Thursday, May 28, 2015

မြန်မာနိုင်ငံရှိ လူနည်းစု မွတ်ဆလင်များအရေး အထူးစိုးရိမ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ရှိဖြစ်ပွားနေသည့် အိန္ဒိယသမုဒ္ဒရာအတွင်း လှေများဖြင့် ရွေ့ပြောင်းသွားလာနေသူ မွတ်စလင် အမြောက်အများမှာ အစာရေစာနှင့် သောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့နေရသည်မှာ စိတ်ပူပင်စရာကောင်းကြောင်း မေလ ၂၆ ရက်စွဲဖြင့် ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Pakistan-s
မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာဆိုသူ မွတ်စလင်များကို နိုင်ငံသားဖြစ်ခွင့်နှင့် အခြားအခွင့်အရေးများအတွက်  အာမခံပေးရန်
လိုအပ်ကြောင်း ၂၀၁၅ မတ်လက ဂျနီဖာတွင် ကျင်းပသည့် လူ့အခွင့်အရေး ကောင်စီ၏ ၂၈ ကြိမ်မြောက် ဆွေးနွေးပွဲ၌ပါကစ္စတန်က အခိုင်အမာပြောကြားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။


ရခိုင်ပြည်နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံနိုင်မည့်
ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နှင့် တည်ငြိမ်မှုကို
ပြန်လည်တည်ဆောက်ရန်အတွက် မြန်မာအာဏာပိုင်များကို
တိုက်တွန်းထားသည့် OIC ၏ "မြန်မာနိုင်ငံမှ မွတ်စလင် လူ့အဖွဲ့အစည်း
အခြေအနေ” ခေါင်းစဉ်ပါ ပိုင်းဖြတ်မှုစာတမ်းကိုလည်း ပါကစ္စတန်က
ထောက်ခံထားပြီး ယင်းစာတမ်းကို မေလ ၂၇-၂၈ ရက်တွင် ကူဝိတ်၌
ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီတွင် တင်ပြမည်
ဖြစ်သည်။

ကူဝိတ်တွင် တွေ့ဆုံစဉ် နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီအနေဖြင့် ရွှေ့ပြောင်း ရိုဟင်ဂျာဆိုသူ မွတ်စလင်များအား ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးတို့အတွက် လိုအပ်သော လုပ်ငန်းစဉ်များကို ပြောဆိုဆွေးနွေးကြရန် ပါကစ္စတန် ဝန်ကြီးချုပ်၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ အကြံပေးကလည်း မေ ၂၀ ရက်၌ OIC အတွင်းရေးမှူးချုပ်ထံ စာပေးပို့ တိုက်တွန်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ထုတ်ပြန်ချက် နောက်ဆုံးအပိုဒ်၌ နိုင်ငံသားဖြစ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ ပညာရေးနှင့် လုံခြုံရေး စသည့် အခြေခံ အခွင့်အရေးများပေးခြင်းဖြင့် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းဝင်အားလုံး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်သွားနိုင်မည်ဟု ပါကစ္စတန်က အပြည့်အဝ ယုံကြည်ထားကြောင်း ဖော်ပြထားသည်။

Credit - Mizzima News

No comments:

Post a Comment