Friday, January 2, 2015

တရုတ်သံရုံးရှေ့ ဆန္ဒဖော်ထုတ်ပွဲခေါင်းဆောင် ၄ ဦးကို ပုဒ်မ ၇ ခုဖြင့် တရားစွဲထားသည့်အပြင် မြို့နယ် ၅ ခု၌ ပုဒ်မ ၁၈ ဖြင့် ထပ်မံအရေးယူသွားရန်ရှိ

 ရန်ကုန်၊ ဒီဇင်ဘာ ၃၁

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ မြို့တော် ခန်းမရှေ့မှ တရုတ်သံရုံးအထိလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူများထဲမှ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်နော် အုန်းလှနှင့် ဒေါ်စိန်ထွေးတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် မြို့ နယ် ၅ ခုမှ ထပ်မံအရေး ယူသွားရန်ရှိကြောင်း အလုံမြို့နယ်ရဲစခန်းမှ ရဲမှူးထွန်းရွှေက ဒီဇင်ဘာ ၃၁ ရက် တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လတ်တလောတွင် အဆိုပါဆန္ဒထုတ်ဖော်ပွဲမှ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်နော်အုန်းလှနှင့် ဒေါ်စိန်ထွေးတို့ ကို ပုဒ်မ ၇ ခုဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒဂုံမြို့နယ်တရားရုံးတွင် အချုပ်ရမန်ယူ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ၎င်းတို့အား နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ၀တ္တရားနှောင့်ယှက်မှု၊ ခြိမ်း ခြောက်မှု၊ စီတန်းလှည့် လည်ခွင့်ပုဒ်မ ၁၈ အပါအ၀င် ပုဒ်မ၇ခုဖြင့်အမှုဖွင့်အရေးယူထားသည်။…

““စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ခွင့်ပြုချက်မယူထားလို့ပါ။ သူတို့ဖြတ်သန်းသွားတဲ့ မြို့နယ်တွေကနေ အဆင့် ဆင့်အရေးယူ ထားတာပါ။ အခုမှ အမှုတွဲ တည်ဆောက်တုန်းရှိပါသေးတယ်။ အလုံ၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတားရှိမယ်။ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြစ်ပါတယ်။ စီတန်းလှည့်လည်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဒီမြို့နယ်ဖြတ်သန်းဖို့အတွက်ကို ခွင့်ပြုချက်ကို တရား ၀င် တောင်းခံထားခြင်း မရှိဘူးလေ။ အဲဒါကြောင့် ပုဒ်မ ၁၈နဲ့ ဖွင့်တာပါ””ဟု အလုံမြို့နယ်ရဲစခန်း ရဲမှူးထွန်း ရွှေ က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒထုတ်ဖော်ကြသူများက တရုတ် သံရုံးအတွင်းသို့ ၀င်ရောက်ရန်ကြိုးပမ်း စဉ် တာဝန်ရှိရဲများက ၀င်ရောက်ခွင့်မပြုဘဲ တားဆီးပိတ်ပင်ခဲ့ရာ ရဲများနှင့် ဆန္ဒထုတ်ဖော် သူများအကြား အချေ အတင်ဖြစ်ခဲ့ကြပြီး နောက်တစ်နေ့တွင် ကိုနေမျိုးဇင် အပါအ၀င် ၄ ဦးကို ပုဒ်မ ၇ ခုဖြင့် အရေးယူခဲ့ခြင်းဖြစ် သည်။ အဆိုပါ ၄ ဦးအတွက် ရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆောင်ရွက် ပေး သွားမည်ဖြစ်သည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment