ရန်ကုန်၊ ဒီဇင်ဘာ ၃၁
မြန်မာနိုင်ငံတွင် မြေယာသိမ်းဆည်းမှု ပြဿနာများနှင့် ပတ်သက်၍ မြေယာ လက်မဲ့ ဖြစ်နေသော တောင်သူ များကို ဥပဒေအရ ကာကွယ်ပေးနိုင်သော စနစ်တစ်ခု မထွက်ပေါ်မချင်း ထွန်တုံး တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပေါ် နေ ဦးမည်သာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ဦးကိုကိုကြီးက ဒီဇင်ဘာလ ၃၀ ရက်တွင် ပြောကြားသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းမ၌ ပြုလုပ်သော လယ်ယာမြေ ပြဿနာ ဖြေရှင်းရေး အကြံပြု စာတမ်းဖြစ်သည့် ““လယ်တောက အသံ””စာတမ်းအကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
သိမ်းဆည်းခံ မြေယာပြဿနာများကို ဖြေရှင်းရန် မြေယာဆိုင်ရာ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ ရေး ဆွဲ ပြဋ္ဌာန်းရာတွင် တောင်သူ လယ်သမား ကိုယ်စားလှယ်များ လွတ်လပ်သော တောင်သူ လယ်သမား အရေး ဆောင်ရွက်နေသူများ၊ လယ်ယာမြေနှင့် ပတ်သက်၍ ကျွမ်းကျင်သော ဥပဒေပညာရှင်များ ပါဝင် ဆွေးနွေး၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
““ဗဟုသုတ ချို့တဲ့တဲ့ တောင်သူတွေကို အသုံးချပြီး စီးပွားရေးသမားတွေ ကိုယ်ကျိုးရှာတဲ့ ကိစ္စမျိုးကို နိုင်ငံတော်က အရေးမယူတဲ့အခါ ခွင့်ပြု ထားသလို ဖြစ်နေတယ်။ လယ်ယာမြေတွေ သိမ်းပြီး အခြားလုပ်ငန်း လုပ်ဖို့ လျှောက်တယ်။ အကောင်အထည် မဖော်ရင် မူလပိုင်ရှင် ကို ပြန်ပေးရမယ် ဆိုပေမယ့် အမှုဖြစ်တဲ့ အခါကျမှ မူလ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်ပါမယ်ဆိုပြီး လုပ်ငန်းကို စတိသဘောနဲ့ ပြလိုက်တော့ အဲဒီလိုမျိုး ဥပဒေကို လက်တစ်လုံးခြား လုပ်တဲ့ကိစ္စနဲ့ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ဖြေရှင်းနိုင်မယ့် စနစ်တစ်ခု၊ ဥပဒေအရ မြေယာလက်မဲ့ ဖြစ်သွားတဲ့ တောင်သူတွေကို ကာကွယ်ပေးနိုင်တဲ့ စနစ်တစ်ခု မရှိမချင်း ဒီလိုမျိုး ဆန္ဒဖော်ထုတ်မှုတွေ၊ ထွန်တုံး တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာပါပဲ””ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။
ဆက်လက်၍ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေးရာဌာန)မှ ပြုစုထားသော လယ်တောက အသံဟူသော အကြံပြု စာတမ်းကို တောင်သူ လယ်သမားများ၏ နစ်နာဆုံးရှုံးမှုများ၊ လိုအပ်ချက်များနှင့် ဆန္ဒသဘောထား အစစ်အမှန်များကို ဖော်ထုတ် စုစည်းနိုင်ရန် ရည်ရွယ်၍ ပြုစုခဲ့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (လယ်ယာ စီးပွားနှင့် တောင်သူလယ်သမားရေးရာဌာန)မှ ဦးမျိုးသန်းက ပြောကြားသည်။
အဆိုပါ အကြံပြုစာတမ်းတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းထံ ရောက်ရှိလာသော အမှုဖြစ်စဉ် ၂၀၀၀ ကျော် မှ ၈၀၁ ခုကို ရွေးထုတ်ပြီး လေ့လာဆန်းစစ် ထားခြင်းဖြစ်ပြီး အစိုးရနှင့် သက်ဆိုင်သော ပြဿနာများမှာ အမှုဖြစ်စဉ် ၃၉၄ ခု၊ ၄၉ ရာခိုင်နှုန်းဖြင့် အများဆုံးရှိပြီး စစ်တပ်မှ သိမ်းဆည်းေ သာ ပြဿနာများမှာ အမှုဖြစ်စဉ် ၉၉ ခု၊ ၁၆ ရာခိုင်နှုန်းထိ ရှိသည်။
နိုင်ငံရေးစနစ် အပြောင်းအလဲသို့ သွားရာတွင် လယ်ယာမြေ ပြဿနာများမှာ ကြန့်ကြာမှုများ ဖြစ်လာ နိုင်စေ သဖြင့် လယ်ယာမြေ ပြဿနာနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရန် နှစ်ဖက်မျှ၍ ကြိုးစား လုပ်ဆောင်နေကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
““အဓိက က လယ်ယာမြေ ကိစ္စတွေနဲ့ လယ်သမားအရေးက ပေါ့ပေါ့တန်တန် ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး သွားချင်တဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲမှာ ဒီလယ်ယာမြေ ပြဿနာတွေက အစပြုပြီးတော့ ကြန့်ကြာနေတာမျိုး အများကြီး ဖြစ်စရာအကြောင်း ရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့က လယ်သမားကိစ္စနဲ့ လယ်မြေ ပြဿနာတွေကို မျက်ခြည်ပြတ်လို့ မရပါဘူး။ ဒီထဲမှာပဲ နှစ်မြှုပ်ဖြေရှင်း နေရင်လည်း စနစ်ပြောင်းဖို့၊ ဖွဲ့စည်းပုံ ပြောင်းဖို့ဆိုတာ အမီမလိုက်နိုင်ပါဘူး။ နှစ်ဖက်မျှအောင် ကြိုးစား နေပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် အားလုံးသော အကြောင်းအရာတွေက အာဏာကို ခဏတစ်ဖြုတ် ရယူထားတဲ့ သူတွေနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ သူတွေဆီက ယူသွားတာ များပါတယ်””ဟု ၎င်းက ပြောကြားသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေးရာ ဌာန)မှ ပြုစုထားသော ““လယ်တောကအသံ”” အကြံပြု စာတမ်းတွင် အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း)ကို ပြန်လည်ရုပ်သိမ်းပြီး တစ်မျိုးသားလုံး အကျိုးစီးပွားအတွက် ပြည်သူကို ဗဟိုပြုကာ အများပါဝင် ရေးဆွဲခွင့် ရှိသည့် ပုံသဏ္ဌာန်ဖြင့် ပြန်လည် ရေးဆွဲရန်နှင့် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ၊ မြေလွတ်မြေလပ် မြေပိုင်ဥပဒေ၊ နည်းဥပဒေများ၏ အားနည်းချက်များလို သုံးသပ်၍ ပြန် လည် ရေးဆွဲရန် အကြံပြုချက်များအဖြစ် ဖော်ပြထားသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment