Written by စည်သူအောင်မြင့်
အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ဒေသခံ တောင်သူ အမျိုးသမီးတစ်ယောက် သေနတ်ကျည်ထိ သေဆုံးသည်အထိ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာ ဒီကနေ့အချိန်ထိ မပြီးဆုံးသေးပါဘူး။ ရန်ကုန်၊ မန္တလေးနဲ့ စီမံကိန်းတည်ရှိရာ ဒေသမှာ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်ပြီး ဖြစ်ပေါ်နေသလို မြန်မာတွေ နေထိုင်ရာ နိုင်ငံခြားတိုင်းပြည်တချို့မှာလည်း ဆန္ဒပြပွဲတွေ လုပ်ဖို့ စီစဉ်နေကြပါတယ်။ အခြား တစ် ဖက်မှာတော့ တရုတ် ဝမ်ပေါင်ကုမ္ဗဏီ ဘက်က မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ကျည်ဆံ ထိမှန် သေဆုံးတဲ့ကိစ္စ ဝမ်းနည်းကြောင်း
ထုတ်ဖော်ပြောဆိုပေမယ့် ၂၀၁၅ မှာ ခြံစည်းရိုးခတ်တာကို အပြီးသတ် လုပ်သွားမယ်၊ ၂၀၁၆ ကျရင် ကြေးနီ ထုတ် ယူတာကို စလုပ်တော့မယ်ဆိုပြီး ပြောဆို လာတာတွေလည်း ရှိလာပါတယ်။ ဒီကိစ္စ ပြဿနာတွေ ဆက်ရှိလာ ဦးမလား၊ ပြဿနာ ပြေလည်အောင် ဘယ်လို ဖြေရှင်းလို့ရနိုင် မလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်ပံတောင်းတောင်မှာ အခုလို ပြဿနာတွေ ဖြစ်လာတော့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်သလို စီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဘက်ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ တရုတ် အစိုးရအနေနဲ့ကတော့ သူတို့နိုင်ငံက ကုမ္ပဏီတစ်ခု လုပ်ကိုင်နေတဲ့ စီမံကိန်းမှာ လူသေဆုံးသည်အထိ ပြဿနာ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်တဲ့ သဘော ဖော်ပြပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်တဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာဖို့ အမြဲတမ်း သတိပေးတဲ့အကြောင်းလည်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေညာချက်မှာတော့ ဒေါ်ခင်ဝင်းသေဆုံးရတဲ့ကိစ္စ စိတ်မကောင်း ၀မ်းနည်းကြောင်း၊ ထိခိုက်နစ်နာသွားတဲ့ မိသားစုဝင်တွေကို အကူအညီပေးမယ်ဆိုတဲ့အကြောင်း ပြောဆိုပါတယ်။ ဒါပေမဲ့ အရေးကြီးတာတစ်ချက်က အခု ပြဿနာတစ်ခုလုံးနဲ့ ပတ်သက်ပြီး ကျေးရွာသားတွေဟာ ခေတ်မီဖွံ့ဖြိုး တိုး တက်မှုကိုမလိုလားတဲ့ လူတစ်စုရဲ့ သွေးထိုး လှုံ့ဆော်မှုကို ခံနေရကြောင်းလည်း စွပ်စွဲပြောဆိုသွားပါသေး တယ်။
တကယ်တော့ ၀မ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူရဲ့ အဲဒီစွပ်စွဲပြောဆိုချက် မမှန်ပါဘူး။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစတာ အခုရက်ပိုင်း လပိုင်းကမှ မဟုတ်ပါဘူး။ နှစ်နဲ့ချီ ရှိနေပါပြီ။ ကြားထဲမှာ သံဃာတော် တွေ ပြင်းပြင်းထန်ထန် မီးလောင်ဒဏ်ရာရသည်အထိ ပြဿနာကြီးတွေ ပေါ်ပေါက်လို့ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က တရုတ်၊ မြန်မာအစိုးရ၊ ဒေသခံ သုံးဦး သုံးဖလှယ် အဆင်ပြေ အောင် အစီရင်ခံစာရေး ဆောင်ရွက်ပေးခဲ့ရပါတယ်။ တကယ် လို့သာ အဲဒီအစီရင်ခံစာပါ အကြံပြုချက် တွေအတိုင်း တရုတ်ကုမ်္ပဏီ၊ တပ်မတော်ပိုင် ဦးပိုင်ကုမ်္ပဏီနဲ့ အစိုးရ အာဏာပိုင်တွေ ဘက်က တိတိကျကျ အကောင်အထည် ဖော်ခဲ့မယ်ဆိုရင် ဒေသခံတွေဟာ မြေယာ ဆုံးရှုံးရပေမယ့် ဘ၀မရှုံးဘူး၊ ပိုပြီး ခေတ်မီ တိုးတက်တဲ့ဘ၀တွေကို ရမယ်ဆိုတာ ယုံ ကြည်လာရင် မြေသိမ်း၊ ယာသိမ်း ခြံစည်း ရိုးလာခတ်တာကို ဒီလို အသေခံ အနာခံ ခုခံနေဖို့ အကြောင်းမရှိပါဘူး။ လက်တွေ့ အခြေအနေအရ ကိုယ့်ဘိုးဘွား အစဉ် အဆက် ကိုယ့်မြေ ကိုယ့်ယာ ဆုံးရှုံးသွားရင် ကိုယ့်ဘ၀ဖြစ်တည်မှုပါ ဆုံးရှုံးတော့မယ်ဆိုပြီး နားလည် ယုံကြည်လို့သာ ခုလို ဘူဒိုဇာ တွေရှေ့ လှဲချ၊ ခြံစည်းရိုးတိုင်တွေကို ဝင်လု စသဖြင့် သေနတ်ပြောင်းဝကို မကြောက်၊ ဥပဒေကို အန်တုပြီး အနာခံ၊ အသေခံ ဆန့်ကျင်လှုပ်ရှားကြတာ ဖြစ်ပါတယ်။ မဟုတ်မှန်တဲ့ သွေးထိုးမှု တစ်စုံတစ်ရာ ကြောင့် ဘယ်သူကမှ အနာခံ၊ အသေခံကြ မှာ မဟုတ်ပါဘူး။ တရုတ်ဝမ်ပေါင် ကုမ္ပဏီရဲ့ ကောက်ချက် အလွန်လွဲနေပါတယ်။
ဒီထက် ပိုဆိုးတာက ဖြစ်ရပ်အတွက် တကယ့်ကို တာဝန်ရှိတဲ့ ဦးပိုင်ကုမ္ပဏီဘက်က ဘာမှ ထုတ်ဖော်ပြော ဆိုတာ မရှိ သလို မြန်မာအစိုးရပိုင် သတင်းစာတွေက လည်း ဒီဖြစ်ရပ်မှာ ဒေသခံတောင်သူတွေကပဲ မမှန်မကန် သောင်းကျန်းလွန်းလို့ ရဲတပ်ဖွဲ့က စနစ်တကျ နှိမ်နင်းပစ်ခတ်လို့ ဒေါ်ခင်ဝင်း သေဆုံးသွား ရသယောင်ရေးသားဖော်ပြကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုနောက်ဆုံး ပြဿနာမှာ အဓိက တာဝန်ရှိသူတွေဟာ မြန်မာအစိုးရ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဦးပိုင် ကုမ္ဗဏီ တို့ပဲ ဖြစ်ပါ တယ်။ လျော်ကြေးငွေ ရယူထားခြင်းမရှိတဲ့ တောင်သူတွေရဲ့ယာမြေတွေကို အတင်းအဓမ္မ ခြံခတ်တဲ့ အလုပ်၊ ဦးပိုင် ကုမ္ပဏီနဲ့ အစိုးရဘက်ကသာ ခွင့်မပြုရင် တရုတ်ကုမ္ပဏီ ၀န်ထမ်းတွေ ဘာမှ လုပ်ကိုင်ဆောင်ရွက်လို့ ရတာမျိုး မဟုတ်ပါဘူး။ အခုဆိုရင် တရုတ်ဝမ်ပေါင် ကုမ္ပဏီဘက်က ဦးပိုင်နဲ့ မြန်မာအစိုးရဘက်ကို အပြစ်တင်တဲ့ လေသံနဲ့ ပြောလာတာ လည်းရှိလာပါပြီ။ အကြောင်းကတော့ အခု လယ်ယာမြေ လျော်ကြေးပေးတာဟာ တစ် ဧကကို ၁၈ သိန်းကနေ ကျပ်သိန်း ၃၀ ကျော်ပဲ ရှိတယ်၊ ဒီဈေးနှုန်းဟာ နည်းနေပြီး၊ ဒါကို အစိုးရဘက်က သတ်မှတ်လို့ ဖြစ်ရတာဆိုပြီး ၀မ်ပေါင်ကုမ္ပဏီ ဘက်က ထောက်ပြနေလို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် ခုဆို လူသေဆုံးသည် အထိ ကြီးမားတဲ့ ပြဿနာ ဖြစ်ပြီးသွားပါပြီ။ ဒေါ်ခင်ဝင်း သေဆုံး သွားတဲ့အတွက် သက်ဆိုင်ရာ မိသားစုကို ကျေနပ်သည်အထိ တောင်းပန်၊ လျော်ကြေးပေးဖို့ လိုပါတယ်။ အရင် မီးလောင်ဗုံး ပစ်ခဲ့စဉ်တုန်းကလို မဟုတ်ဘဲ အခုတစ်ကြိမ် လူသေဆုံးသည် အထိ ဖြစ်ခဲ့တဲ့ ပစ်ခတ် မှုအတွက် ဘယ်သူ့ မှာ တာဝန်ရှိသလဲ တိတိကျကျ စုံစမ်းစစ် ဆေး ဖော်ထုတ်၊ အများပြည်သူကို ပွင့်ပွင့် လင်းလင်း ထုတ်ပြန်၊ တကယ့်ကို တာဝန်ရှိ တဲ့အဆင့် ဘယ်သူ့ကိုမဆို အရေးယူဖို့လိုပါတယ်။ တစ်ပြိုင် နက်တည်း အရေးကြီးတာ က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရေး သားခဲ့တဲ့ အစီရင်ခံစာပါ အကြံပြု ချက်တွေ ကို တိတိကျကျ ဆက်ပြီး အကောင် အထည် ဖော်ပေးဖို့ ဖြစ်ပါတယ်။ ဘယ်လို အကောင်အထည် ဖော်နေသလဲ ဆိုတာကိုလည်း အရင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေကိုယ်တိုင် မေးမြန်းစုံစမ်း ခွင့် ရစေဖို့ လိုပါတယ်။
အခုဖြစ်နေတဲ့ပြဿနာမှာ ဦးပိုင်ကုမ္ပဏီဟာ စီမံကိန်းကို အဓိက ငွေကြေး စိုက်ထုတ် လုပ်ကိုင်နေတဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီ နဲ့ ကျေးလက်ဒေသခံတွေကြား တိုက်ရိုက်တွေ့ဆုံမှု မရှိအောင် ကာဆီးသလို အလုပ်မျိုး ကိုလည်း လုပ်နေပါတယ်။ ဒေသခံတွေနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးခွင့် မရသလို၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင် စန်းလှိုင်က ၀မ်ပေါင်ကုမ္ဗဏီ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံ လိုတာကိုလည်း ဦးပိုင်ဘက်က ခွင့်မပြုခဲ့ ပါဘူး။ နိဂုံးချုပ်ရရင် အခု ပြဿနာမှာ အဓိက တာဝန်ရှိသူဟာ မြန်မာအစိုးရ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဦးပိုင် ကုမ်္ပဏီတွေဘက်က ဖြစ်တယ်ဆိုတာ လက်ခံ၊ ခံယူကြဖို့ လိုပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြု ချက်တွေကို ပြည်ထောင်စုဝန်ကြီးဦးလှထွန်း ဦးဆောင်တဲ့ ကော်မရှင်က တိတိကျကျ အကောင်မဖော်လို့ ဒေသခံတွေ ယုံကြည်မှု မရှိလို့ ဖြစ်ရတယ် ဆိုတာ လေးလေးနက်နက် နားလည်ဖို့ လိုပါတယ်။ ဒါမှသာ ၂၀၁၅ မှာ ခြံစည်းရိုးခတ်ဦးမယ်၊ ၂၀၁၆ မှာ ကြေးနီ စထုတ်တော့မယ်လို့ ကြွေးကြော် ထားတဲ့ အဲဒီစီမံကိန်း ပြဿနာကြီးတွေ ဆက်မဖြစ် လာအောင် ရှောင်ရှားနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Credit - Mizzima News
No comments:
Post a Comment