောက် မရှိသည့် လုပ်ငန်းခွင်လုပ်သားများ အကြောင်းအရာများကို ဥပဒေ အကာအကွယ် စနစ်ကျသည့် လုပ်ငန်းခွင်လုပ်သားဖြစ်စေရန် နည်းလမ်းများ၊ လူမှုကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများ ဆွေးနွေးသွားမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ (ILC) ကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ညီလာခံတွင် မူဝါဒဆိုင်ရာ လုပ်ငန်းစီမံချက်များ၊ အလုပ်သမားများ၏ အခွင့်အရေးကာကွယ်မှုများနှင့် အလုပ်သမားများ၏ ဘ၀တိုးတက် မြင့်မားစေရေးကို အပြည်ပြည်ဆိုင်ရာမှ အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမား ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းဖြေရှင်း ဆောင်ရွက်ကြခြင်း ဖြစ်သည်။





Credit - Mizzima News

No comments:

Post a Comment