Friday, January 2, 2015

လက်ပံတောင်းတောင်အရေး ဖြေရှင်းပေးရန် တက်ကြွလှုပ်ရှားသူများက မြို့တော်ခန်းမရှေ့ ဆန္ဒပြနေစဉ် တိုင်းဒေသကြီး တရားလွှတ်တော် အလံတိုင်တွင် မည်သူလုပ်ဆောင်မှန်းမသိဘဲ သုံးရောင်ခြယ်အလံ လွှင့်တင်မှုဖြစ်ပွား

လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ မန္တလေးမြို့၌ ဒုတိယအကြိမ် ဆန္ဒပြနေစဉ် (ဓာတ်ပုံ-အောင်သူ)



လက်ပံတောင်းတောင်အရေး ဖြေရှင်းပေးရန်နှင့် လက်ပံတောင်းတောင် ပဋိပက္ခတွင် အကြမ်းဖက်ဖြေရှင်းရန် ခိုင်းစေခဲ့သူအား ဖော်ထုတ်အရေးယူပေးရန် တက်ကြွလှုပ်ရှားသူများက ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် မြို့တော်ခန်းမရှေ့၌ ဆန္ဒပြ တောင်းဆိုမှုပြုလုပ်ခဲ့သည်။

ယင်းသို့ ဆန္ဒပြတောင်းဆိုသည့် ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင် တစ်ဦးချင်းက လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် အစိုးရအား တိုက်တွန်းဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အဖွဲ့စည်း ဖွံ့ဖြိုးရေးကွန်ရက် (မြန်မာနိုင်ငံ) အဖွဲ့ ဥက္ကဋ္ဌ ဘိုးတော်ခင်ဝင်းက လက်ပံတောင်း ပဋိပက္ခတွင် သေဆုံးခဲ့ရသည့် ဒေသခံတောင်သူ ဒေါ်ခင်ခင်ဝင်းအတွက် ဗိုလ်အောင်ကျော် တမ်းချင်းကဗျာ အမည်အား ဂုဏ်ပြုရွတ်ဆိုခဲ့ပြီးနောက် တိုင်းဒေသကြီး တရားလွှတ်တော် အလံတိုင်ထိပ်ရှိ အလံမှာ သုံးရောင်ခြယ်အလံအဖြစ် ပြောင်းလဲနေပြီဖြစ်ကြောင်း မီဒီယာများနှင့် လာရောက်ကြည့်ရှုသူများကို လက်ညှိုးထိုးညွှန်ပြ၍ ပြောကြားခဲ့သည်။

ယင်းသို့ သုံးရောင်ခြယ်အလံ ပြောင်းလဲမှုကို အများပြည်သူများ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး လက်ကိုင်ဖုန်းများ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါအလံအား တိုင်းဒေသကြီး တရားလွှတ်တော် တာဝန်ရှိသူများက နာရီဝက်ကျော်ကြာ အကြာတွင် ဖြုတ်ချခဲ့သည်။ ယင်းသို့ အလံတိုင်၌ သုံးရောင်ခြယ်အလံ ဖြစ်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး တရားရုံးတာဝန်ရှိသူများအား မီဒီယာများမှ သွားရောက်မေးမြန်းခဲ့ရာ တရားရုံးဝန်ထမ်းများက တာဝန်ရှိသူများ အစည်းဝေး လုပ်နေကြောင်းသာ ဖြေကြားခဲ့ပြီး တစ်စုံတစ်ရာ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

“တောင်သူတွေ မျက်ရည်ကျရတာကို ရင်ထဲမချိအောင် ခံစားရပါတယ်။ ကျွန်တော် တို့နိုင်ငံမှာရှိခဲ့တဲ့ အစိုးရတွေရဲ့ လွဲမှားတဲ့ မူဝါဒတွေကြောင့် ပြည်သူတွေမှာ အခုထိ မျက်ရည်မခန်းသေးဘူး။ အာဏာရှင်အစိုးရကို မဖယ်ရှားနိုင်သရွေ့ ကျွန်တော်တို့ဘဝတွေ လုံခြုံစိတ်ချမယ်လို့ မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့လယ်သမားတွေ လယ်တွေအသိမ်းခံရတယ်။ အသက်တွေ နုတ်ယူခံခဲ့ရတယ်။ ဒါဟာ နိုင်ငံတော်မှာရှိတဲ့ လူတစ်စုရဲ့ လွဲမှားတဲ့ အယူအဆတွေကြောင့်ပါ။ အဲဒါတွေကြောင့် တောင်သူမကြီး ဒေါ်ခင်ဝင်းဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်။ တာဝန်ကြောင့်သော်လည်းကောင်း ဘယ်လိုပုံစံမျိုးနဲ့ပဲလုပ်လုပ် လက်နက်မဲ့ပြည်သူ တစ်ယောက်ကို နဖူးကို သေနတ်နဲ့ပစ်တယ်ဆိုတာ ပြည်သူတွေကို စိန်ခေါ်လိုက်တာပါပဲ” ဟု တက်ကြွလှုပ်ရှားသူ ရဲဘော်ကြည်မင်းက ဆိုသည်။

Credit - Eleven Media Group


No comments:

Post a Comment