~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဘဦးအောင်သောင်းနှင့်အတူ မိမိတို့နှင့် မန္တလေးတိုင်း ကြံ့ခိုင်ရေး တာဝန်ရှိ သူများ မန္တလေးဘီယာ စက်ရုံတွင် နေ့လယ်စာထမင်း အတူစားကာ လုပ်ငန်း လမ်းညွှန်မှုများ ဆက်လက် ခံယူခဲ့ကြသည် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က မိမိတို့မြို့နယ်၏ နယ်မြေတာဝန်ခံ ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးအောင်သောင်း၏ သတင်းများက အခုတစ်လော သတင်း မီဒီယာများတွင် ထိပ်ဆုံး၌ နေရာယူလျက် ရှိနေခဲ့သည်။ ဒံပေါက်အရေး ၃ ပါးဟု ကလေးတွေ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသော အဘ ဦးအောင်သောင်း သတင်းများ ဖတ်မိကြားမိရင်း ကြံ့ခိုင်ရေး အသင်းကြီးတွင်
ဦးအောင်သောင်း ပေးအပ်သော တာဝန်ဝတ္တရားများအား နေ့ညမနား ထမ်းဆောင်ခဲ့သည်များကို ပြန်လည်အမှတ်ရ ရေးသားလိုက်ရသည်။ စက်မှု(၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း၏ ပေးအပ်သော တာဝန်များကိုလည်း ၁၀ နှစ်နီးပါး တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ ယခုမိမိပါတီနှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်း အချိန်ကာလများတွင် သတင်းကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည့် အချိန်တွင် မိမိတို့ မြန်မာသံတော်ဆင့်နှင့် ရန်ကုန်ရှိ အဘ၏နေအိမ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြရတာတွေလည်း ရှိခဲ့သည်။ မြို့နယ် နယ်မြေတာဝန်ခံဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်မှ ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင်၊ ဗဟိုအတွင်းရေးမှူး၊ ယခုဗဟိုအတိုင်ပင်ခံအဖြစ် အဆင့်ဆင့် တာဝန်ယူ ဆောင်ရွက်နေဆဲ ဖြစ်သည်။ အသင်းကြီး စတင်ဖွဲ့စည်းစဉ်မှစ၍ ယနေ့အချိန်အထိ မိမိတို့မြို့နယ်တွင် ပထမဦးဆုံး နယ်မြေတာဝန်ခံ ၀န်ကြီးအဖြစ် ဦးသန်းရွှေ (၀န်ကြီးချုပ်ရုံးဝန်ကြီး)၊ ဦးသိုက်ထွန်း (သစ်တော ဒုဝန်ကြီး)နှင့် ယခုဗဟိုအတိုင်ပင်ခံအဖြစ် တာဝန်ယူထားသည့် ဦးအောင်သောင်း (ယခင်စက်မှု ၁ ၀န်ကြီး) တို့က အဆက်ဆက် တာဝန်ယူခဲ့ကြ သည်။ နယ်မြေတာဝန်ခံ ၀န်ကြီးများထဲတွင် ထောက်ပံ့မှု အပေးဆုံး၊ တာဝန်ပေး အပ်မှု အများဆုံးနှင့် လုပ်ငန်းအောင်မြင်မှု အများဆုံး လုပ်ဆောင်နိုင်ခဲ့သည့် ၀န်ကြီး တစ်ဦးဖြစ်ခဲ့သည်။ တာဝန်ပေးအပ်သည့် အပိုင်းတွင် နေ့စဉ် သတင်းရ ယူမှုကို သူတာဝန်ယူခဲ့သည့် မြို့နယ် များအား အလေးထား ဆောင်ရွက်စေခဲ့ သည်။ နေ့စဉ်ရရှိခဲ့သည့်သတင်း၊ ဖြစ်ပေါ်ခဲ့သည့် သတင်းများကို ၎င်းထံသို့ အချိန်နှင့် တစ်ပြေးညီ နေ့စဉ်ပေး ပို့ ဆောင်ရွက်ခဲ့ကြရသည်။ အဘတာဝန်ယူသည့် ရန်ကုန်တိုင်းရှိ မြို့နယ်များဖြစ်သော တာမွေ၊ ဗဟန်း၊ ပန်းဘဲတန်း မြို့နယ်များတွင် သတင်းစုဆောင်းရေး အဖွဲ့များ ဖွဲ့စေလျက် နေ့စဉ် တစ်မြို့နယ်နှင့် တစ်မြို့နယ် အပြိုင်အဆိုင် ထူးခြားဖြစ်စဉ် သတင်းများ နေ့ စဉ် ပေးပို့ခဲ့ကြရသည်။ တာဝန်ပေးမှု အပိုင်းများသလောက် ထောက် ပံ့ ပေးအပ်မှု အပိုင်းတွင် လစဉ် ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့ သည်။ ဒါကြောင့် အဘဦးအောင်သောင်း တာဝန်ယူထားသည့် ဗဟန်း၊ တာမွေ၊ ပန်းဘဲတန်း ၃ မြို့နယ်အား အခြားမြို့နယ်များက ဂွတ်ရှယ် သူဌေးမြို့နယ် များဟု ခေါ်ဆိုခဲ့ကြသည်။ သူတို့ မြို့နယ်များကိုလည်း အဘ ဦးအောင်သောင်းလို ၀န်ကြီးမျိုး နယ်မြေတာဝန်ခံအဖြစ် တာဝန်ယူစေချင် ခဲ့ကြသည်။ မြို့နယ် အလုပ် အမှုဆောင်များကို လစဉ် ထောက်ပံ့ပေးခဲ့မှုအပြင် သတင်းတာဝန် ထမ်းဆောင် သူများကိုလည်း သီးသန့် ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ဒါကို မြို့နယ် အသင်းအတွင်းရေးမှူးအချို့က သတင်းအတွက်ပေးသည့်ငွေကို သူတို့ ပါဝေစုလစဉ် ခွဲဝေယူကြသည်။ မြို့နယ်များတွင် သတင်းအဖွဲ့များ ဖွဲ့ထားခဲ့ကြသော်လည်း နေ့ရောညပါ တာဝန်ယူလုပ်ကိုင်သူက သန်းမောင်နှင့် ကတုံး ၂ ဦးလောက်ပဲ ရှိသည်။ လကုန်လို့ ထောက်ပံ့ကြေး ထုတ်ပြီ ဆိုရင်တော့ သူ့အလိုလို ရောက်လာကြတော့သည်။ ဒါကလည်း မြို့နယ်တိုင်းလို လို ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပျက် နေကျ ဖြစ်သည်။ အခြားမြို့နယ်များက အားကျစရာ ပင်။ သူတာဝန်ယူခဲ့တဲ့ မြို့နယ် ၃ မြို့ နယ်ကို သယ်ပို့စရိတ် လစဉ် ထောက် ပံ့ကြေးများလည်း ပေးခဲ့သည်။ ““သယ်ပို့စရိတ်””ဆိုသည်က အမှတ်(၁)စက်မှု ၀န်ကြီး စက်ရုံများမှ ကုန်ပစ္စည်း သယ်ပို့သည့် ယာဉ်များတွင် ပြည်ခိုင်ဖြိုး အမည်ခံစာသား ကားတွင်တပ်၍ လမ်းကြောင်း ရှင်းသည့် သဘောဖြစ်သည်။ ရရှိသည့်ငွေများကို မြို့နယ် ၃ မြို့နယ်သို့ ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ၎င်းသယ်ပို့စရိတ်များသည် မြို့နယ်အချို့၏ အတွင်းရေးမှူးများ ဖွံ့ဖြိုးရေး ခေါင်းစဉ် ထဲသို့ ရောက်ရှိ သွားခဲ့ရပေသည်။ မြို့နယ်တိုင်းကိုတော့ မဆိုလိုပါ။
နေ့စဉ် ဆောင်ရွက်ခဲ့ရသည့် ရန်ကင်းမြို့နယ်ရှိ စက်မှု(၁)ရုံးသို့ တာမွေကြံ့ခိုင်ေ ရး ရုံးမှ စက်ဘီးစီး၍ မြို့နယ် (EC) ပိုးဟပ်ကြီး ဆိုသူနှင့်အတူ နေ့စဉ် သတင်း သွားပို့သည်ကို အမှတ်ရနေမိသည်။ မြို့နယ် ၃ မြို့နယ်မှ နေ့စဉ် ပို့ခဲ့သည့် သတင်းများကို နယ်မြေတာဝန်ခံဝန်ကြီးက ကက်ဘိနက် အစည်းအဝေးများတွင် တင်ပြနိုင်ခဲ့ပြီး အခြား သတင်းအဖွဲ့များထက်ပင် သတင်းလက်ဦးမှု ရယူနိုင်ခဲ့ သည်။ သတင်းရယူမှု၊ သတင်းထောက်လှမ်းမှု များနှင့် လည်း အမြဲသတိရှိ အလေးထားရန် လစဉ် အခါအားလျော်စွာ တွေ့ဆုံမှု ပြုလုပ်ခဲ့သည့်အခါတိုင်း အလေး အနက်မှာကြားလေ့ ရှိသည်။ ၎င်းတာဝန်ယူသည့် မြို့နယ် ၃ မြို့နယ်အား လှုပ်ရှားမှု တာဝန်များ ပေးအပ်ပြီးလျှင် တကယ်လုပ်မလုပ် နောက်ယောင်ခံ ထပ်ဆင့် သတင်းပြန်လိုက်သည့် အလေ့အထ အမြဲရှိခဲ့သည်။ အဘနှင့် တွေ့ဆုံစဉ် မသေချာမရေရာ ညာဖြီး၍ မရအောင် လည်း စေ့စပ်လွန်း လှသည်။ ထို့ကြောင့်လားမသိ အဘ ဦးအောင်သောင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလိုလား ခိုင်းစေသမျှကို အကုန်တာဝန်ယူ၍ လုပ်ဆောင်လေ့ ရှိကြောင်းလည်း ၎င်းနှင့်ခေတ်ပြိုင် လူကြီးအချို့ထံမှ ကြားသိခဲ့ရသည်။
ဝန်ကြီးဌာန ရန်ကုန်မှ နေပြည်တော် မပြောင်းရွှေ့ခင် ရန်ကင်းစက်မှု (၁)၀န်ကြီးရုံးတွင် လစဉ်မြို့နယ် ၃ မြို့နယ်နှင့် တွေ့ဆုံကာ စည်းရုံးရေး၊ စီးပွားရေး၊ လူမှုရေး၊ သတင်းရယူမှု ကိစ္စများအား လမ်းညွှန်မှုများပေး၊၍ ၎င်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့ အောင်မြင်စေရန် ထောက်ပံ့ မှုများစွာကိုလည်း မကြာခဏ ပေးအပ်လေ့ ရှိသည်။ စက်မှု(၁) ၀န်ကြီး ရုံး နေပြည်တော် ပြောင်းသွားပြီး နောက်ပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိ သည့်အခါတိုင်း မြို့နယ်ရုံးများတွင် အလှည့်ကျ တွေ့ဆုံ၍ လုပ်ငန်း လမ်းညွှန်မှု များ ပေးခဲ့ပြီး ဗဟန်းတက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ စက်မှု(၁)၀န်ကြီး ရန်ကုန် ရုံးခွဲ၌လည်းကောင်း၊ တစ်ခါတစ်ရံ သမိုင်းအင်းစိန် လမ်းမကြီးရှိ လှိုင်ရတနာမွန် အိမ်ရာတို့၌ အခါအားလျော်စွာ တွေ့ဆုံခဲ့ကြရသည်။ ၂၀၀၈ ခုနှစ် ၅ လပိုင်းတွင် နာဂစ် လေဘေးဖြစ်စဉ်က မိမိတို့မြို့နယ်သို့ လာရောက်၍ မယကရုံးတွင် ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များနှ င့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ လှူဒါန်းခြင်းများ ပြုလုပ်ခြင်းဖြင့် အခြေခံဥပဒေ အတည်ပြုရေးအတွက် များစွာ အထောက်အကူပြု စည်းရုံးနိုင်ခဲ့သည်။ နာဂစ်လေဘေး စည်းရုံးရေး လုပ်ငန်းများ ဆောင် ရွက်ခြင်းဖြင့် အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ခြင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါေ ရာင် တော်လှန်ရေး ကိစ္စရပ်များတွင် သတင်းလက်ဦးမှုများ ရယူစေပြီး ညင်သာချောမွေ့စွာ ပြီးဆုံးစေရန် ဆောင်ရွက် နိုင်ခဲ့ခြင်း၊ ၂၀၁၀ ရွေးကောက် ပွဲတွင် တွေ့ဆုံဆွေးနွေး လမ်းညွှန်မှုများ အကြိမ်ကြိမ်ပေး၍ သူတာဝန်ယူသည့် မြို့နယ်အချို့တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိအောင် ဆောင်ရွက် နိုင်ခဲ့ခြင်း များတို့ဖြစ်သည်။ အဘဦးအောင်သောင်းအနေနှင့် လုပ်ငန်းကိစ္စ အောင်မြင်ဖို့ သာ အဓိကဖြစ်သည်။ ဒါကြောင့် တာဝန်ယူခဲ့သည့် မြို့နယ်တိုင်း ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ ဆိုသလို မြို့နယ် အတွင်းရေးမှူးများကတော့ အထောက်အကူရရှိခဲ့၊ အကြိုက်တွေ့ စေခဲ့သည်။ သတင်းရယူမှု ကိစ္စများတွင်လည်း မိမိတို့အား တာဝန်ပေးအပ်မှုများစွာ ရှိခဲ့သည်။ နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများအား အဓိကထား၍ သတင်းရယူ ပေးပို့ခဲ့ကြပြီး နောက်ဆုံး အမေရိကန် စင်တာ စာကြည့်တိုက်သို့ အသင်းဝင်ကတ် ရရှိအောင် ပြုလုပ်၍ သတင်းရယူမှုများကို ပြုလုပ် ပေးခဲ့ရသည်။ သတင်းထောက်လှမ်းမှုနှင့် ပတ်သက်၍ သူတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က စစ်ဆင်ရေး တိုက်ပွဲများတွင် သတင်းလက်ဦးမှု ရရှိခဲ့မှုကြောင့် အောင်မြင်မှုများ ရရှိခဲ့ရပုံများကို မိမိတို့နှင့် တွေ့ဆုံသည့် အခါတိုင်း ဂုဏ်ယူစွာ ပြောဆိုလေ့ရှိသည်။ မိမိကြံ့ခိုင်ရေး ဗဟိုဌာနချုပ်မှ ဖွင့်လှစ်သည့် သတင်းစာပညာ သင်တန်း အမှတ်စဉ်(၈)တွင် သင်တန်း တာဝန်ရှိသူတစ်ဦးက မိမိသင်တန်း တက်ရောက်ခွင့် မရစေရန် မိမိနှင့် အမည်တူ တောင်ဒဂုံမြို့နယ်နေသူ တစ်ဦးအား အစားထိုးထားသဖြင့် သင်တန်း တက်ရောက်ခွင့် အခက်အခဲ တွေ့နေသည်ကို ဦးအောင်သောင်း သိရှိ၍ ကိုယ်ရေးအရာရှိ ဦးတိုးလုံအား ရန်ကုန်ရှိ ကြံ့ခိုင်ရေး ဌာနချုပ်သို့ ချက်ချင်းစေလွှတ်၍ မိမိတို့ တက်ရောက်နိုင်အောင် စီစဉ်ပေးခဲ့ခြင်းသည် တာဝန်ယူထားသည့် နယ်မြေ အတွက် သတင်းရယူမှု ကိစ္စများတွင် ဘယ်လောက်အထိ အလေးထားခဲ့သည်ကို ပေါ်လွင်စေခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အရေးအခင်း ကာလတွင်လည်း အရေးကြီးသည့် ကိစ္စရပ်များကို အဓိကနေရာမှ တာဝန်ယူ ဖြေရှင်းခဲ့ပြီး မိမိတို့အား မန္တလေးသို့ လေယာဉ်ဖြင့် နေ့ချင်းပြန်ခေါ်ယူ လမ်းညွှန် တာဝန်ပေးအပ်မှုများ ရှိခဲ့သည်။ ဗဟန်းအတွင်းရေးမှူး ကိုရဲ ကျော်သူရွှေ နှင့်အတူ မိမိတို့ ၂ ဦး အဲပုဂံလေယာဉ် ခရီးစဉ်ဖြင့် မန္တလေးသို့ သွားရောက်ခဲ့ကြရပြီး တံတားဦး လေဆိပ်သို့ စက်မှု(၁)ကားများဖြင့် လာကြိုကာ မန္တလေးဘီယာ စက်ရုံဝင်းအတွင်းရှိ ကနောင်ဧည့်ရိပ်သာတွင် တွေ့ဆုံကာ မိမိတို့နှင့်အတူ မန္တလေးရှိ ခရိုင်ကြံ့ခိုင်ရေး အတွင်းရေးမှူးများ၊ သတင်းတာဝန်ခံ ကိုအောင်ကျော်သာတို့ကို ရှေ့ဆက် လုပ်ဆောင်ရမည့် တာဝန်များအား လမ်းညွှန်မှုများ ပေးအပ်ခဲ့သည်။ မန္တလေးသို့အသွား အဲပုဂံ လေယာဉ်ပေါ်တွင် အဲဒီအချိန်က အ၀လွန်နေသည့် ဗဟန်း ကြံ့ခိုင်ရေး ကိုရဲကျော်သူရွှေ၏ လေယာဉ်ထိုင်ခုံနှင့် မချိမဆံ့ဖြစ်နေပုံအား လေယာဉ်ပေါ်ပါ ကမ္ဘာလှည့် ခရီးသည်တွေ တအံ့တသြဖြစ်၍ ပြုံးစေ့စေ့နှင့် ဓာတ်ပုံရိုက်သွား ကြသည်ကိုလည်း အမှတ်ရနေမိသည်။ အခု ဗဟန်းကြံ့ခိုင်ရေး အတွင်းရေးမှူး ကိုရဲကျော်သူရွှေနှင့် မန္တလေးတိုင်း ကြံ့ခိုင်ရေး သတင်းတာဝန်ခံ ကိုအောင်ကျော်သာ တို့သည်လည်း ကွယ်လွန် သွားကြပြီဖြစ်သည်။ ကိုအောင်ကျော်သာက အဘ ဦးအောင်သောင်းအား အဖေကြီးဟု ခေါ်ဆိုသည်ကိုလည်း ကြားခဲ့ရသဖြင့် အံ့သြနေမိသည်။ မန္တလေးတွင် ရှိနေစဉ် အဘ ဦးအောင်သောင်းနှင့်အတူ မိမိတို့နှင့် မန္တလေးတိုင်း ကြံ့ခိုင်ရေး တာဝန်ရှိသူများ မန္တလေးဘီယာ စက်ရုံရှိ ကနောင်ရိပ်သာတွင် နေ့လယ်စာထမင်း အတူစားကာ လုပ်ငန်းလမ်းညွှန်မှုများ ဆက်လက်ခံယူ ခဲ့ကြသည်။ ညနေပိုင်းတွင် စက်ရုံမှ လိုက်ပို့သည့်ကားဖြင့် မန္တလေး မဟာမြတ်မုနိ ဘုရားကြီးအား ဖူးမြော် ကြည်ညို၍ တံတားဦးလေဆိပ်သို့ ပြန်လည် ထွက်ခွာလာကာ အဲပုဂံ လေကြောင်းဖြင့် ရန်ကုန်သို့ ညပိုင်းတွင် ပြန်လည် ရောက်ရှိခဲ့သည်။ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး တာဝန်ရှိသူအား မှာကြားလိုက်သည့် လုပ်ငန်း လမ်းညွှန်မှုများ ပြန်လည်တင်ပြကာ အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြသည့် ကြံ့ခိုင်ရေးအသင်း၏ အင်အားစုများအား ပြန်လည် စုစည်းထားနိုင်ခဲ့သည်။ ရန်ကုန်မြို့ရှိ လူစည်ကားရာ လမ်းဆုံလမ်းခွ များတွင်လည်း နိုင်ငံရေး တန်ပြန် ဆန့်ကျင်ရေး တီရှပ်များ ၀တ်ဆင်၍ စာတန်းများ ဖြန့်ဝေခြင်း၊ ကြဲချခြင်း၊ မြန်မာ့နိုင်ငံရေး ၀င်ရောက်စွက်ဖက်သည်ဟု ဆိုသောသူများအား ရာဇသံပေးသည့် လှုံ့ဆော်စာများ ဖြန့်ဝေခြင်း လုပ်ငန်းများကိုလည်း မိမိတို့ ဆောင်ရွက် ခဲ့ကြရသည်။ ဖြစ်စဉ်တစ်ခုရှိခဲ့သည်။ ဒေါ်စုကြည် ဆန့်ကျင် ကတ်ထူ စာတန်းများ ခြင်းတောင်းထဲတွင် တိုင်စိုက်၍ တာမွေ(ယာယီ)ဈေးရှေ့ လူစည်ကားရာ ကျိုက္ကဆံလမ်းမပေါ် မိမိ တို့အဖွဲ့မှ ချထားခဲ့ရာ မြို့နယ်ရုံးသို့ သက်ဆိုင်ရာ နယ်မြေရပ်စည်းတစ်ဦးက စုတ်စုတ်ပြတ်ပြတ်နှင့် သူတောင်းစား မိန်းမကြီး တစ်ယောက်က ချထားခဲ့သည်ဟု မြို့နယ် အသင်းရုံးသို့ သတင်းပေးပို့ခဲ့ရာ မိမိတို့အဖွဲ့မှ ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရသည်။ အသင်းကြီးတွင် ပါဝင်ခဲ့စဉ်က ကြံ့ခိုင်ရေး ခရီးလမ်း တစ်လျှောက် နယ်မြေတာဝန်ခံ အဘ၀န်ကြီး ဦးအောင်သောင်း၏ ပေးအပ်သော တာဝန်ဝတ္တရားများကို ထမ်းဆောင်ခဲ့သူ တစ်ဦး၏ လှုပ်ရှားခဲ့ရသည်များကို ပြန်လည်တွေးဆ သတိတရနှင့် ရေးသားလိုက် ရလေသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald



No comments:
Post a Comment