Wednesday, May 27, 2015

မည်သည့်ဘက်သို့ မျက်နှာမူကြရမည်နည်း

မကြာမီ လပိုင်းအတွင်း လွှတ်တော် ရွေးကောက်ပွဲ ကျင်းပရန် သေချာသလောက် ရှိနေသည်။ အများကမူ ၂၀၁၅ ခု ကုန်ကာနီး လပိုင်းအတွင်း ကျင်းပနိုင်လိမ့်မည်ဟု ခန့်မှန်းကြပါသည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကတော့ အနှေးနှင့်အမြန် လာတော့မည်ဖြစ်သည်။

ယင်း ရွေးကောက်ပွဲပြီးနောက် နောက်ထပ် တက်လာမည့် အစိုးရအဖွဲ့သစ်အပေါ် မိမိတို့ပြည်သူများက ကြိုတင်ဝေဖန် အကဲခတ်သည့်အလုပ်ကို လုပ်နှင့်နေကြသည်ကိုလည်း တွေ့ရသည်။ အထူးသဖြင့် နောက်တက်လာသည့် အစိုးရသည် ၂၀၁၅ မတိုင်ခင်က အစပျိုးထားခဲ့သည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းများအပေါ် အောင်မြင်စွာ ဆက်လက်အကောင်အထည် ဖေါ်နိုင် မဖေါ်နိုင် ကြိုတင်ပြီး ဝေဖန် ဆန်းစစ်နေကြခြင်း ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် ထွက်လာသည့်အဖြေမှာ မသေချာ မရေရာ လှချေဟု ဆိုကြသည်။

အဘယ့်ကြောင့် မသေချာ မရေရာသည်ကို ဆန်းစစ်ကြည့်သည့်အခါ နောက်ထပ် တက်လာမည့် အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိက ဖြတ်သန်းကြရမည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းကြီးကို လုပ်နိုင်စွမ်းသည့် သို့မဟုတ် လုပ်ခွင့်ရှိသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစရာအကြောင်းမရှိဟု ရှုမြင်သူတချို့ကလည်း ရှိနေသည်။

တချို့ကဆိုလျှင် နောင် အစိုးရသစ်သက်တမ်း ငါးနှစ်အတွင်း လက်ရှိ ရရှိနေသည့်၊ လက်ရှိရောက်နေ သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေများထက် ဘာမျှ သိသာထင်ရှားသည့် တိုးတက်လုပ်ဆောင် နိုင်မှုများ မရရှိနိုင်ဘဲ ၂၀၁၀ ပြည့်နှစ်ကျော်သည်အထိ လက်ရှိအခြေအနေကို မဖြစ်ဖြစ်သည့်နည်းနှင့် ထိန်းသွား မည့် အစိုးရမျိုးသာ ပေါ်ပေါက်လာနိုင် သည်အထိ ခန့်မှန်းပြောဆိုနေသူများလည်း ရှိနေသည်။

သည်လို ခန့်မှန်းပြောဆိုသည့်အမြင်အပေါ် အခြေခံပြီး စဉ်းစားလျှင် ၂၀၁၅ ရွေးကောက်ပွဲ လွန်ကာလများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မပြောနှင့်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ကိုပင် မနည်းထိန်းကြရမည့်သဘော ဦးတည်နေသည်ဟု ဆိုရပါမည်။

အဘယ်ကြောင့်ဆိုသော် ပြည်သူလူကြီး တစ်ရပ်လုံး၏ ဆန္ဒအမှန်မှာ စစ်အာဏာရှင်များ စိတ်တိုင်းကျ ရေးဆွဲအတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် ဒီမိုကရေစီ နိုင်ငံတစ်ခု ထူထောင်ဖို့ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ဟု မြင်နေကြပြီး ပြည်သူတို့ကလည်း မရ ရသည့်နည်းဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထူးကြိုးပမ်းလာကြလိမ့်မည် ဖြစ်သည်။

ထိုအခါ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လိုလားသူ ပြည်သူတို့နှင့် အသွင်ကူးပြောင်းရေး မလိုလားသူ၊ သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေအရ သာလျှင် ခရီးဆက်ချင်သူများ ထိတ်တိုက်တွေ့ကာ တိုင်းပြည်မငြိမ်သက်နိုင်ဘူးဟူ၍ ရှုမြင်သူများက ရှုမြင်ကြပါသည်။

သည်လို ရှုမြင်သူများက ၂၀၀၈ ဖွဲ့စည်းပုံတွင်ပါရှိသည့် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉/စ အစရှိသော ဒီမိုကရေစီကို အဟန့်အတားဖြစ်စေသည့်ပုဒ်မများကို အလျင်အမြန်နှင့် မလွဲမသွေ ပြင်ဆင်မှ ဖြစ်မည်ဟု တစ်လျှောက်လုံး ယူဆထားသောကြောင့်ဖြစ်သည်။

တချိန်တည်းမှာပင် ယင်းပုဒ်မများကို မပြင်ဆင်ချင်ကြသူများသည် အမှန်တကယ်အားဖြင့် တိုင်းပြည်လူထု၏ မျက်နှာကိုမကြည့်ဘဲ လူတစ်စု၏ အကျိုးစီးပွား၊ လူတစ်စု၏ လုံခြုံရေးနှင့် ယင်းလူတစ်စုတို့ အာဏာကို တစ်မျိုးတစ်ဖုံ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေး၊ သို့မဟုတ် လူတစ်စု မျက်နှာကိုသာ ကြည့်ချင်ကြသူများသာဖြစ်သည်ဟု ယူဆသူများကလည်း ယူဆလာကြပါသည်။

သည်နေရာတွင် မိမိတို့အဖို့် အခြေအနေနှင့် အချိန်အခါအရ ဦးစွာပထမ စဉ်းစားရမည့် အချက်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် မိမိတို့ တိုင်းပြည်၌ အနှေးနှင့်အမြန် ပေါ်ပေါက်လာ လိမ့်မည်မှာ မလွဲဧကန်ဖြစ်သည်ဟူသော အချက်ကို အခြေခံအားဖြင့် စဉ်းစားရပါမည်။

ယင်းအချက်မှာ သမိုင်းက စီရင်ချက်ချထားပြီးဖြစ်သည့် သမိုင်းဆိုင်ရာ သီဝရီပင် ဖြစ်သည်။ သည်သီဝရီသည် သမိုင်းဆိုင်ရာ စီရင်ချက်ကို မည်သူမျှ ဟန့်တားဆန့်ကျင်လို့ ရနိုင်လိမ့်မည် မဟုတ်ချေ။ ကံကောင်းထောက်မစွာပင် ထိုသမိုင်းဆိုင်ရာ စီရင်ချက်မှာ မိမိတို့ပြည်သူများ၏ အန္တိမရည်မှန်းချက်နှင့်လည်း တစ်ထပ်တည်း ကျနေသည်။

ထို့ကြောင့် မိမိတို့သည် တိုင်းပြည်ရေရှည်တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရေး ကြိုးပမ်းကြရာ၌ မည်သည့်ဘက်ကို ဦးတည်စဉ်းစားပြီးမှ လုပ်ကိုင်ဖို့ သင့်သနည်း။ လူတစ်စု အတွက်လော၊ လူထုအတွက်လော။ ၂၀၁၅ ရွေးကောက်ပွဲအလွန် အစိုးရသစ်သည် လူထုဘက်သို့ မျက်နှာမူကောင်းရဲ့ဟုတော့ မျှော်လင့်ရပါကြောင်း တင်ပြလိုက်ပါသည်။


Credit - Mizzima News

No comments:

Post a Comment