![]() |
အပျက်အစီးများရှာဖွေတွေ့ရှိသည့်နေရာပြမြေပုံ |
အဲအေးရှား လေယာဉ် ခရီးစဉ်အမှတ် QZ8501ကို လိုက်လံရှာဖွေနေသည့် အင်ဒိုနီးရှား စစ်သင်္ဘော တစ်စီးသည် လေယာဉ်ပျက်မှ ရုပ်အလောင်း (၄၀)ကျော်ကို ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
လေယာဉ်ပျောက်ဆုံးပြီး တတိယနေ့၊ ဒီဇင်ဘာ ၃၀ တွင် လေယာဉ်ပျက်မှဟု အခိုင်အမာ ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများကို စတင် တွေ့ရှိလာပြီ ဖြစ်သည်။
“ရေတပ်ရဲ့ ရေဒီယိုကနေတစ်ဆင့် အဆက်အသွယ် ရပါတယ်။ အင်ဒိုနီးရှား စစ်သင်္ဘော ဘွမ်တိုမိုဟာ အလောင်း(၄၀)ကျော်ကို ဆယ်ယူထားပါပြီ။ အရေအတွက်က ဒီထက် တိုးလာဦးမှာပါ။ သူတို့တွေ လောလောဆယ် အရမ်းအလုပ်များနေပါတယ်”ဟု ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ မာနာဟန် ဆီမိုရန်ကာက ပြောကြားခဲ့သည်။
လေယာဉ်ပေါ် ပါသွားသူ (၁၆၂)ဦး၏ ကျန်ရစ်သူ မိသားစုများအတွက် ယခုသတင်းက လက်ကျန်မျှော်လင့်ချက် ငွေ့ငွေ့ကို ပျက်သုဉ်းသွားစေခဲ့သည်။ အင်ဒိုနီးရှား ရုပ်မြင်သံကြား ဌာနတစ်ခုက ရေပြင်ပေါ်တွင် ပေါလောမျောနေသည့် ရုပ်အလောင်း တစ်ခုကို ရှာဖွေရေး အဖွဲ့၏ လေယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဗီဒီယိုကို ထုတ်လွှင့် ပြသခဲ့သည်။
A320-200 အမျိုးအစား လေယာဉ်သည် အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းနေစဉ် ရာသီဥတု ဆိုးရွားမှုကြောင့်ဟု ယူဆရသော အခြေအနေတွင် ပျက်ကျခဲ့ခြင်း ဖြစ်နိုင်ပြီး ဂျာဗားပင်လယ်ထဲတွင် ဒီဇင်ဘာ ၃၀ တွင်မှ လေယာဉ်နှင့် ပတ်သက်သည့် သဲလွန်စ အစိတ်အပိုင်းများ စတင်တွေ့ရှိလာခြင်း ဖြစ်သည်။
_Ref: Channelnewsasia
Credit - 7DAY DAILY
No comments:
Post a Comment