Friday, May 29, 2015

လှေစီး ဒုက္ခသည်များကို တင်ဆောင်သည့် မြန်မာနိုင်ငံသားများကို တရားစွဲဆိုထား

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ဖမ်းဆီးမိသော လှေစီးဒုက္ခသည်များကို တင်ဆောင်လာသူများမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို တရားစွဲဆိုထားသည်ဟု လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေး ရခိုင်ပြည်နယ် တာဝန်ခံ ဒုရဲမှူး ကျော်ညွှန့်က မဇ္ဈိမကိုပြောသည်။

လှေစီးရွှေ့ပြောင်းသွားလာသူများကို တင်ဆောင်လာသည့် မြန်မာနိုင်ငံသား ၂၀ ဦးကို ဒုရဲမှူးကျော်ညွှန့်က တရားလိုပြုတိုင်ကြား ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၄/၃၇၁/၁၁၄ ဖြင့် အမှုဖွင့်အရေး ယူထားသည် ဟုဆိုသည်။

"လှေနှစ်စီးကိုမောင်းလာတဲ့ သူနှစ်ဆယ်က တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းဘက်က  ဖြစ်ပါတယ်၊ လှေပိုင်ရှင် တစ်ယောက်ကတော့ တနင်္သာရီ
ဘုတ်ပြင်းကဖြစ်ပြီး နောက်တစ်ယောက်ကတော့ ထိုင်းနိုင်ငံသားဖြစ်ပါတယ် သူတို့ကိုလည်း ဖမ်းဆီးနိုင်အောင် စီစဉ်နေပါတယ်"ဟု ဒုရဲမှူးကျော်ညွှန့်ကပြောသည်။

မေလ ၂၁ ရက်က မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ကမ်းရိုးတမ်းတွင် ဖမ်းဆီးမိသော လှေနှစ်စီးတွင် လူ ၂၂၈ ယောက်ပါဝင်ပြီး ရှစ်ဦးမှာ ကျောက်တော်မြို့နယ်တွင် နေထိုင်သူ ဘင်္ဂလီ ရှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာ၊ လှေမောင်းနင်သူ နှင့် လုပ်သား နှစ်ဆယ်ဦးတို့ပါဝင်သည်။

"ဒုက္ခသည် စခန်းတွေမှာ သူ့အဆက်နဲ့သူ ပွဲစားတွေလာဆက်တာရှိတယ်၊ တဆင့်ပြီး တဆင့်သွားကြတယ် ၊ကျွန်တော်ကြားတာက တစ်ယောက်ကို သိန်း နှစ်ဆယ်ပေးရတယ်လို့ကြားတယ်"ဟု စစ်တွေ ဒုက္ခသည် စခန်းခေါင်းဆောင် ဦးအောင်ဝင်းကပြောသည်။

သင်္ဘောများဖြင့် ပင်လယ်ပြင်မှ တဆင့် ထိုင်း၊ မလေးရှား နိုင်ငံများသို့ သွားလာနိုင်ရေးအတွက် ဘင်္ဂလားပင်လယ်အော်တွင် တင်ဆောင်မည့် သင်္ဘောကို ရပ်နားထားပြီး လှေငယ်များဖြင့် ထိုသင်္ဘောများသို့ သွားရောက် လိုက်ပါခြင်းဖြစ်သည်ဟု ဒုရဲမှူးကျော်ညွှန့်ကပြောသည်။

လိုက်ပါလာသည့် ရွှေ့ပြောင်းသူများအနက် ရှစ်ဦးကို စိစစ်၍  ကျောက်တော်မြို့နယ်သို့ ပို့ဆောင်ပေးပြီး ကျန်နှစ်ရာကို ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်က နိုင်ငံသားဖြစ်ကြောင်း အတည်ပြုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်နိုင်ရန် ထပ်မံ စိစစ်နေဆဲဖြစ်သည် ဟုဆိုသည်။


Credit - Mizzima News

No comments:

Post a Comment