Friday, January 2, 2015

လက်ပံတောင်းတောင်တွင် ဒေါ်ခင်ဝင်းအားသတ်သည့် တရားခံကို အရေးယူပေးရန်နှင့် သတ္တုတူးဖော်မှု ရပ်ဆိုင်းရန် မန္တလေးမြို့၌ ဒုတိယအကြိမ် ဆန္ဒပြ

လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ မန္တလေးမြို့၌ ဒုတိယအကြိမ် ဆန္ဒပြနေစဉ် (ဓာတ်ပုံ-အောင်သူ)
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ဒေသ တွင် ဒေါ်ခင်ဝင်းကို သတ်သူများအား ဥပဒေအရ အရေးယူပေးရန်နှင့် သတ္တုတူးဖော်ရေး အားလုံးရပ်ဆိုင်းထားရန် မန္တလေးတွင် ဇန်နဝါရီ ၁ ရက်က ဆန္ဒပြခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲတွင် မန္တလေးရှိ သံဃာတော်များ၊ ကျောင်းသားများ၊ နိုင်ငံရေးအင်အားစုများနှင့် တောင်သူများက ၃၅ လမ်းနှင့် ၈၅ လမ်းထောင့်ရှိ မြတောင်ကျောင်းတိုက်မှ ၃၅ လမ်းအတိုင်း ၇၈ လမ်းထိ၊ ထိုမှတစ်ဆင့် ၂၆ လမ်းမှ ၈၄လမ်းထိ၊ ထို့နောက် ၈၄ လမ်း အတိုင်း မြတောင်ကျောင်းတိုက်ရှေ့သို့ ပြန် လည်သွားရောက်ကာ နိုင်ငံတော်သီချင်းသီ ဆိုခဲ့ကြကြောင်း သိရသည်။

ထို့အပြင် လက်ပံတောင်းတောင်ဒေသတွင် ဒေါ်ခင်ဝင်းသေဆုံးခဲ့ရပြီး လူ ၄ဝ ခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော အာဏာပိုင်တို့၏ အကြမ်းဖက်မှုလုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း မန္တလေးနိုင်ငံရေး အင်အားစုအသီးသီးက ပူးတွဲသဘောထား ထုတ်ပြန်ခဲ့ပြီး ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မတီ အစီရင်ခံစာပါ အချက်များအတိုင်း တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ ဒေါ်ခင်ဝင်းအား သတ်ဖြတ်သူများအား ဥပဒေအရ အရေးယူပေးရန်၊ လျော်ကြေး ယူမထားသော မြေယာများကို အဓမ္မခြံခတ်ယူထားခြင်းကို ချက်ချင်းဖြုတ်သိမ်းပေးရန်၊ တိကျသေချာ ပြည့်စုံသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှု အစီရင်ခံစာ မထွက်သေးမီ သတ္တုတူးဖော်ရေး အားလုံးရပ်ဆိုင်းထားရန်၊ ဥပဒေနှင့်မညီဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

 

လက်ပံတောင်းတောင်တွင် ဒေါ်ခင်ဝင်းကိုသတ်သည့် တရားခံအား အရေးယူပေးရန်နှင့် သတ္တုတူးဖော်မှု ရပ်ဆိုင်းပေးရန် မန္တလေးမြို့၌ ဆန္ဒပြနေကြစဉ်

“ဝမ်ပေါင်က ပြည်သူအတွက် ဘယ်သူမှ အကျိုးမပေးဘူး။ ဦးပိုင်ကုမ္ပဏီကနေပဲ အကျိုးရှိသွားတယ်။ သက်သက်မဲ့ တောင်သူတွေဆီက လယ်လည်းသိမ်းသေးတယ်။ လယ်သမားတွေအပေါ်မှာ ပစ်သတ်လိုက်တယ်ဆိုတာ မလွန်လွန်းဘူးလား။ ဒါလုံးဝခံစားလို့ မရတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒါ ပြည်သူတွေအားလုံးမှာ တာဝန်ရှိပါတယ်။ ဒီကိစ္စမှာ လက်ရှိဦးသိန်းစိန်အစိုးရမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ သမ္မတကြီး အနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာအသံမှ မထွက်သေးဘူး။ သံဃာတော်တွေ မီးလောင်ဗုံးနဲ့ ပစ်တဲ့ကိစ္စလည်း အခုထိဘာမှ မသိရတော့ဘူး။ ခုချိန်ထိ လူသတ်မှုကို ဘာမှလုပ်မပေးသေးဘူး” ဟု ဆန္ဒပြရာတွင်ပါဝင်သူ ဒေါ်အမာနီက ဆိုသည်။

ဆန္ဒပြရန်အတွက် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ချမ်းအေးသာစံမြို့နယ် ရဲစခန်းသို့ အသိပေးအကြောင်းကြားစာ ပေး ပို့ခဲ့သော်လည်း စခန်းမှလက်ခံခဲ့ခြင်း မရှိကြောင်း ဆန္ဒပြခေါင်းဆောင် ဦးသိန်းအောင်မြင့်က ပြောကြားသည်။

လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်၍ အစိုးရနှင့် တရုတ်အစိုးရတို့က ဖြေရှင်းပေးရန် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က တရုတ်ကောင်စစ်ဝန်ရုံး အနီးတွင် ပထမအကြိမ် ဆန္ဒပြခဲ့ကြသည်။

Credit - Eleven Media Group

No comments:

Post a Comment