Sunday, May 24, 2015

ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကျင်းပနိုင်ရန် ဆွေးနွေးမှုပြုလုပ်

ရန်ကုန်၊ မေ ၁၉

တိုင်းရင်းသား လူငယ်များအချင်းချင်း ပိုမိုစည်းလုံးကာ ပြဿနာများကို အတူတကွ အဖြေရှာရန် အပါအ၀င် ရည်ရွယ်ချက် ၅ ချက်ကို အခြေခံ၍ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ ကျင်းပနိုင်ရေးအတွက် အကြိုဆွေးနွေးပွဲ တစ်ရပ်ကို မေလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ကော်မတီမှ ကိုမင်းနှောင်ထောက မေလ ၁၉ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ယခုဆွေးနွေးပွဲမှာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုး ၁၆ မျိုးထဲမှ ကိုယ်စားလှယ် ၇၉ ဦး တက်ရောက်သော ပထမအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက် ရှမ်းပြည်နယ်
လားရှိုးမြို့တွင် ပြုလုပ်ခဲ့ကာ ကော်မတီဝင် ၃၈ ဦး ပါဝင်သည့် ဖြစ်မြောက်ရေး ကော်မတီဝင်များကို ယင်းဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ယင်းနောက် ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့ Orchid Hotel တွင် ထပ်မံ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဖြစ်မြောက်ရေး ကော်မတီဝင် ၃၈ ဦးစလုံး တက်ရောက်ခဲ့သည်။

““ညီလာခံ ဖြစ်မြောက်ဖို့အတွက် အဖွဲ့ဝင်အချင်းချင်း တာဝန်ခွဲဝေမှု ကော်မတီတွေ ဖွဲ့ပြီးတော့ ဘယ်လို တာဝန်တွေ ခွဲဝေကြမလဲ၊ ဘာတွေ လုပ်ကြမလဲဆိုပြီးတော့ ၁၇ ရက်၊ ၁၈ ရက်မှာ လုပ်တဲ့ အစည်းအဝေးမှာ ဆွေးနွေးကြတာပါ။ ညီလာခံမှာ ရည်ရွယ်ချက် ၅ ချက်ကို အခြေခံပြီးလုပ်မယ်။ ဆွေးနွေးမှု ရလဒ်ပေါ် မူတည်ပြီးတော့ဘဲ အစိုးရနဲ့က နောက်တစ်ပိုင်း သွားမှာပေါ့”” ဟု ညီလာခံ ဖြစ်မြောက်ရေး အမှုဆောင် ကော်မတီဝင် ကိုမင်းနှောင်ထောက ပြောသည်။

ညီလာခံပြုလုပ်မည့် ရည်ရွယ်ချက် ၅ ချက်မှာ တိုင်းရင်းသားအားလုံး ချစ်ကြည်ရင်းနှီးစွာ နေထိုင်ပြီး တိုင်းရင်းသားများကြားထဲ တွင် ဖြစ်နေသည့် ပြဿနာများကို အတူတူ ဖြေရှင်းကြရန်၊ တိုင်းရင်းသား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို တိုးတက်အောင်လုပ်ရန်၊ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မြှင့်တင်ကာကွယ်ရန်၊ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စများကို ဖြည့်ဆည်းအောင် တည်ဆောက်ရာတွင် တိုက်တွန်းရန်၊ အမျိုးသားနိုင်ငံရေးနှင့် မူဝါဒ ချမှတ်ရေးတွင် ပါဝင်ပြီး လူငယ်များ၏ ပါဝင်မှု တိုးတက်ရန်တို့ ဖြစ်သည်။

““ညီလာခံလုပ်ခြင်းအားဖြင့် အကျိုးကျေးဇူးကို မျှော်လင့်ထားတယ် ဆိုတာထက် ဖြစ်ကို ဖြစ်ရမယ်ပေါ့လေ။ တိုင်းရင်းသား အချင်းချင်းလည်း စည်းလုံးမှု ပိုရှိလာမယ်။ ဥပမာ-ပြဿနာတွေ ဖြေရှင်းတဲ့အခါကျရင် ကိုယ် တစ်ယောက်တည်း ဖြေရှင်းတာထက် တိုင်းရင်းသားတွေ ပူးပေါင်းပြီး ဖြေရှင်းတာ ပိုအဆင်ပြေတယ်””ဟု တိုင်းရင်းသား လူငယ်များ ညီလာခံ ပြင်ဆင်ရေး တာဝန်ခံ ရှမ်းတိုင်းရင်းသား ကိုစိုင်းဝမ်းလှိုင်က ပြောသည်။

အဆိုပါ ညီလာခံအကြို ဆွေးနွေးပွဲ ရလဒ်အဖြစ် အပြန်အလှန် နားလည်မှု လွဲမှားမှုများကြောင့် ဖြစ်နေသည့် စစ်ပွဲများ ရပ်တန့်ပေးရန်၊ လက်ရှိ ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများနှင့် အဖြေရှာပေးရန်နှင့် တိုင်းရင်းသားဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် စသည်ဖြင့် သဘောထား ကြေညာချက် တစ်ရပ်လည်း ထုတ်ပြန်ခဲ့သည်။

““တိုင်းရင်းသား ဒေသအသီးသီးမှာ ဖြစ်နေတဲ့ နိုင်ငံရေးတွေ၊ လူကုန်ကူးမှုတွေပေါ့။ အဲဒါတွေကို ကျွန်တော် တို့တွေက ညီလာခံတစ်ခုခေါ်ပြီးတော့ ဗဟိုချက်ထားပြီး အားလုံးပေါင်းပြီး ဘယ်လို ဖြေရှင်းရမလဲ ဆိုပြီးတော့ အချက်နဲ့လုပ်တာလေ””ဟု ညီလာခံကျင်းပရေး အမှုဆောင် ကော်မတီဝင် ရခိုင်တိုင်းရင်းသား ကိုကိုနိုင်က မြန်မာသံတော်ဆင့်သို့ပြောသည်။

ယုဖြူဟန်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment