ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုဖြင့် အစိုးရပိုင် သတင်းစာတိုက် ၀န်ထမ်း ၃ ဦး ထောင်ဒဏ် အနှစ် ၄၀ စီ ချမှတ်ခံရ၊ တရားစွဲဆိုခံရသူ အရေအတွက်ကိုမူ ထုတ်ဖော်ပြော၍ မရကြောင်း သတင်းစာတိုက်မန်နေဂျာပြော
ရန်ကုန်၊ ဇန်န၀ါရီ ၁
ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ငွေစာရင်း ရှင်းတမ်းတွင် ငွေကျပ်သိန်း ၈၀၀၀ ကွာဟခဲ့သည့်အတွက် အလွဲသုံးစားမှုဖြင့်
အမှုဖွင့်စစ်ဆေး ခံရသည့် မြန်မာ့ အလင်း သတင်းစာတိုက်မှ ၀န်ထမ်း ၃ ဦးအား ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်အနှစ် ၄၀ ကျခံစေရန် ဒီဇင်ဘာလ ၃၀ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
ယခု ပြစ်ဒဏ် ချမှတ်ခံရသည့် သတင်းစာတိုက် ၀န်ထမ်း ၃ ဦးမှာ မြန်မာ့အလင်း သတင်းစာတိုက် (ရန်ကုန်)မှ မန်နေဂျာ ဦးထွန်းထွန်းလတ်၊ လက်ထောက်မန်နေဂျာ ဦးဝင်းမြင့်နှင့် ဦးကျော်မင်းဦးတို့ဖြစ်ပြီး အဆိုပါအမှုနှင့် ပတ်သက်၍ လူဦးရေမည်မျှ တရားစွဲဆိုခံရသည်ကို ထုတ်ဖော် ပြောကြား၍ မရကြောင်း မြန်မာ့အလင်း သတင်းစာတိုက် မန်နေဂျာ ဦးဇော်မင်းက ဇန်န၀ါရီလ ၁ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ကျွန်တော်တို့ တိတိကျကျကတော့ တရားရုံးမှာ စီရင်ချက် မိတ္တူ လျှောက်ထား တယ်။ မနက်ဖြန် ကျရင်တော့ တိတိကျကျ သိမယ်။ သောကြာနေ့ ရမယ်ပေါ့။ ရရင်တော့ အဲဒီအတိုင်း ပြောလို့ရပါတယ်။ လောလောဆယ် အခြေအနေ ကတော့ ဒီနေ့ထုတ် သတင်းစာထဲမှာ ဖော်ပြ ထားပေးပါတယ်။ တရားသူကြီး အမိန့်ချမှတ်တဲ့ စီရင်ချက် မိတ္တူရမှပဲ အသေးစိတ်သိရ မှာ။ ပြစ်မှုကျတော့ ပြစ်မှု ကြီး အမှတ် ၇၇/၂၀၁၁၊ ၇၈/၂၀၁၁၊ ၇၉/၂၀၁၁၊ ၈၀/၂၀၁၁ အဲဒီ ၄ ခုပေါ့။ တရားစွဲဆိုတာက ၃ ယောက်ပဲလားကျတော့ ကျွန်တော် ပြောဖို့က ပြောပိုင်ခွင့် မရှိပါဘူး။ အဲဒီလို ဖြစ်တာပေါ့””ဟု မြန်မာ့အလင်း သတင်းစာတိုက်မန်နေဂျာ ဦးဇော်မင်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။
အဆိုပါ အလွဲသုံးစားမှု ဖြစ်ပေါ်ချိန်က သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတွင် ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူ လုပ်ကိုင်နေသူမှာ ယခု သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းဖြစ်သည်။ အစိုးရသစ် လက်ထက်တွင် သာသနာရေး ဒုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေး ခံခဲ့ရပြီး ယခင် သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်ကို ငွေအလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုများဖြင့် ပုဒ်မတပ်၍ ရာထူးမှ ဖယ်ရှားခဲ့သည့် အချိန်တွင် ၎င်းအား သာသနာရေး ၀န်ကြီးအဖြစ် ခန့်အပ်ရန်အတွက် သမ္မတ ဦးသိန်းစိန်က လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
အလွဲသုံးစားမှုကြောင့် ဆုံးရှုံးခဲ့ရသည့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးမှု မရှိစေရန်အတွက် တရားခံ ၃ ဦး၏ နေအိမ်ကို ၀ရမ်းကပ် သိမ်းဆည်းထားပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် စီစဉ် ထားသည် ဟုလည်း သတင်းစာတိုက် မန်နေဂျာက ယခုကဲ့သို့ ပြောသည်။
““အိမ်တွေ ၀ရမ်းကပ်တာကျတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကိုင်တာပေါ့။ အနောက်ပိုင်းခရိုင်တို့၊ အရှေ့ပိုင်း ခရိုင်တို့ကပေါ့။ ဒါနဲ့ ပတ်သက်လို့ လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လုပ်မှာပါ။ တရားရုံးကနေ စီရင်ချက် မိတ္တူလျှောက်ပြီးတော့မှ ခုနက အိမ်ခြံမြေ ကိစ္စတွေကိုကျတော့ သက်ဆိုင်ရာခရိုင် ဥပဒေ အရာရှိကနေ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ဆက်ပြီး တင်ရမှာပေါ့။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကနေမှ ချိပ်ပိတ်တာတွေ၊ ၀ရမ်းကပ်တာတွေ ဆက်လုပ်မှာပေါ့။ နိုင်ငံတော် ဘဏ္ဍာငွေ အလွဲသုံးစား လုပ်တဲ့ ကိစ္စဆိုတော့ နောက်ပိုင်းကတော့ တရားရုံးကပဲ ဆက်လုပ်ရမယ့် ကိစ္စတွေပေါ့”” ဟု သတင်းစာတိုက် မန်နေဂျာ ဦးဇော်မင်းက ပြောသည်။
အဆိုပါ လာဘ်စားမှုများနှင့် ပတ်သက်၍ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံသို့ ဖုန်းဖြင့် ဇန်န၀ါရီလ ၁ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့ရာ သမ္မတခေါ်၍ သွားရောက်နေကြောင်း ဖုန်းကိုင် ဖြေဆိုသူက ပြန်လည် ဖြေကြား သည်။
ထို့ပြင်နေပြည်တော်ရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းရုံးချုပ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးနှင့် ဒုတိယ ညွှန်ကြားရေးမှူး(စီမံ) ဦးကျော်ဇင်စိုး၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးရဲတင့်တို့ထံ ထပ်မံ ဆက်သွယ် မေးမြန်းခဲ့ရာ အစည်းအဝေး တက်နေကြောင်းသာ ဖုန်းကိုင် ဖြေဆိုသူများက ဆိုသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက အစိုးရပိုင် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ကြော်ငြာ လုပ်ပိုင်ခွင့် ရရှိထားသည့် Heart Media မှ ကြေးမုံ သတင်းစာတွင် ကြော်ငြာငွေကြေး ကျန်ရှိမှု အတွက် သတင်းစာတိုက်တွင်း အရေးယူမှုအဖြစ် ဌာနတွင်း ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သေးသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment