ကရိန်နော်က ကချင်လွတ်လပ်ရေးခေါင်းဆောင် ဒူဝါကရိန်နော်၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း သက်သေအထောက် အထားပြနိုင်၍ ပြန်ရခြင်း . . . သစ်တောများ ပြုန်းတီးမှုကို အစားထိုးရန် ပုဂ္ဂလိက ကုမ္ပဏီဆိုသူ များအား မြေအသုံးချခွင့်များ ပေးအပ်ခဲ့ . . . သို့သော်လယ်မြေများပါ ကုမ္ပဏီလက်ထဲ ပါသွားသောအဖြစ်များ ရှိခဲ့သည်။ လယ်သမားများ လယ်မဲ့ယာမဲ့ ဘ၀ ရောက်သည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာ့နိုင်ငံရေးတွင် အကြီးမားဆုံး ပြဿနာမှာ အပစ်အခတ် ရပ်စဲရေးနှင့် မြေသိမ်းပြဿနာ များ ဖြေရှင်းရေး ဖြစ်သည်။ ပြည်သူလူထုသည် မည်သည့်ပါတီ အနိုင်ရပြီး မည်သူသမ္မတ ဖြစ်ပါစေဟူသော ဆန္ဒမရှိချေ။ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိပြီး အောက်ခြေ လူတန်းစား အလွှာအားလုံး အလုပ်အကိုင်ရရှိပြီး ကိုယ့်မြေ ကိုယ့်ရေပေါ်၌ အေးချမ်းစွာ လုပ်ကိုင် စားသောက်ရလျှင် ၀မ်းမြောက်ကြမည် ဖြစ်ပါသည်။
အပစ်အခတ် ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်သည် အစိုးရနှင့် တပ်မတော်အပေါ် တာဝန်ရှိသကဲ့သို့ မြေသိမ်း ပြဿနာများအရေး မှန်ကန်စွာ ဖြေရှင်းပေးရန် ကိစ္စကလည်း အစိုးရနှင့် တပ်မတော် အပေါ်မှာပင် တာဝန်ရှိနေသည်။ ပြဿနာ ဖြစ်လာတိုင်း ရဲတပ်ဖွဲ့နှင့် ဖြေရှင်းခြင်းသည် အဖြေကောင်း၊ ရလဒ်ကောင်း မရနိုင်ကြောင်း လက်ပံတောင်း ပြဿနာက သာဓကပြနေပြီ။ မိကျောင်းကန် ကိစ္စမျိုး၊ အားကစားကွင်း ပြန်လည် ရရှိရေး တောင်းဆိုမှု မျိုးကလည်း နေရာအနှံ့အပြား ရှိနေသည်။ မိမိတို့ စိတ်ထင်တိုင်း လုပ်ချင်သလို လုပ်ခဲ့သမျှ ဒီမိုကရေစီလမ်းတွင် အနှောင့်အယှက် အတားအဆီးများချည်း ဖြစ်နေရာ ပြဿနာသည် တောမီး လောင်သကဲ့သို့ ပျံ့နှံ့နေပြီ။ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရေး စဉ်းစားရင်း ဤပြဿနာများကို စိတ်ကောင်း စေတနာကောင်းဖြင့် ဖြေရှင်းနိုင်ကြလျှင် သားရွှေအိုးထမ်း တာ မြင်ရနိုင်ပေသည်။ ပြည်သူလူထုသည် အစိုးရကို လည်းကောင်း၊ တပ်မတော်ကိုလည်းကောင်း အမြဲတမ်း ဆန့်ကျင်နေကြခြင်း မဟုတ်ပေ။၎င်းင်းတို့နှင့် ထိစပ်တွေ့ဆုံရ သည့်အခါတိုင်း အစိုးရနှင့် တပ်၏ ကိုင်တွယ်ပုံ ငြင်သာပျော့ပျောင်းမှု၊ တရားမျှတမှုရှိလျှင် ၀မ်းသာ ရွှင်လန်း ကျေးဇူးတင်ကြမြဲဖြစ်ပါသည်။ သာဓကများပြရလျှင်-
၂၀၁၄ ခုနှစ် စာပေဟောပြောပွဲ ခရီးစဉ်များအဖြစ် ကချင်ပြည်နယ်၊ ရွှေကူမြို့၊ တောပုန်းရွာသို့ ရောက်သောအခါ ၎င်းတို့၏ တောပုန်း၊ တောင်ကုန်း၊ တူးချောင်းရွာ ၃ ရွာတို့ တစ်သက်လုံး လုပ်ကိုင် စားသောက်ခဲ့သော ““လယ်ပြင်ကြီး”” အမည်ရှိ လယ်တောများအား ကုမ္ပဏီက သိမ်းပိုက်ခဲ့၍ လက်လွတ် ခဲ့ကြရကြောင်း၊ လယ်သမားများက ထိုစဉ်က မြောက်ပိုင်း တိုင်းမှူးထံ မေတ္တာရပ်ခံစာကို လက်မှတ်ရေးထိုး တင်ပြခဲ့ကြကြောင်း၊ တိုင်းမှူးကိုယ်တိုင် လယ်တောရှိရာသို့ ဆင်းလာပြီး ဖြေရှင်းရာတွင် ကုမ္ပဏီကို အရှုံးပေးပြီး လယ်သမားများကို အနိုင်ပေးခဲ့ကြောင်း၊ အလုပ် မလုပ်ခဲ့ရသော နှစ်များအတွက် လျော်ကြေးငွေ လည်း ပေးစေခဲ့ကြောင်း၊ စာရွက် စာတမ်း အထောက်အထားများကို မိတ္တူကူးပြီး ဤစာရေးသူအား ပေးအပ်ခဲ့ကြသည်။ (ထိုတိုင်းမှူးကား ပါးရိုက် ကိစ္စ ပြောခဲ့သဖြင့် နာမည်ကြီးသူဖြစ်၏)
ယခုနှစ်တွင်လည်း မြစ်ကြီးနားသို့ စာရေးဆရာသမဂ္ဂ ကိစ္စဖြင့် သွားရောက်ရာ နာမည်ကျော် ကရိန်နော်ကိစ္စကို သိခွင့်ရခဲ့သည်။““ကရိန်နော်”” ဆိုသည်မှာ မြစ်ကြီးနားမြို့မှ မြစ်ဆုံသို့ သွားရာလမ်းတွင် လမ်းခွဲ တစ်ခုဖြင့် မြစ်ကမ်းနားသို့ ရောက်သည်။ ထိုမြစ်ကမ်းမှာ ကျောက်ဆောင် များ၊ ကျောက်ခဲ လွင်ပြင် များဖြင့် ပျော်မွေ့ဖွယ်ရာ ဖြစ်ရာ ရှေးကတည်း ကပင် ပျော်ပွဲစားစခန်း ဖြစ်ခဲ့သည်။ နောက်ပိုင်းမှာကား (၁၉၈၈ မတိုင်မီ) တပ်က အပိုင် သိမ်းခဲ့သည်ဟု သိရ၏။
ထိုအချိန်မှစပြီး ကရိန်နော်ကို ““အပန်းဖြေစခန်း””ဟုခေါ်ကာ ပျော်ရွှင်ဖွယ် အမျိုးမျိုး ထားပေးခဲ့သည်။ ခေါင် ရည် သောက်ပြီး အခြားဆက်စပ် ပျော်ရွှင်မှု အမျိုးမျိုးကို ဖန်တီးပေးခဲ့သည်။ စားသောက်ဆိုင် အမျိုးမျိုးကို နေရာ ချထားပေးခဲ့သည်။
ယခု ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှာကား အထက်ပါ ကရိန်နော်ကို မူလပိုင်ရှင်လက်သို့ အခမ်းအနားဖြင့် ပြန်လည် ပေးအပ်ခဲ့လေသည်။ စည်ပင်ပိုင် ဆိုင်ခန်းကျန်သေးသည်။ စည်ပင်ကလည်း ပြန်ပေးရန် စီစဉ်နေသည်ဟု သိရသည်။
““ကရိန်နော်””ကား မြေဧက ၄ ဧက နီးပါးမျှသာ ဖြစ်သော်လည်း မေခ၊ မလိခ မြစ်ဆုံမှဧရာဝတီ ဟူ၍ ဖြစ်ထွန်း ခဲ့သော ရေစီးကြောင်းတွင် ပထမဆုံး လှပမှုများ စုဝေးရာ အရပ်ဖြစ်၏။ တောင်ခြေများအနီး မြစ်ကွေ့ ကွေ့ တွင် ရေအောက်ရှိ ကျောက်ခဲလေးများ၊ ကျောက်ငါးလေးများကို ရေတွက် နိုင်လောက်အောင် ကြည်လင်လှ၏။ ကျောက်၏ အအေးဓာတ်၊ တော၏ အအေးဓာတ်၊ တောင်၏ အအေးဓာတ်များ ပေါင်းစပ် ထားသဖြင့် ဧရာဝတီ ရေကြည်ချမ်းမြ အစစ်ဖြစ်ပေသည်။ ကျောက်ပြန့်များက ကျယ်ဝန်းပြီး ရေကျသွား လျှင် ကျောက်ဆောင်များ ပေါ်လာတတ် ရာ ရေလယ်ကျောက်ဆောင်ရှိရာ ခြေဖြင့် သွားရသော စွန့်စားခန်းက လူငယ်များအား မြှူဆွယ် ခဲ့မြဲဖြစ်၏။
ထိုမြေကို ““ကရိန်နော်””ဟု ခေါ်ရခြင်း အကြောင်းကလည်း သမိုင်းကြီးမားပါသည်။ ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် မြေပြန့်တောင်တန်း စည်းလုံးမှု ရှိကြောင်း ပြသရန် ကချင် တောင်တန်းများထံ စည်းရုံးရေး ခရီးထွက်ခဲ့သည်။ ထိုခရီးစဉ်၌ မြစ်ကြီးနားမှ ၂၆မိုင်ကွာသော ““မန်စိန်”” ကျေးရွာတွင် ကချင်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲ၌ တက်ရောက်သော ကချင် ခေါင်းဆောင်များတွင် မြစ်ကြီးနားခရိုင်၊ မန်စိန်ရွာ၊ တန်ဖရဲရွာမှ ခေါင်းဆောင်လည်း ပါဝင်သည်။ အမည်မှာ ““ဒူဝါကရိန်နော်””ဖြစ်၏။ ဒူဝါဆိုသည်မှာ မြန်မာအခေါ်အရ မြို့စား၊ သူကြီး အဓိပ္ပာယ် ဖြစ်ပါသည်။ ထိုမြို့စားသူကြီး ပိုင်သောနယ်မြေကို ““ကရိန်နော်””ဟု ခေါ်ခြင်းဖြစ်၏။
မဆလအစိုးရ လက်ထက် ကရိန်နော်နယ်မြေကို တပ်က သိမ်းယူခဲ့ရာ ယခုအထိဆိုလျှင် နှစ်ပေါင်း ၄၀ ကျော် လောက်ပြီ။ ဒူဝါကရိန်နော်၏ ဆက်ခံသူ သားသမီး မြေးမြစ်များသည် ၎င်းတို့၏ ဘိုးဘွားပိုင်မြေ၊ လှပ ထူးခြားသော ကမ်းခြေကို မတရား သိမ်းဆည်း ခံခဲ့ရသော်လည်း ဘာမှမတတ်နိုင်ခဲ့ချေ။
ယခု ၂၀၁၀ နောက်ပိုင်း အစိုးရသစ် လက်ထက်၌ ရှေးက မတရား သိမ်းယူခဲ့သော မြေများကို ပြန်လည်ရယူ လိုကြောင်း တောင်းဆိုမှုများ တစ်စတစ်စ တိုးပွားလာသည်။ အောင်မြင်သည်က နည်းပြီး မအောင်မြင်သည်က များပါလိမ့်မည်။ ထိုနည်းပါးသော အောင်မြင်မှုများတွင် ဤကရိန်နော် အပါအ၀င်ဖြစ်၏။ ကချင်ပြည်နယ် အစိုးရ တွင် ““မြို့နယ် အထောက်အကူပြုအဖွဲ့””ဟူ၍ရှိသည်။ ၎င်းအဖွဲ့က ဤမြေအသုံးချမှုကိစ္စကို ကိုင်တွယ်ခဲ့ခြင်းဟု သိရ၏။ ဤ အဖွဲ့၏ ဆောင်ရွက်မှုအရ ကရိန်နော်ကို လူသိရှင်ကြား အခမ်းအနားဖြင့် ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်းဖြစ်၏။ အခမ်းအနား ခေါင်းစဉ်မှာ““တပ်မတော်မှ လွှဲပြောင်း စွန့်လွှတ်ပေးသော ကရိန်နော် အပန်းဖြေရိပ်သာမြေ အား ပြန်လည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား””ဟု နေ့စွဲနှင့်တကွ ဖော်ပြထားသည်။ ဓာတ်ပုံထဲ တွင် ရှေ့တန်းဝဲအစွန်လူမှာ အထောက်အကူပြု ဥက္ကဋ္ဌဖြစ်ပြီး အလယ်ရှိ ကချင်အမျိုးသမီးကြီးမှာ အသက် ၉၀ ကျော်ပြီဟု သိရသည်။ ကရိန်နော် ဆက်ခံသူများအဖြစ် နောက်တန်းတွင်လည်း တွေ့နိုင်ပါသည်။ ကရိန်နော်၏ အောင်ပွဲကို မြင်ရသောအခါ ၀မ်းသာရပါ၏။ သို့သော် မေးခွန်းများစွာ ရှိနေပါသေးသည်။ ၎င်းမှာ အခြားမဟုတ်ပါ။ ““ကရိန်နော်က ကချင်လွတ်လပ်ရေး ခေါင်းဆောင် ဒူဝါကရိန်နော်၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း သက်သေ အထောက်အထား ပြနိုင်၍ ပြန်ရခြင်းဖြစ်ရာ အခြားသာမန်လူများ၏ ပိုင်ဆိုင်မှုများကိုကား အလေးမထားဘူးလား””ဟူ၍ ဖြစ်သည်။
ထင်ရှားကျော်ကြားသော လူပုဂ္ဂိုလ်မို့ ပြန်ပေးရခြင်းဆိုလျှင် ထိုပုဂ္ဂိုလ်များအတွက် ၀မ်းသာရသော်လည်း အခြားဆင်းရဲသား နင်းပြားများထံမှ လက်လွတ်စပယ် ရယူခဲ့သော မြေများကိုမူ အရေးမစိုက် တော့ပြီလား။
ယခုလက်ငင်း ဖြစ်ပေါ်နေသော မြေယာပြဿနာများတွင် ပြန်တောင်းသူများဘက်မှ ဘယ်နှနှစ်ရှိပါပြီဟု ပြောနေခြင်းမှာ တရားမ၀င်ဘူးလား။ မြေပုံစသော အထောက်အထားများ မပြနိုင်လျှင် မခိုင်လုံဟု သတ်မှတ် မည်လား။
ဤစာရေးသူတို့ နှစ်ပေါင်း ၄၀ ကျော်နေလာသော ““၀ဂ္ဂီရိပ်သာ””ကို အတင်းအဓမ္မ သိမ်းစဉ်က သက်ဆိုင်ရာ တာဝန်ရှိသူ ၀န်ထမ်းတစ်ဦး၏ ရှင်းလင်းချက်တွင် ““နိုင်ငံတော်သည် မြေရှိသမျှပိုင်သည်၊ ပန်းအိုးထဲက မြေကိုပင် ပိုင်သည်””ဟု အနိုင်အထက် ပြောဆိုသွားဖူး၏။ ထိုသို့ မရအရ အပိုင်သိမ်းပေးသော သူများအားလုံး မြေကွက်၊ တိုက်ခန်း ၂ ခန်းမှ ၁၀ ခန်းအထိ လုပ်အားခရခဲ့ကြသည်။ မူလပိုင်ရှင်ဖြစ်ကြောင်း မြေပုံပြခဲ့ သော် လည်း ဂရုမစိုက်ကြပေ။ နောက်ဆုံး ““အင်အားသုံး”” ဖြိုခွင်းခဲ့ကြသည်။ လက်နက်ဖြင့် မသတ်စေကာမူ နှလုံး ထိခိုက်ပြီး သေဆုံးသူ တစ်ပတ်အတွင်း ၆ ဦးရှိခဲ့သည်။ လျော်ကြေးမရှိ။
ကချင်ပြည်နယ် အစိုးရ၏ ဆောင်ရွက်ချက်ကို မှတ်တမ်းတင်ရပါမည်။ ကချင်ပြည်နယ် အတွင်းမှာပင် ““နန်းခွင်”” ကျေးရွာကိစ္စကိုလည်း သိရှိခွင့် ရခဲ့ပါသေးသည်။
နန်းခွင်ဆိုသည်မှာ မိုးကောင်းနှင့် မြစ်ကြီးနားကြား ရွာငယ်လေးဖြစ်၏။ နန်းဆိုသည်မှာ နမ့် = ရေ ဟု အဓိပ္ပာယ်ရ၏။ ရှမ်းစကားဖြစ်ပါသည်။ ကချင်ပြည်နယ်သည် တောင်တန်းများ ၀န်းရံလျက်ရှိရာ တောင်ပေါ် မိုးများသည် မြေပြန့်သို့ စိမ့်၊ စမ်း၊ ချောင်းများအဖြစ် စီးဆင်းကြ၏။ ထိုရေနှင့်နီးသော ရွာများကို ရှမ်းဘာသာဖြင့် ““နမ့်တီး၊ နမ္မား၊ နန့်ခွင်”” စသည်ဖြင့် အမည်မှည့် ခဲ့ကြခြင်းဖြစ်သည်။
လက်နက်နှင့် ငြိမ်းချမ်းရေး လဲခဲ့သော မဟာကာလကြီးသည် ကချင်ပြည်နယ်အား ငြိမ်းချမ်းရေး ပေးခဲ့ပါ၏။ သို့သော် သစ်တောများ အားလုံးကို လဲလှယ်ပေးခဲ့ရသည်။ ကျောက်စိမ်းတွင်းများကို စိတ်ကြိုက် စက်ကြီး များဖြင့် ဖြိုခွင်းကာ တောင်ကိုအင်း ဖြစ်စေခဲ့သည်။ မြန်မာပြည်၏ နှလုံးသား ဧရာဝတီမြစ်ဆုံကိုပင် အကြိတ် အနယ်။ ၂၀၁၀ ၏ ကျေးဇူးဖြင့် ၅ နှစ်တာ ကာကွယ်နိုင်ခဲ့သည်။ (၂၀၁၆ မှာ စောင့်ကြည့်ကြရပါဦးမည်)
အထက်ပါ ဆုံးရှုံးမှုများတွင် လယ်သမားများ၏ လယ်မြေများလည်း ပါဝင်ခဲ့သည်။ နန်းခွင်လယ်သည် ပြဿနာတစ်ခု ဖြစ် သည်။ သစ်တောများ ပြုန်းတီးမှုကို အစားထိုးရန် ပုဂ္ဂလိက ကုမ္ပဏီ ဆိုသူများအား မြေအသုံးချခွင့်များ ပေးအပ်ခဲ့၏။ သဘောတရားအရ မှန်ကန်ပါသည်။ ပျက်အစဉ်၊ ပြင်ခဏပေပဲ။ သို့သော် လယ်မြေများပါ ကုမ္ပဏီလက်ထဲ ပါသွားသော အဖြစ်များ ရှိခဲ့သည်။ လယ်သမားများ လယ်မဲ့ယာမဲ့ ဘ၀ ရောက်သည်။
မြေပြန်တောင်းပွဲ အများအပြားတွင် နန်းခွင်ပွဲသည် မျှတမှု ရှိကြောင်း မြင်ရ၏။ လယ်သမားများက သူတို့ပိုင် မြေဧက ၄၀၀ ပြန်လည် ရရှိလိုကြောင်း တောင်း ဆိုသည်။ ကုမ္ပဏီက ၂၀၀ ပြန်ပေးရန် သဘောတူသည်။ ဤအခါ မြို့နယ် အထောက်အကူပြုအဖွဲ့က ကြားဝင် ဖျန်ဖြေပြီး ၄၀၀ နှင့် ၂၀၀ ကို ကြားချကာ ၃၀၀ ဆုံးဖြတ် ပေးခဲ့သည်။ နှစ်ဖက်လုံး ကျေနပ် ခဲ့ကြသည်။
ယခုဖော်ပြခဲ့သော ရွှေကူက လယ်ပြင်ကြီး၊ နန်းခွင်က လယ်တောနှင့်၊ နာမည်ကျော် ကရိန်နော်တို့ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံသူများ နမူနာ ယူကြလျှင် အဘယ်မျှ ကောင်းမည်နည်း။
လူပင် သေသော်လည်း နာမည်မသေစေနှင့် ဟူသော မြန်မာရှေးလူကြီးများ၏ ဆုံးမစကားကို နားထောင်ကြ လျှင် ဘယ်မျှ အကျိုးရှိ လိုက်မည်လဲ။
မိမိလုပ်ပိုင်ခွင့်ရှိစဉ် သတ္တ၀ါအများကို မေတ္တာထားလျက် အမှန်အကန် ဆုံးဖြတ်နိုင်ကြမည် ဆိုလျှင် မြန်မာပြည် ကြွယ်ဝသော ဘ၀ရောက်ရုံမက ဘယ်မျှငြိမ်းချမ်းသာယာ လိုက်မည်လဲ။
ဒီမိုကရေစီတွေ ဘာတွေနားမလည်ပါ။ ကိုယ့်လယ်လေး ကိုယ်ထွန်ယက်နေရစဉ် ယမ်းငွေ့တွေမလာ၊ သေနတ်သံ မကြား၊ ကြက်တွန်သံဖြင့်သာ နေချင်ရှာသူတို့ လယ်သမားများဘ၀ ထာဝရ စိတ်အေးချင်ရှာကြ ပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment