~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်သူလူထုကြီးခင်ဗျာ။ ယခုအစိုးရရဲ့ လုပ်ဆောင်ချက်များဟာ ပြောရရင်တော့ သြချစရာ မကုန်နိုင်အောင်ပဲ ခင်ဗျ။ လင်းယုန်တို့ နိုင်ငံတွင်းမှာ ဖြစ်ပေါ် လျက်ရှိတဲ့ ပြဿနာ အရပ်ရပ်နဲ့
လူထုကြီးရဲ့ နှလုံးစိတ်ဝမ်း မချမ်းမြေ့ စရာ ဖြစ်ရပ် အသီးသီးဟာ ယခုအစိုးရရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းခြင်းနဲ့ အာဏာ ကိုယ်ကျိုး စီးပွားဖက်ခြင်း များကြောင့် ပိုမိုပြင်းထန်စွာ ဖြစ်ပေါ်နေလျက် ရှိတယ် မဟုတ်လားခင်ဗျာ။
(ဟုတ်တိုင်းမှန်ရာ ပြောတာပဲခင်ဗျ။ ဒါကို ဗြောင်ကွယ်ပြီး ငြင်းမနေကြ ပါနဲ့ခင်ဗျာ။ အားလုံးလည်း သိနေကြသမို့ မုန်လာဥ လုပ်လို့တော့ မရဘူးခင်ဗျ၊ ဟဲ ..ဟဲ)
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ အာဏာကိုယ်ကျိုးဖက်လို့ ဖြစ်ပေါ်နေ တဲ့ နိုင်ငံရဲ့ ပြဿနာရပ်များကို အမှန် တကယ် ပြေလည်စေနိုင်တဲ့ နည်းလမ်းများ အသုံးမပြုဘဲ နိုင်ငံရေး အောက်လမ်းနည်းများနဲ့ ဆောင်ရွက်ပုံများ ကတော့ ( ဟုတ်တိုင်းမှန်ရာ ပြောတာပဲခင်ဗျ။ မုန်လာဥတော့မလုပ်ပါနဲ့ခင်ဗျာ၊ ဟဲ ..ဟဲ) ပြောမဆုံးပေါင်ပဲ ခင်ဗျ။ အခြားကိစ္စရပ်များကို ထားပါဦးခင်ဗျာ။ ယခု ဦးသိန်းစိန်အစိုးရ တဖြစ်လဲ စစ်အရေခွံချွတ်အစိုးရရဲ့ လုပ်ရပ် တစ်ခုဖြစ်တဲ့ ကျောင်းသား အသင်းအဖွဲ့များ ဖွဲ့စည်းရေး ဆောင်ရွက်နေမှုကိုပဲ ကြည့်ပေါ့ခင်ဗျာ။
(မုန်လာဥဆိုလို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး အကြိမ်ကြိမ် အတည်ပြုပြောကြားခဲ့တဲ့ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ရဲ့ မုန်လာဥကိစ္စကို သတိရမိတယ်ခင်ဗျ။
လင်းယုန်တို့ရဲ့ မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းအပေါ် တရားလက်လွှတ် အပြုအမူ အမျိုးမျိုးနဲ့ မုန်လာဥ လုပ်နေပုံတွေကလည်း သြချစရာပဲခင်ဗျ။ ယခင်တစ်ပတ်က ပြန်ကြားရေးက ထုတ်ဝေတဲ့ သတင်းစာမှာ ထုတ်ပြန်ချက် ဆိုပြီး မုန်လာဥ လုပ်ပုံမျိုးလည်း ရှိသေးတယ်ခင်ဗျ။ ဒါက စကားမစပ် ပြောတာပါခင်ဗျ၊ ဟဲ ..ဟဲ)
အမျိုးသားပညာရေး ဥပဒေအပေါ် မကျေလည်မှုကစလို့ ကျောင်းသား သမဂ္ဂများဟာ မကြာမီကပဲ ဆန္ဒပြမှု တွေပြုလုပ်ခဲ့ပြီး ဒီကတစ်ဆင့် ၄ ပွင့်ဆိုင် တွေ့ဆုံရေးလို နိုင်ငံရေး ပြဿနာရပ်များ အပေါ်ပါ ပြေလည်အောင် ဖြေရှင်းပေးဖို့ ကျောင်းသား သမဂ္ဂများက တောင်းဆိုထားကြတယ် မဟုတ်လား ခင်ဗျာ။ နိုင်ငံတစ်ဝန်းမှာလည်း ကျောင်းသား သမဂ္ဂများရဲ့ ဆန္ဒပြမှုများက ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေတယ်ခင်ဗျ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၄)ရက်နေ့ကနေ နိုဝင်ဘာလ(၁၇)ရက်နေ့ ထိ ပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများရဲ့ သပိတ်မှောက်မှုနဲ့ ဒီသပိတ်မှောက်မှုကနေ ဖြစ်ပေါ်လာတဲ့ တောင်းဆိုချက်တွေကို ရက်ပေါင်း(၆၀) အတွင်း ဆောင် ရွက်ပေးဖို့ ကျောင်းသူထုရဲ့ အစိုးရကို ရာဇသံပေးထားမှုလည်း ရှိတယ်ခင်ဗျ။
ကျောင်းသားထုရဲ့ ဒီလှုပ်ရှားမှုတွေကို ရဟန်းသံဃာ လူထုတစ်ရပ်လုံး က သောင်းသောင်းဖြဖြ ထောက်ခံ အားပေး ထားတယ်ဆိုတာလည်း အားလုံး အသိပဲခင်ဗျ။
ကျောင်းသားသမဂ္ဂများရဲ့ဒီလှုပ်ရှားမှုဟာ သမ္မတ ဦးသိန်းစိန် အစိုးရတစ်ဖြစ်လဲ စစ်အရေခွံချွတ် အစိုးရပေါ် အတော် အကျပ်ရိုက်စေတဲ့ ပြဿနာတစ်ရပ် လို့ ပြောရရင်ဖြင့် မှားမယ် မထင်ဘူးခင်ဗျ။
မကြာမီရောက်ရှိတော့မယ့် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ လလယ်ပိုင်းဟာ ဆိုရင် ကျောင်းသားထုရဲ့ ရာဇသံ ဖြစ်တဲ့ ရက်ပေါင်း (၆၀) ပြည့်မြောက်တော့မယ့် ကာလ ဖြစ်တယ်ခင်ဗျ။ ဒီအချိန်ကာလမှာ သမ္မတ ဦးသိန်းစိန်ရဲ့ စစ်အရေခွံချွတ် အစိုးရဟာဆိုရင် ကျောင်းသား ထုရဲ့ တောင်းဆိုထားချက်တွေကို လိုက်လျောလေ မလား၊ ကျောင်း သားထုရဲ့ရာဇသံအပေါ် ဘယ်လိုဖြေရှင်းလေမလဲ ဆိုတာဟာဖြင့် အင်မတန် စိတ်ဝင်စားဖွယ် ကောင်းတဲ့ အခြေအနေပဲ ဖြစ်တယ်ခင်ဗျ။
ဒီကြားကာလအတွင်းမှာတော့ စစ်အရေခွံချွတ် အစိုးရဘက်က လုပ်ဆောင်လာမှုကို ကြည့်ရင် သိပ်တော့ မဟန်ပေဘူးခင်ဗျ။ လင်းယုန် တွေ့မြင်ယူဆမှုအရ ဆိုရင်တော့ သမ္မတ ဦးသိန်းစိန်ရဲ့ စစ်အရေခွံချွတ် အစိုးရဟာ ကျောင်းသားထုရဲ့ တောင်းဆိုထားမှုများကို မလိုက်လျောတဲ့အပြင် ရက်ပေါင်း (၆၀)ပြည့်ပြီး နောက်ဖြစ်ပေါ် လာမယ့် ကျောင်းသားထုရဲ့ လှုပ်ရှားမှုကို နိုင်ငံရေး အောက်လမ်းနည်းများသုံးလို့ တန်ပြန် တိုက်ခိုက်ဖို့ ပြင်ဆင်လျက် ရှိတယ်လို့ ဆိုရမယ်ခင်ဗျ။
လင်းယုန် အနေနဲ့ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ အဖြေက ရှင်းရှင်းလေးပါခင်ဗျာ။ ကျောင်းသားထုရဲ့ ရက်ပေါင်း (၆၀) ရာဇသံ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်ရဲ့ စစ်အရေခွံချွတ် အစိုးရ လက်ပါးစေများဖြစ်တဲ့ တက္ကသိုလ် အာဏာပိုင်များဟာ ပညာရေးဝန်ကြီးဌာန အစီအစဉ်နဲ့ ကျောင်းသားသမဂ္ဂ မဟုတ်တဲ့ ကျောင်းသား အဖွဲ့အစည်းများ ဖွဲ့စည်းမှုကို အင်တိုက်အားတိုက် အားသွန်ခွန်စိုက် အဆောတလျင် မြန်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက် လာတာ တွေ့ရတယ်ခင်ဗျ။
( ဒီအဆင်နဲ့ ဒီခွင်ပဲခင်ဗျာ။ မည်သို့မည်ပုံ မုန်လာဥ လုပ်၊ နိုင်ငံရေး အောက်လမ်းနည်း သုံးတော့မယ်ဆိုတာ သိသပေါ့ခင်ဗျ၊ ဟဲ ..ဟဲ)
ဒီလို ကျောင်းသားအသင်းအဖွဲ့တွေ ဖွဲ့စည်းပုံ ပြင်ဆင်တာကလည်း ရှိပြီးသား ကျောင်းသား သမဂ္ဂများကို အလေးမထားဘဲ ကျောင်း အာဏာပိုင်များက တစ်ဖက်သတ် လုပ်ဆောင်ချက်တွေနဲ့ ဖွဲ့စည်းလျက် ရှိနေတာပဲ ဖြစ်တယ်ခင်ဗျ။ သမ္မတ ဦးသိန်းစိန်ရဲ့ စစ်အရေခွံချွတ် အစိုးရက ကျောင်းသား ယူနီယံအဖွဲ့ (သို့မဟုတ်) ကျောင်းသားအသင်း အမည်နဲ့ ဖွဲ့စည်းလျက်ရှိတဲ့ ကျောင်းသားအဖွဲ့တွေကို ကျောင်းသား သမဂ္ဂများက ကန့်ကွက်လျက်ရှိပြီး တကယ်လို့ ကျောင်းသား အသင်းအဖွဲ့တွေ ဖွဲ့စည်းရင်လည်း ကျောင်းသား ကိုယ်စားလှယ်များနဲ့ ဆရာကိုယ်စားလှယ်များ ပါဝင်တဲ့ ကျောင်းတွင်း ရွေးကောက်ပွဲ ကော်မရှင်နဲ့ ရွေးကောက်ပြီး ဖွဲ့စည်းဖို့၊ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းများ ရေးဆွဲဖို့ စတဲ့အချက် ၅ ချက်ကို နိုင်ငံတစ်ဝန်း ဒေသ အသီးသီးက တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ပူးပေါင်းပြီး တောင်းဆို ထားကြတယ်ခင်ဗျ။ ဒါပေမဲ့လည်း သိတဲ့အတိုင်းပါပဲခင်ဗျာ။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆိုတာလိုပဲ အစကတည်းက နိုင်ငံရေး အောက်လမ်းနည်းမှာ အသုံးပြုဖို့ ရည်ရွယ်ချက်ရှိလေတော့ မျက်နှာ ပြောင်တိုက် ဖွဲ့ကြပေမပေါ့ခင်ဗျာ။ ဒါက သိပ်တော့ မထူးဆန်းလှဘူးပေါ့ ခင်ဗျာ။
ဒါနဲ့ ..ပြောရအုံးမယ် ခင်ဗျ။
မြန်မာနိုင်ငံသမိုင်းမှာ မော်ကွန်းအလီလီ ထိုးခဲ့တဲ့၊ သမိုင်းကြောင်း ဂုဏ်သိက္ခာ ကြီးမားလှတဲ့ ကျောင်းသား သမဂ္ဂများကို ကျောင်းသားများက ဖွဲ့စည်းထားနှင့် ရှိရဲ့သားနဲ့ ဒါကိုအသိအမှတ် မပြုဘဲ ကျောင်းသား ယူနီယံ၊ ကျောင်းသားအသင်း ဆိုတဲ့ နာမည်တစ်မျိုးနဲ့ ကျောင်းသားထုကြား စင်ပြိုင်အဖွဲ့အစည်း ပြုလုပ်နေကြ တာ မြင်တော့ မြန်မာ့နိုင်ငံရေး ဇာတ်လမ်းထဲက ဇာတ်ညွှန်း၊ ဇာတ်ကွက်တူတဲ့ အဖြစ်များကို သတိရမိတယ်ခင်ဗျ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းအာဏာရထားတဲ့ ဖဆပလ အစိုးရဟာ အာဏာငမ်းဖမ်း လာတဲ့အခါ ပြည်တွင်းအတိုက်အခံ အင်အားစုများကို အပြုတ်တိုက်ရေးမူကို ကိုင်စွဲ လာခဲ့တယ်ခင်ဗျ။ အထူးသဖြင့်တော့ အဲဒီအချိန်က လက်စောင်းထက်လှတဲ့ ဒုတိယ၀န်ကြီးချုပ် ဦးကျော်ငြိမ်းဟာ ဖဆပလအတွင်းမှာ သူ့ရဲ့ ဆိုရှယ်လစ်ပါတီ အင်အားကောင်းအောင် ဆောင်ရွက်ရင်း တစ်ဖက်ကလည်း ကျန်အတိုက်အခံများကို အပြုတ်တိုက်ရေးမူကို ခိုင်ခိုင်မာကိုင်စွဲ ဆောင်ရွက်တာပဲခင်ဗျ။ ဒီလိုအတိုက်အခံ အင်အားစုတွေကို တိုက်တဲ့ အခါမှာ လက်နက်ကိုင် အတိုက်အခံများကိုတော့ စစ်ရေးနည်းနဲ့ ချေမှုန်းဖြိုခွင်းမှု ပြုလုပ်ပြီး လက်နက်ကိုင် မဟုတ်တဲ့ ပြည်တွင်း အင်အားစုတွေကိုတော့ အင်အားစု ဖြိုခွဲနည်း၊ အာဏာသုံး ဖိနှိပ်နည်းတွေကို ဆောင်ရွက် တာပဲခင်ဗျ။ ဖဆပလ အစိုးရအတွင်းက အာဏာငမ်းဖမ်း နေမှုအတွက် အဓိက အတိုက်အခံ အင်အားစုကြီး တစ်ရပ်ကတော့ ကျောင်းသားထုပဲ ဖြစ်တယ်ခင်ဗျ။ ဒီတော့ ဦးကျော်ငြိမ်းတို့ဟာ ကျောင်းသားထုကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် ဖြိုခွင်းနိုင်ဖို့ ကြိုးပမ်းအားထုတ် လာကြတယ်ခင်ဗျ။
ဖဆပလ အစိုးရအတွင်းက အာဏာငမ်းဖမ်းနေသူများ အသုံးပြုတဲ့ နည်းကတော့ ကျောင်းသားထု အတွင်းက သမဂ္ဂအင်အားစုများဖြစ်တဲ့ တိုးတက်သော ကျောင်းသားအင်အားစုနဲ့ အပြိုင် သူတို့ရဲ့သြဇာခံ ကျောင်းသား အင်အားစု တစ်ရပ်ကို ဖွဲ့စည်းတာပဲ ဖြစ်တယ်ခင်ဗျ။ ၁၉၅၃ ခုနှစ်မှာ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ဟာ ကျောင်း သားအချို့ (တစ်ရာဦး)ကို ဆိုရှယ်လစ် နိုင်ငံရေးသင်တန်း ပို့ချပေးပြီးတော့ ဒီမိုကရက်တစ် ကျောင်းသားများ အဖွဲ့(DS) လို့ခေါ်တဲ့ ကျောင်းသားအဖွဲ့တွေကို ဖွဲ့စည်းစေတယ်ခင်ဗျ။ ထိုကျောင်းသားအဖွဲ့ဟာ ကျောင်းသားထု လှုပ်ရှားမှုတွေမှာ အာဏာပိုင် အစိုးရဘက်က ရပ်တည်ပြီး တိုးတက်သော ကျောင်းသား အင်အားစုများနဲ့ အတိုက်အခံ ဖြစ်လေ့ရှိတယ်၊ ကျောင်းသားထုရဲ့ လှုပ်ရှားမှုတွေကို မှေးမှိန်သွားအောင်၊ ကျောင်းသားသမဂ္ဂ အင်အားစုများဖြစ်တဲ့ တိုးတက်သော ကျောင်းသား အင်အားစုအဖွဲ့များ မှေးမှိန်သွားအောင် အစိုးရအဖွဲ့ သြဇာခံ ဆောင်ရွက်ကြတယ်ခင်ဗျ။ ဒီမိုက်ကရက်တစ် ကျောင်းသားများအဖွဲ့မှာ ပါဝင်သူ အများစု ဟာလည်း အစိုးရအာဏာပိုင် အရာရှိအရာခံ သားသမီးများနဲ့ မကင်းရာမကင်းကြောင်းများသာ ဖြစ်တယ်ခင်ဗျ။ ဒီတော့ ထိုကျောင်းသားအဖွဲ့ဟာ ကျောင်းသားထုနဲ့ ပြည်သူလူထုဘက်က ရပ်တည်မှု အလျှင်းမရှိခဲ့ဘဲ ၁၉၅၃ ခုနှစ် အောက်တိုဘာလ ကျောင်းတစ်လပိတ် အရေးတော်ပုံမှာ ကျောင်းသားထုကြား ပဋိပက္ခဖြစ်စေတဲ့ အထိ ကျောင်းသားထုကြား ပြိုကွဲမှုကို ဖြစ်စေခဲ့တယ်ခင်ဗျ။
သို့ပေမယ့်လည်း ပြည်သူလူထုကြီးခင်ဗျာ။ သမိုင်းကြောင်း ဂုဏ်သိက္ခာ ကြီးမားလှတဲ့ ကျောင်းသား သမဂ္ဂ များရဲ့ လှုပ်ရှားမှုများကိုတော့ မှေးမှိန် ယုတ်လျော့သွားအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ဘူးဆိုတာ သမိုင်းက သက်သေခံ နေပါတယ်ခင်ဗျ။
ယခုလည်း စစ်အရေခွံချွတ် အစိုးရများဟာ ကျောင်းသားထုအတွင်း သပ်လျှိုသွေးခွဲခြင်းနဲ့ ကျောင်းသား အင်အားစု ပြိုကွဲအောင်၊ ကျောင်းသားထု လှုပ်ရှားမှုများ မှေးမှိန်အားပျော့ ယုတ်လျော့အောင် ဆောင်ရွက်နေပြီ ဖြစ် ပါတယ်ခင်ဗျာ။
ကျောင်းသားထုကြီး ခင်ဗျာ။
ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ဒီအကျင့်ဉာဏ်အညစ်ကို ဂရုမပြုကြပါနဲ့ခင်ဗျာ။ စစ်မှန်တဲ့ ရပ်တည် ချက်များဖြင့် ကျောင်းသားထုနဲ့ ပြည်သူလူထု အရေးကို ဆောင်ရွက်နေကြတဲ့ ကျောင်းသား သမဂ္ဂများနောက် ရဟန်းရှင်လူ ပြည်သူလူထု တစ်ရပ်လုံး မားမားစွင့်စွင့် ရပ်တည်လျက်ရှိကြောင်း ပြောပါ့ရစေခင်ဗျာ။ ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုဗဟိန်းရဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံ သမိုင်းဝင်စကား ““မြင်းခွာ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်”” ဆိုတဲ့ စကားကိုသာ ရင်ထဲစွဲမြဲ ထားကြပါတော့ခင်ဗျာ။
(စစ်အရေခွံချွတ်အစိုးရ အဖွဲ့ဝင်များ ခင်ဗျာ။
လူကြီးမင်းတို့ရဲ့ ပလီပလာဉဏ် အညစ်ကလိန် ရှုပ်ဇာတ်အဆင်များက ဇာတ်ကွက်ရိုးလှပါရဲ့ခင်ဗျာ။ ဒီ့ထက် ဆန်းသစ်တာလေးများလား ကြံကြည့်ကြပါအုံးလား ခင်ဗျာ၊ ဟဲ ..ဟဲ ..ဟဲ)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment