နေပြည်တော် (မဇ္ဈိမ)။ ။ ဆက်သွယ်ရေး တာဝါတိုင်များ စိုက်နေဆဲဖြစ်၍
လက်ကိုင်ဖုန်းဖြင့် ပါတီဝင်အချင်းချင်း ဆက်သွယ်ရန် ခက်ခဲသည့် ဒေသများတွင်
ယခုကဲ့သို့ မိုးကြောင့် လမ်းပန်းဆက်သွယ်ရေးပါ ခက်ခဲလာသဖြင့် ထိုဒေသများရှိ
ပါတီဝင်များ အချင်းချင်း အဆက်အသွယ် မပြတ်ရေးကို အဓိကထားကာ
ဗဟိုညွှန်ကြားချက်များ အောက်ခြေအထိ ရောက်စေရန် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားလိုက်သည်။

“ဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက် မပြတ်အောင်လို့ ဘယ်လိုနည်းတွေနဲ့ လုပ်မလဲဆိုတာလည်း စဉ်းစားတယ်။ နောက်ဆုံး ကိုယ်တိုင် စာရွက်စာတမ်းတွေ သယ်သွားတဲ့နည်းကတော့ ရှိတာပေါ့။ ဆက်သွယ်ရေးကို မပြတ်သွားအောင် အဓိကထားပြီး လုပ်ရမယ်။ ဗဟိုက ညွှန်ကြားချက်တွေ ရွာတွေအထိ မရောက်ဘူးဆိုရင် တစ်ခါတလေ အလုပ်လုပ်ရတာ နည်းနည်းခက်ခဲတယ်” ဟု မေ ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာကြသော ကရင်ပြည်နယ်၊ သံတောင်မြို့ နယ်၊ လိပ်သိုရွာမှ NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောသည်။
၁၉၈၈ - ၈၉ ခုနှစ်တွင် သံတောင်ဒေသသို့ ရောက်ခဲ့ပြီး လာမည့် စည်းရုံးရေးကာလတွင် သွားနိုင်ရန် ကြိုးပမ်းမည်ဖြစ်သော်လည်း မိုးကျလာပြီဖြစ်၍ သွားလာရေး အဆင်မပြေပါက ရောက်မည်ဟု ကတိမပေးနိုင်ကြောင်း၊ လမ်းပန်းခက်ခဲခြင်းအပေါ် မသွားနိုင်၍ မဟုတ်ဘဲ ခရီးဖင့်ခြင်းဖြင့် အခြားဒေသတစ်ခု သွားနိုင်ရေးအတွက် လစ်ဟင်းမည်စိုးသောကြောင့်သာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရာသီဥတုကြောင့် သွားလာရေး ခက်ခဲခြင်း၊ လက်ကိုင်ဖုန်းလိုင်းများ မမိခြင်းတို့ကြောင့် အဖွဲ့ချုပ် ဗဟိုအဖွဲ့ချုပ်ဝင်များအကြား အချိတ်အဆက် မပြတ်ရေးအတွက် ၎င်းက “နယ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်စပ်မှု ရှိလား။ မိုးကျလာပြီဆိုတော့ သွားရလာရတာ ခက်တယ်။ အထူးသဖြင့် ရွာတွေကို သွားရတာခက်တယ်။ ရွာတွေနဲ့ အဆက်မပြတ်မှ ဖြစ်မယ်။ မိုးတွင်းမှာဆိုရင် ရွာဆက်လမ်းတွေဟာ တော်တော်ဆိုးတယ်။ အစတည်းကတော့ အဖွဲ့ ချုပ်(ဗဟို)ကနေ ညွှန်ကြားချက် ထုတ်ထားတယ်။ ရွာတွေမှာ မိုးတွင်း သွားရလာရခက်လို့ရှိရင် ရွာခံတွေမှာရှိတဲ့ အဖွဲ့ချုပ်ဝင်တွေကို တာဝန်ပေးထားဖို့ ညွှန်ကြားထားတယ်” ဟုလည်း သံတောင်ဒေသမှ NLD အဖွဲ့ဝင်တို့ကို ပြောခဲ့သည်။
“ညီညီညွတ်ညွတ်ရှိဖို့ပဲ၊ အားလုံးဟာ ညီညွှတ်နေရင် ဘာမှပြဿနာ မရှိဘူး။ အချင်းချင်း ကြားမှာ စကားများတာတွေ အငြင်းပွားတာတွေ ရှိလို့ရှိရင် အလုပ်က မဖြစ်ဘူး” ဟုလည်း ပြောကြားသည်။ လွှတ်တော်သို့ လေ့လာရေး ရောက်လာကြသည့် NLD အဖွဲ့ တွင် အမျိုးသမီးဦးရေ နည်းနေခြင်းအပေါ် “အမျိုးသမီးတွေ အင်အားနည်းတယ်၊ ဘာဖြစ်လို့ အမျိုးသမီး အင်အားနည်းရ တာလဲ။ အမျိုးသမီး အင်အား များလာအောင်လုပ်ရမယ်။ အမျိုးသမီးတွေနဲ့ လှုပ်ရှားမှ ဖြစ်မယ်။ ဒါမှ အမျိုးသမီးတွေ ဘက်ကလည်း ဘာလိုအပ်တယ် ဆိုတာကို တင်ပြလို့ ရမှာပေါ့” တိုင်တွန်းပြောကြားသည်။
Credit - Mizzima News
No comments:
Post a Comment