မေလ ၂၅ ရက် ။ ။
မေလ ၂၁ ရက်နေ့က လှေစီးရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီ အယောက် ၂၀၀ ကျော်အား
လူမျိုးဘာသာမခွဲခြားပဲ စာနာစိုးရိမ် မှုဖြင့်မြန်မာ့ရေပိုင်နက်အတွင်း၌
ကယ်တင်ခဲ့ခြင်းအတွက် မြန်မာအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့အား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး
ဗီဂျေးနမ်ဘီးယားက အသိအမှတ်ပြု ချီးကျူး ပြောကြားလိုက်သည်။

မြန်မာ့တပ်မတော်က
ကယ်ဆယ်ထားသည့် ပင်လယ်ပြင်မှ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ်
မောင်တောမြို့နယ်အတွင်း အလယ်တန်းကျော်ရွာတွင် မေ ၂၃ရက်က တွေ့ရစဉ်။
(ဓာတ်ပုံ-အီးပီအေ)
မစ္စတာနမ်ဘီးယားသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စရေနာတာ ဒက်ဆာလီယန်အပါအ၀င် ကုလအကြီးတန်း ကိုယ်စားလှယ်များနှင့်အတူ မေ ၂၂ က ရခိုင်ပြည်နယ်သို့ သွားရောက် ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
အန်ဒမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသော လှေစီးဒုက္ခသည်အကျပ်အတည်းအပြင် ရခိုင်ပြည်နယ် ရှိ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍လည်း ၄င်းခရီးစဉ်အတွင်း ပါဝင်ကြောင်း ကုလပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။
မေလ ၂၁ ရက်နေ့က မြန်မာရေတပ်က ကယ်တင်လာခဲ့ပြီး မြန်မာအစိုးရ၊ ဒေသခံများနှင့် မြန်မာကြက်ခြေနီတို့ က အစားအစာ၊ ရေနှင့် ယာယီနေရာထိုင်ခင်းများ စီစဉ်ပေးခဲ့သည့် လှေစီးရွှေ့ပြောင်းအခြေချသူ ၂၀၀ ကျော်အနက် ၂၀၀ မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားလူငယ်များဖြစ်ပြီး ယင်းအနက် ၁၉ ဦးမှာ ၁၅နှစ်နှင့် ၁၇ နှစ် ကြားအရွယ် များဖြစ်သည်ဟု ကုလသမဂ္ဂ ကဆိုသည်။
ရခိုင်ခရီးစဉ်အတွင်း၌ ကုလကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းအပြင် ပြည်နယ်အစိုးရမှ အခြားကိုယ်စားလှယ်များနှင့် ပါတွေ့ ဆုံခဲ့သည်။
ထို့အပြင် လှေစီးရွှေ့ပြောင်းသွားလာသူများ၏ အခြေအနေကို ကြည့်ရှု စစ်ဆေးနိုင်ရန် အလယ်သန်ကျော်ရွာသို့လည်း သွားရောက်ခဲ့သေးသည်။
အလားတူ ပင်လယ်ပြင်တွင်း သောင်တင်နေသည့် နောက်ထပ် ရွှေ့ပြောင်းသူ အများအပြား ရှိနေနိုင်သေးသည်ဟု ယုံကြည်ရသဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်ကိုလည်း ကုလသမဂ္ဂက မြန်မာ အစိုးရကို တိုက်တွန်းထားသည်။
ခရီးစဉ်အတွင်း၌ ရွှေ့ပြောင်းအခြေချသူများအား လူကုန်ကူးခြင်း ဖြစ်စဉ်များသည် မြန်မာနိုင်ငံသာမက ဒေသဆိုင်ရာသို့ပါ ထိခိုက်စေကြောင်းကို နှစ်ဖက် ကိုယ်စား လှယ်များ ဆွေးနွေးခဲ့ကြသည်။
ဒေသတစ်ဝန်း ယင်းကဲ့သို့ ပြစ်မှုများကို ကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေသည့် ပွဲစားများနှင့် ရာဇ၀တ်ဂိုဏ်းများကို ပူးပေါင်းညှိနှိုင်းတိုက်ဖျက်ကြရန် လိုအပ်ကြောင်းလည်း သဘောတူခဲ့ကြသည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ မြန်မာအစိုးရအား အကူအညီပေးမည်ဟုလည်း ကုလက ကမ်းလှမ်းထားသည်။
လှေစီးရွှေ့ပြောင်းသွားလာသူများအရေးနှင့် လူကုန်ကူးမှုပြဿနာများ ဆွေးနွေးရန်နှင့် ဒေသဆိုင်ရာအဆင့် ပူးပေါင်း လှုပ်ရှားနိုင်မည့် နယ်မြေသတ်မှတ်နိုင်ရေးနှင့် ပတ်သက်၍မေ ၂၉ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် ဒေသလုံးဆိုင်ရာ အစည်းအဝေးသို့ မြန်မာအစိုးရက တက်ရောက်မည်ဟု ဆုံးဖြတ် လိုက်ခြင်း ကိုလည်း ကုလက ကြိုဆိုလိုက်သည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးသူများ (IDPs) ၏အခြေအနေတိုးတက်လာစေရန်ကြိုးပမ်းအနေဖြင့် IDPs များကိုနေရပ်ရင်းပြန်နိုင် ရန် စတင်ဆောင်ရွက်နေမှုများ၊ ၄င်းတို့၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် အစိုးရက ကူညီနေမှုများကိုလည်း ကုလက ကြိုဆို အသိအမှတ်ပြုကြောင်း ယနေ့ ထုတ်ပြန်ချက် အတွင်း ဖော်ပြထားသည်။
ယင်းသို့ တိုးတက်မှုများကို ကြိုဆိုသော်လည်း IDPs များနှင့် အခြားမွတ်စလင်များ ရင်ဆိုင်နေရသော လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ထားခြင်းနှင့် ခွဲခြားဆက်ဆံခံရမှုတို့နှင့် ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းရန်လည်း လိုအပ်နေသေးကြောင်း ထောက်ပြထားသည်။
ထို့ပြင် နိုင်ငံသားဖြစ်မှု စိစစ်အသိအမှတ်ပြုရေးလုပ်ငန်းစဉ်နှင့် အခွင့်အရေးများ တရားဝင်အသိအမှတ်ပြုရေးအတွက် ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံရှိ အခြားဒေသများ၌လည်း အဆောတလျင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟုလည်း အလေးအနက်ပြောသည်။
Credit - Mizzima News
No comments:
Post a Comment