မန္တလေး (မဇ္ဈိမ)။ ။ မြို့နယ်အတွင်း နေထိုင်သော ပြည်သူလူထုများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများပြုလုပ်နိုင်ရန်နှင့်
မဲအလေအလွင့် မရှိစေရေးအတွက် မဲပေးနည်းများ အသိပညာ ပေးရန်
အောင်မြေသာစံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ
တွေ့ဆုံဆွေးနွေးပွဲကို ယင်းမြို့နယ် အဖွဲ့ချုပ်ရုံးတွင် မေလ ၂၅ ရက်
ညနေပိုင်းက ပြုလုပ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်
NLD မှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သော
ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများနှင့်
မှန်ကန်စွာ မဲပေးနိုင်ရန်အတွက် ဟောပြောပွဲများကို ရပ်ကွက်ကျေးရွာအလိုက်
ဇွန်လ ၁ ရက်မှ စတင်လုပ်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေးပွဲအား မေလ ၂၅ ရက်
ညနေ ၄ နာရီခွဲတွင် အောင်မြေသာစံမြို့နယ် NLD ရုံးတွင် ပြုလုပ်သည်။ (ဓာတ်ပုံ
- အောင်ကိုဦး၊ မဇ္ဈိမ)
အောင်မြေသာစံ မြို့နယ်၊ NLD အတွင်းရေးမှူး ဒေါ်မာမာဆွေက “ဒီနေ့ ဆွေးနွေးညှိနှိုင်းတာက ကျွန်မတို့ ပါတီဝင်တွေအနေနဲ့
ပြည်သူတွေ ဘာတွေလုပ်ပေးရမယ်။ ဘာတွေ အသိဉာဏ် ဖွင့်ပေးရမယ်ဆိုတာတွေပါ။ ပြည်သူအတော်များများက မဲပေးဖို့နဲ့ ပတ်သက်ပြီး ဘာမှမသိသေးဘူး။ ဒါကြောင့် မဲအလေအလွှင့်မရှိအောင် အသိပညာပေး ဟောပြောပွဲတွေ လုပ်သွားပါမယ်” ဟု မဇ္ဈိမကို ပြောသည်။
ညှိနှိုင်းဆွေးနွေးမှုများပြီးပါက ရပ်ကွက်များတွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အချက်အလက်များနှင့် မဲ မည်သို့ ပေးရမည်ကို ပိုစတာများ စိုက်ထူသွားမည်ဖြစ်ပြီး ဟောပြောပွဲများ ပြုလုပ်သွားမည်ဟုလည်း ဒေါ်မာမာဆွေက ဆိုသည်။
“ကျွန်မတို့က မဲကို ကိုယ့်အသိနဲ့ ရွေးချယ်ဆုံးဖြတ်ပြီး ပေးနိုင်အောင်လို့ ဟောပြောပွဲ လုပ်မှာပါ။ ပြည်သူကိုယ်တိုင် ကိုယ်ကြိုက်တာကို ဆုံးဖြတ်နိုင်အောင် လုပ်ပေးသွားမှာပါ” ဟု ဒေါ်မာမာဆွေက ပြောသည်။
အောင်မြေသာစံမြို့နုယ် NLD က မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများကို ဇွန်လ ၁ ရက်မှ စတင်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။
လက်ရှိတွင် ယင်းမြို့နယ်၌ မဲစာရင်း စိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းပြီးဖြစ်သည် ဟုလည်း အောင်မြေသာစံ မြို့နယ် NLD အတွင်းရေးမှူး ဒေါ်မာမာဆွေက ဆိုသည်။ အဆိုပါ အဖွဲ့က မဲစာရင်းများ ထွက်လာပါက စာရင်းတွင် ပါမပါ၊ ထပ်နေသည် စသည်များကို စစ်ဆေးသွားမည် ဖြစ်သည်။
အောင်မြေသာစံမြို့နယ်တွင် NLD ပါတီဝင် ၁,၇၀၀ ဦး ရှိပြီး ပါတီအောင်နိုင်ရေးအတွက် စည်ရုံးမှုများ ပြုလုပ်ရန် အဖွဲ့ချုပ်က ညွှန်ထားခြင်း မရှိသေးသောကြောင့် စည်းရုံးရေးများ မပြုလုပ်သေးသော်လည်း အရန်သင့်ဖြစ်စေရန် ပြင်ဆင်ထားသည်ဟုလည်း ဒေါ်မာမာဆွေက ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment