Sunday, May 24, 2015

၂၀၁၅ ရွေးကောက်ပွဲအပြီး အုပ်ချုပ်ရေးတွင် ပါဝင်နိုင်ရန် အတွင်းဝန်များ ခန့်ထားခြင်းဖြစ်

 ရန်ကုန်၊ မေ ၁၈

မြန်မာနိုင်ငံရှိ ၀န်ကြီးဌာန အသီးသီးတွင် အတွင်းဝန်၊ အမြဲတမ်း အတွင်းဝန်များ ခန့်အပ်ထားခြင်းသည် လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးကို ဆက်လက် ချုပ်ကိုင်နိုင်ရန်အတွက် ကြိုတင်စီစဉ် ဆောင်ရွက် ထားခြင်းသာ ဖြစ်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မေ ၁၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အတွင်းဝန်ဆိုသည်မှာ ပါလီမန်အတွင်းဝန်နှင့် အမြဲတမ်းအတွင်းဝန် ဟူ၍ နှစ်မျိုးရှိရာ အမြဲတမ်း အတွင်းဝန်သည် နိုင်ငံခြားရေး ၀န်ကြီးဌာနအတွက်သာ သီးသန့်ခန့်ထားခြင်းဖြစ်ပြီး
ပါလီမန်အတွင်းဝန်သည် ယခုအစိုးရ သက်တမ်း အတိုင်း ၅ နှစ်တစ်ကြိမ် ခန့်အပ်ခြင်း ခံထားရသူများဖြစ်သည်။ ၁၉၇၄ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အုပ်ချုပ်ရေး ဖွဲ့စည်းပုံအရ အတွင်းဝန်ထားရှိခြင်း စနစ်ကို ဖျက်သိမ်းခဲ့ပြီး ခေတ်အဆက်ဆက် အစိုးရပြောင်းလဲလာမှုမှ အတွင်းဝန်ရုံးများအစား ဦးစီးဌာနများ ပေါ်ပေါက်လာခဲ့ပြီး ယခု အစိုးရသစ် လက်ထက်တွင် အတွင်းဝန်များ ပြန်လည် ထားရှိခြင်းအတွက် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

““အရင်တုန်းက အတွင်းဝန်ဆိုတဲ့ ပုဂ္ဂိုလ်က ပဋိညာဉ်ဝန်ထမ်းတွေ၊ တကယ့်လုပ်သက်ရင့်တဲ့ ပုဂ္ဂိုလ်တွေ၊ အခု ခန့်ထားတဲ့အတွင်းဝန် ၈၀ ရာခိုင်နှုန်းက မိုးကျရွှေကိုယ်တွေပါ။ တပ်ကလာတဲ့လူတွေ၊ ဒီအတွင်းဝန်တွေနဲ့ ဟိုးအပေါ်က သမ္မတရုံး ၀န်ကြီးတွေက အချိတ်အဆက်ရှိတယ်။ ရွေးကောက်ပွဲမတိုင်ခင် အကြောင်းပြတာက ရွေးကောက်ပွဲပြီးတဲ့အခါ ၀န်ကြီး၊ ဒုဝန်ကြီးတွေ မလာခင်၊ မခန့်ခင်စပ်ကြား အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို ကိုင်ထားမလို့။ ရွေးကောက်ပွဲမှာ နိုင်ချင်နိုင်မယ်၊ ရှုံးချင်ရှုံးမယ်။ ဒါပေမဲ့နိုင်ရင် ဒီလူနဲ့ဆက်ပြီး သူတို့အုပ်ချုပ် ရေးကို ဆက်ပြီး တည်ဆောက်မယ်။ ရှုံးရင် ဒီလူတွေ ခန့်ထားခြင်းဖြင့် နောက်တက် လာမယ့် ရွေးကောက် တင်မြှောက်ခံရမယ့် ၀န်ကြီး၊ ဒု-၀န်ကြီးတွေကို လုပ်ငန်းဆောင်တာတွေမှာ နှောင့်နှေး ကြန့်ကြာအောင် ရည်ရွယ်တယ်လို့ ယူဆပါတယ်။ အခုအတွင်းဝန် ခန့်ထားတာက အဆင့်တစ်ဆင့်ထက် ပိုလာတဲ့ အတွက်ကြောင့် ပြည်သူအတွက် ဘာအကျိုးရှိသွားမလဲ။ မရှိပါဘူး””ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး က ပြောသည်။

မတ်လ ၃၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်တွင် အစိုးရအဖွဲ့အတွင်း အမြဲတမ်း အတွင်းဝန်ရာထူး ခန့်အပ်ခြင်းသည် ဥပဒေနှင့်မညီဘဲ ကြိုးနီစနစ်ကို ပိုမို အားကောင်းစေသည့် လုပ်ရပ်ဖြစ်ကြောင်း ကန့်ကွက် တင်ပြခဲ့ဖူးသည်။

ကန့်ကွက်မှုနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာကံဇော်က အမြဲတမ်းအတွင်းဝန်နှင့် အတွင်းဝန်ရာထူးများ ခန့်အပ်ခြင်းသည် ဥပဒေနှင့် ညီညွတ်ကြောင်း ရှင်းလင်းခဲ့ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူးများကို အမြဲတမ်း အတွင်းဝန်များ ခန့်အပ် တာဝန်ပေး သွားမည်ဖြစ်ပြီး အမြဲတမ်း အတွင်းဝန်များသည် မူလရရှိသည့် လစာအပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၆၀ နှင့် ၆၁ တို့အရ လစဉ်ချီးမြှင့်ငွေကျပ် ၂ သိန်းကို ထပ်မံခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ယင်းပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၂၇(က)အရ ပြည်ထောင်စု အစိုးရအနေဖြင့် ပြည်ထောင်စုဆိုင်ရာ ၀န်ထမ်း အဖွဲ့အစည်းများကို ဥပဒေနှင့်အညီ လိုအပ်သလို ဖွဲ့စည်းနိုင်ပြီး လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ် ပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

““အခုဝန်ကြီးဌာနတွေမှာ အတွင်းဝန်တွေ ခန့်ထားတာက သက်ဆိုင်ရာဝန်ကြီးတွေ ခေတ္တလစ်လပ်သွားရင် သူတို့ကို အစားထိုး တာဝန်ပေးဖို့ ခန့်ထားတာ။ အကယ်၍ လက်ရှိအစိုးရက ရွေးကောက်ပွဲမှာ မနိုင်ရင် နောင်တက်လာမယ့် အစိုးရသစ်က ခန့်အပ်မယ့် ၀န်ကြီးတွေ ရွေးချယ်မှုမှာ နှောင့်နှေးစေလိမ့်မယ်။ ဒါက အခုလက်ရှိအစိုးရက ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားတာ””ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညွှန်ကြားရေးမှူးချုပ်အဆင့်အထိ ခန့်အပ်ထားသော ပြည်ထောင်စု ဗဟိုအဆင့် ၁၀ ခု၊ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၃၆ ခုအနက် ၀န်ကြီးဌာန ၂၈ ခုတွင် အမြဲတမ်းအတွင်းဝန်များ ခန့်အပ်ခဲ့ပြီး ဧပြီလ အတွင်းက ပထမအကြိမ် ၀န်ကြီးဌာန ၁၄ ခုနှင့် ဗဟိုအဖွဲ့အစည်း ၂ ခုတို့တွင် အမြဲတမ်း အတွင်းဝန်များ ခန့်အပ်ခဲ့ကာ မေလ ၁ ရက်တွင် ၀န်ကြီးဌာန ၁၄ ခုအတွက် အတွင်းဝန် ၁၄ ဦးကို ထပ်မံခန့်အပ်ခဲ့သည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment