Friday, January 2, 2015

လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းဖော်ထုတ်ရေး ကော်မတီတစ်ရပ် ၉၀ ကိုယ်စားလှယ်များ ဖွဲ့စည်းမည်

 ရန်ကုန်၊ ဒီဇင်ဘာ ၃၀

(၈၈၈၈)အရေးတော်ပုံ ကာလမှ စတင်ပြီး န၀တ၊ နအဖ အစိုးရ လက်ထက်ကာလအတွင်း ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားရန်အတွက် ၁၉၉၀ ရွေး ကောက်ခံ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) က ဦးဆောင်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်ရေး ကော်မတီကို၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်တွင် ဖွဲ့စည်းကာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ဒီဇင်ဘာ ၃၀ ရက်တွင် မြန်မာသံတော်ဆင့်ကို ပြောသည်။

ကော်မတီအနေဖြင့် (၈၈၈၈) အရေးတော်ပုံ ကာလမှ န၀တ၊ နအဖ အစိုးရ လက်ထက် ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ကိစ္စရပ်များကို တိကျ ခိုင်မာသည့် အထောက်အထား များဖြင့် တင်ပြနိုင်ရန် အချက်အလက်များကို ၃ နှစ်ကြာ စုဆောင်း၍ အစီရင်ခံစာ တစ်ရပ် ရေးဆွဲသွား မည်ဖြစ်သည်။

““လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျွန်တော်တို့ စုံစမ်းဖော်ထုတ်ပြီးတော့ တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုကို တင်ပြဖို့ပါပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကော်မရှင်တွေကို မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလမှာ ဘယ်လောက် အတိုင်းအတာအထိ ရက်ရက်စက်စက် လုပ်ခဲ့တယ်။ ပြည်သူတွေကို နစ်နာအောင် ဘယ်လောက်လုပ်ခဲ့တယ် ဆိုတာကို အစီရင်ခံစာတွေနဲ့ တင်ပြမှာ ဖြစ်တယ်””ဟု UNDO မှ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က မြန်မာသံတော်ဆင့်ကို ပြောသည်။

ကော်မတီကို ရပ်ကွက်၊ ကျေးရွာ စသည့် အောက်ခြေအဆင့်ထိ ဖွဲ့စည်းမည်ဖြစ်ကာ နိုင်ငံရေး အဖွဲ့အစည်းများ၊ ရွှေဝါရောင်နှင့် လက်ပံတောင်းတောင် အရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်များဖြင့် ဦးဆောင်ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်သည်။

လူ့အခွင့်အရေး အဆိုးရွားဆုံး ချိုးဖောက်မှုများအဖြစ် (၈၈၈၈) အရေးတော်ပုံ ကာလနှင့် ရွှေဝါရောင် တော်လှန်ရေး ကာလများအတွင်း သံဃာနှင့် ပြည်သူများကို ပစ်ခတ် သတ်ဖြတ်ခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များကို မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ခြင်း၊ ပြည်သူများကို အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ သတင်းမီဒီယာများကို ဖိနှိပ်ခြင်း၊ ကလေးစစ်သားစုဆောင်း ခြင်းနှင့် စစ်ဖြစ်ပွားရာ ဒေသရှိ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ခြင်းတို့မှာ ထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည်။

““အမှန်တော့ ဒီတာဝန်ကလူ့ အခွင့်အရေး ကော်မရှင် တာဝန်ဖြစ်တယ်။ အစိုးရကနေ ဒါတွေကို အသိ အမှတ်ပြုဖို့ လိုအပ်တဲ့အတွက် အစိုးရပိုင်းရဲ့ အသိအမှတ်ပြုမှုတွေ၊ ခံစားရသူအတွက် လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီးတော့ ကုစားမှုတွေ ဒါတွေ လိုအပ်နေတယ်။ အပြစ်ပေး အရေးယူဖို့ လိုအပ်တဲ့ သူတွေကို အရေးယူဖို့ လိုအပ်နေတယ်။ အဲဒါတွေကတော့ အခုချိန်ထိ အားနည်းနေတုန်းပါပဲ”” ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မြန်မာသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အစိုးရက လူ့အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း ပေးထားပြီး ဖြစ်သော်လည်း ယခင်စစ်အစိုးရ လက်ထက်အတွင်း အာဏာပိုင်များဘက်မှ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများနှင့် ပတ်သက်၍မူ စိစစ်ဖော်ထုတ် အရေးယူပေးခဲ့ခြင်း မရှိပေ။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment