~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လာကပေါ် – သမ္မတကြီးကတော့နော် ကျွန်တော်တို့ တိုင်းရင်းသားအရေးကို အလွန်အလေးထားတာပဲ။
အောင်ကျော် – နောက်တာလား၊ ရွဲ့တာလား။
လာကပေါ် – မနောက်ရပါဗျာ။ မရွဲ့ရပါဗျာ။ ဟောဒီမှာ ပြီးခဲ့တဲ့ မေ ၁၈ရက် နိုင်ငံရေးပါတီတွေနဲ့ သမ္မတရန်ကုန် မှာ တွေ့ဆုံတဲ့ပွဲမှာ သူအထူးပြု ဆွေးနွေးလိုတဲ့ အချက် (၃)ချက်ရှိတယ်တဲ့။ နံပါတ်(၁)
ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆက်လက်တိုးတက် ဖြစ်ထွန်းနေရေးဆိုပဲဗျ။ ဒါတိုင်းရင်း သားတွေအရေး ပထမထားတယ် မဟုတ် လားဗျာ။
အောင်ကျော် – အဲဒီအချက်ကိုကြည့်ရင်တော့ ဟုတ်တာပေါ့။
လာကပေါ် – ဘာအချက်ကို ကြည့် ရင်တော့ မဟုတ်တာလဲ။…
အောင်ကျော် – ပြည်တွင်းငြိမ်းချမ်းရေးဟာ တိုင်းပြည်ပြဿနာ အတော်များများရဲ့ သော့ချက်ပဲလေဗျာ။ တိုင်း ပြည် မတည်ငြိမ်ရင် အဲဒီအစိုးရကိုတည်တည်ငြိမ် ငြိမ် အုပ်ချုပ်နိုင်တဲ့အစိုးရလို့ မခေါ်နိုင်ဘူးပေါ့။ နောက် မတည် ငြိမ်တဲ့ တိုင်းပြည်ကို ဘယ်ရင်းနှီးမြှုပ်နှံသူကမှ မလာချင်ဘူး။ မတည်ငြိမ်တဲ့ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်နိုင်ဘူးပေါ့။ အားလုံးဆက်စပ်နေ တာပဲ။
လာကပေါ် – အေးလေ။ အဲဒါကြောင့် ပဲတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် အခုအစိုးရက ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်တာ မဟုတ်ဘူးလား။
အောင်ကျော် – မှန်တယ်။ ဒါပေမဲ့ ဘယ်မူဘောင်ပေါ်ကနေ အကောင်အထည် ဖော်သလဲဆိုတဲ့အပေါ်လည်း မူတည်သေးတယ်။
လာကပေါ် – အင် သမ္မတ ဦးသိန်းစိန်က ဘယ်မူဘောင်အပေါ်မှာ အကောင်အထည်ဖော်နေလို့လဲ။
အောင်ကျော် – သူကလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင် အပေါ်မှာ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်နေတာ။ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ တပ်မတော်ကဆက်ပြီး ဦးဆောင်မှုနေရာရယူထား မယ်ဆိုတဲ့ အခြေခံအပေါ်ကနေ အကောင်အထည်ဖော်နေတာ။ တိုင်းပြည်ကို စစ်ဘုရင်တွေနဲ့ စစ်ဘုရင်ဟောင်းတွေကပဲ ဆက်အုပ်ချုပ်မယ်ဆိုတဲ့ မူဘောင်ကနေ အကောင်အထည်ဖော်နေတာ။ ဆိုတော့ ကဲ …အဲဒီ အတိုင်းဆို ငြိမ်းချမ်းရေးက အကောင်အထည် ပေါ်လာမှာလား။
လာကပေါ် – သူကတော့ ပထမအဆင့် တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ်ကြီး လက်မှတ်ထိုးကြမယ်။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကြီးလုပ်ပြီး အဖြေရှာကြ။ သူ့လက်ထက်မှာအဲဒီနိုင်ငံရေးဆွေး နွေးပွဲပေါ်ပေါက်အောင် လမ်းခင်းပေး သွားချင်တယ်။ အဲဒါကို အားလုံးက၀ိုင်း ထောက်ခံကြပါဆိုပြီး တစ်ချိန်လုံးပြောနေတာပဲဗျ။ တိုင်းရင်း သားတွေနဲ့ တွေ့တော့လည်းပြောတယ်။ နိုင်ငံရေးပါတီတွေနဲ့ တွေ့တော့လည်း အဲဒါ ပဲပြောတယ်။
အောင်ကျော် – အဲတော့ သူပြောတဲ့ဆီမှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်လက်မှတ် ထိုးနိုင်ရေး ၀ိုင်းအားပေးဖို့ဆိုတာ အဓိကအချက်ပဲ။ နိုင်ငံရေး ဆွေး နွေးပွဲဆိုတာ သူက စပဲစသွားချင်တယ်။ နောင်ဘယ် အချိန်ဆုံးဆုံးဆုံး ချင်တဲ့အချိန် ဆုံးဆိုတာမျိုး ဖြစ်မနေဘူးလား။
လာကပေါ် -ခင်ဗျားကတော့ အဆိုး ချည်းပဲ မြင်နေတော့တာပဲ။ ကောင်းပြီ။ ဒါဆိုခင်ဗျားကိုပဲ ပြန်မေးရတော့ မှာပဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် တိုင်းပြည်ကောင်းအောင် ဘာလုပ်ရမလဲ။
အောင်ကျော် – အခု နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်နေတာ တိုင်းရင်းသားတွေ အချင်းချင်း တန်းတူညီမျှ အခွင့်အရေး မရလို့။ ဒါကိုအားလုံးသိသလို အခုအားလုံး ကလက်ခံတယ်လည်းပြောနေကြပြီ။သမ္မတ ဦးသိန်းစိန် နဲ့ လွှတ်တော်ဘက်ကဆို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီးတောင် လူသိရှင်ကြား ပြောသေးတယ် မဟုတ်လား။ အဲဒီအတိုင်း ချက်ချင်းလက်ငင်း ဘာလို့ အကောင်အထည် မဖော် သလဲ။
လာကပေါ် – ဘယ်လို အကောင် အထည်ဖော်ရမှာလဲ။ ရှင်းစမ်းပါဦး။
အောင်ကျော် – အဓိက ကတော့ ဖွဲ့စည်းပုံကိုပြင်ပေါ့။ တစ်ပြိုင်နက်တည်း အစိုးရယန္တရား ဖွဲ့စည်းပုံတွေ၊ လွှတ် တော် ဖွဲ့စည်းပုံတွေ၊ တပ်မတော်ဖွဲ့စည်းပုံတွေကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပုံသဏ္ဌာန် ပြင်ပြပေါ့။
လာကပေါ် – အဲဒါလက်နက်ကိုင်တွေ အပါအ၀င်အားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကြီးတွေက ရလဒ်ပေါ် ထွက် လာတော့မှ ပြင်မယ်လို့ ပြောထားပြီးသားလေ။
အောင်ကျော် – အဓိက ပြဿနာက အဲဒါပဲ။ ရပ်ကွက်ထဲကစကားနဲ့ ပြောရင် အခု အစိုးရ၊ လွှတ်တော် တာဝန် ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ လုပ်ကိုင်ပြောဆို နေတာဟာ ပါးစပ်က ဘုရား ဘုရား၊လက်က ကားရား ကားရားဆိုတာမျိုး ဖြစ်နေတယ်။ ပါးစပ်ကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၊ လက်တွေ့မှာတော့ စစ်ဘုရင်နဲ့ စစ်ဘုရင်ဟောင်းတွေက အရာရာခြယ်လှယ်နိုင်တဲ့ တစ်ပြည် ထောင်စနစ်နဲ့ သွားနေတယ်။ နောက်လက်တွေ့လည်း မပြင်ဘူးဆိုတော့ ဘာအဓိပ္ပာယ်ရှိမလဲ။
လာကပေါ် – သြော် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီး ဖွဲ့စည်းပုံပြင်မယ်လေ။
အောင်ကျော် – လာကပေါ်ရယ်။ ပြည်တွင်းစစ်ဖြစ်တာ နှစ်ပေါင်း ၆၀ကျော် ၇၀နီးပါးရှိနေပြီ။တိုင်းရင်းသားတွေ ဘာလို ချင်သလဲဆိုတာ ပါးစပ်နဲ့ပြော၊ စာရွက်နဲ့ ပြော၊သေနတ်နဲ့လည်းပြောခဲ့ကြပြီ။ ဒီလိုပဲ ပြည်သူလူထုက လည်း ဒီမိုကရေစီလိုချင် တယ်ဆိုတာ ပါးစပ်နဲ့လည်းပြော၊ ထောင် ကျတန်းကျခံပြီးလည်းပြော၊ တိုက်ပြီးခိုက် ပြီးလည်း ပြောခဲ့ကြပြီ။ အဲဒီအတွက် နိုင်ငံရေးဆွေးနွေးပွဲတို့ ဘာတို့ စောင့်ပြီးမှ ပြင်စရာရှိ ပြင်ပေးမယ်ဆိုတာ အချိန်ဆွဲတဲ့ သဘော၊ တကယ်မပြုပြင်ချင်တဲ့ သဘော မဟုတ်ဘူးလား လဒူလေးရဲ့။
လာကပေါ် – ခင်ဗျားကတော့ အဆိုးမြင်လွန်းပါတယ်ဗျာ။
အောင်ကျော် -မထင်ဘူး။ အခုသမ္မတ ဦးသိန်းစိန် ပြောပြောနေတဲ့ နောင်လာ နောက်သားတွေအတွက် သူတို့ လက်ထက်မှာ ရေခံမြေခံ ကောင်းလေးတွေ ချပေးခဲ့ချင် တယ်ဆိုတဲ့စကား အကြိမ်ကြိမ်ပြောပါရော လား။
လာကပေါ် – ဟုတ်တယ်လေ။ တိုင်းသိပြည်သိ။ သမ္မတကြီးရဲ့ တကယ့်ရင်ထဲက စေတနာပေါ့။
အောင်ကျော် – အဲဒါကို ကျွန်တော်က အဲဒီ အဓိပ္ပာယ်အတိုင်း နောက်တစ်မျိုး ဘာသာပြန်ပြချင်တယ်။
လာကပေါ် – ဘယ်လိုများလဲ။
အောင်ကျော် – ကျွန်တော်တို့ လက်ထက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝမပြင်နိုင်ဘူး။ ဩကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလည်း ဆန္ဒရှိပေမယ့် အကောင် အထည်ဖော်မပေးနိုင်ဘူး။ နောင်အစိုးရသစ် တက်လာမှဆွေးနွေးပြီး အဆင် ပြေသလို ကြည့်ကျက်လုပ်ကြဗျာ။ နောင်လာ နောက်သားတွေအတွက် ကျွန်တော့် အမွေဟာ အဲဒါပါပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment