၂၀၁၅ တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန်သေချာသော်လည်း ပြည်သူများမျှော်လင့်ထားသည် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲအခြေအနေမျိုး မရောက်နိုင်ကြောင်း နက္ခတ်ဗေဒင်ဆရာများက တွက်ချက်ပြောကြားလိုက်သည်။
‘‘ရွေးကောက်ပွဲကတော့ ကျင်းပမှာပဲ။ ရလဒ်ကတော့ ဘ၀င်မကျစရာ ကွဲလွဲမှုတွေဖြစ်နိုင်တယ်’’ဟု မြန်မာနိုင်ငံနက္ခတ်သိပ္ပံအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုကပြောသည်။
ပြည်သူအများက မဖြစ်နိုင်ဟု ယူဆနေသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု၊ ၅၉ (စ) ပြင်ဆင်မှုများကို ဗေဒင်ဆရာများ၏ တွက်ချက်မှုတွင် ၂၀၁၅ ၌ ပြင်ဆင်ရေးဖြစ်လာနိုင်စရာရှိနေသည်ဟု တွက်ချက်ရကြောင်း ဆရာစံဇာဏီဘိုနှင့် ဦးဇေယျာကိုတို့က ခန့်မှန်းသည်။ အင်အားကြီးပါတီနှစ်ခုဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြီးနှစ်ခုအတွင်း အားပြိုင်မှုများကြောင့် ကြားမှညွန့်ပေါင်းပါတီတစ်ခု အားကောင်းလာပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဟု ဆရာစံဇာဏီဘိုကပြောသည်။
‘‘ရွေးကောက်ပွဲကတော့ အသေအချာကျင်းပမှာ။ ဘယ်သူမှ နောက်မဆုတ်ချင်ဘူး’’ဟု၎င်းက ပြောကြားသည်။
ရွေးကောက်ပွဲပြီးလျှင် မည်သူသမ္မတဖြစ်မည်ကို ဗေဒင်ဆရာများက ခန့်မှန်းရာတွင် စံဇာဏီဘိုက ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်မည်ဟု ပြောကြားသည်။ ဦးဇေယျာကိုက ကြာသပတေးသား (သို့) စနေသားမှာ သမ္မတဖြစ်မည်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်ဥက္ကဋ္ဌ(သို့မဟုတ်) ဒုသမ္မတသာ ဖြစ်နိုင်သည်ဟု ၎င်း၏တွက်ချက်မှုကို ပြောသည်။ တပ်မတော်သည် ၂၀၁၅တွင် အာဏာသိမ်းမည့် အခြေအနေတွင် မရှိကြောင်း၊ တပ်မတော်၏ အနေအထားသည် တိုက်ရေး၊ ခိုက်ရေးထက် ငြိမ်းချမ်းရေးဘက်ကိုသာ ဦးတည်နေကြောင်း ဆရာစံဇာဏီဘိုကပြောသည်။
‘‘တပ်က သူရထားတဲ့နေရာကနေ ရှေ့လည်းမတိုးသလို နောက်လည်းဆုတ်ပေးမှာ မဟုတ်ဘူး’’
မြန်မာ့တပ်မတော်၏ အခြေအနေသည် ယခုနှစ်တွင် အတိတ်က အာဏာရှင်များကြောင့် မှေးမှိန်ခဲ့ရသည့် ဂုဏ်သိက္ခာများကို လက်ရှိဗိုလ်ချုပ်ကြီးများက ပြန်လည်အဖတ်ဆယ်ရန် ကြိုးစားနိုင်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် ပါဝင်လာလိမ့်မည်ဟု ၎င်းကတွက်ချက်ပြောသည်။ သို့သော် သင်္ကြန်စာတွင် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၌ စစ်ပွဲများမည်ဟု ဟောကိန်းထုတ်ထားသည်။
၂၀၁၅ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တိုင်းပြည်တွင် အနိမ့်ဆုံးနှင့် အမြင့်ဆုံးလူတန်းစားများ အခက်အခဲနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ခရိုနီသူဌေးကြီးများ ချမ်းသာမှုများလျော့မည်ဟု စံဇာဏီဘိုကပြောသည်။ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဇန်န၀ါရီ ၂၁ မှ ဖေဖော်ဝါရီ ၂၀ ရက်ကြားစတင်ပြီး ဧပြီ ၂၀ ရက်အထိ ကြုံရမည်ဟု ဆက်လက်ပြောသည်။
ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုသည် ၂၀၁၅ တွင် များနိုင်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ အားနည်းမည်ဟု ဗေဒင်ဆရာများက ဗေဒင်ပညာအရပြောကြသည်။ စီးပွားရေးကဏ္ဍတွင် ဘဏ်နှင့် စတော့ရှယ်ယာ ဈေးကွက်ဈေးများ အားကောင်းလာမည်ဟု ဦးဇေယျာကိုကပြောကြားသည်။ သို့သော် မြန်မာနိုင်ငံတွင် တံခွန်လွှင့်ခဲ့သော အိမ်ခြံမြေဈေးကွက်မှာ အကျဘက်တွင် ရှိနေကြောင်း ၎င်းကပြောကြားသည်။ ထို့အပြင် ကုန်သွယ်ရေးလုပ်ငန်းများမှာလည်း ၂၀၁၅ တွင် အခြေအနေမကောင်းနိုင်ကြောင်း သင်္ကြန်စာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဗေဒင်ဆရာများက မြေငလျင်ကို အထူးသတိပြုရန်လိုအပ်ကြောင်း သတိပေးသည်။ ဇူလိုင် ၁ ရက်ဝန်းကျင်၊ သြဂုတ် ၇ ရက်အနီးဝန်းကျင်၊ အောက်တိုဘာ ၇ နှင့် ၂၆ ရက်တို့တွင် သဘာဝဘေးအန္တရာယ်ကို အထူးသတိထားရန်လိုကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
မုန်တိုင်းနှင့်ပတ်သက်၍လည်း သတိပြုရန် ဗေဒင်ဆရာများက ဧပြီ ၂၃ ရက်မှ ဇူလိုင် ၁၆ ရက်၊ စက်တင်ဘာနောက်ဆုံးပတ်နှင့် အောက်တိုဘာပထမပတ်တို့တွင် သတိထားရန် ပြောကြားထားသည်။ ထို့အပြင် ယခုနှစ်သည် ကမ္ဘာပေါ်တွင် မီးဘေးအန္တရာယ်အများဆုံးကြုံတွေ့နိုင်သဖြင့် အထူးဂရုပြုဖို့လိုအပ်သည်ဟု ဗေဒင်ပညာတွက်ချက်မှုဖြင့် ၎င်းတို့ကပြောကြသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ တွင် ဇန်န၀ါရီ ၂၁မှ ဖေဖော်ဝါရီ ၁၉ ရက်ကြား၊ မေလ ၂၁ မှ ဇွန်လ၂၀ ရက်၊ အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၀ကြားတွင် တိုင်းပြည်၌ အနှောင့်အယှက်များနှင့် ကြုံတွေ့နိုင်ကြောင်း ကာလသုံးခုကို ပိုင်းခြားပြီး စံဇာဏီဘိုက ပြောကြားသည်။
ကာလသုံးခုတွင် ပထမလမှာ တိုင်းပြည်တွင်းပဋိပက္ခများနှင့် ကုန်စည်စီးဆင်းမှု၊ ကုန်ဈေးနှုန်းပြဿနာများနှင့် ကြုံတွေ့ရမည်။ ဒုတိယကာလတွင် ရာသီဥတုဖောက်ပြန်မှု၊ ရိက္ခာပြဿနာနှင့် တတိယကာလတွင် ပဋိပက္ခအသွင်ဆောင်သော ရှုပ်ထွေးမှုများကြုံတွေ့နိုင်ကြောင်း ပြောကြားသည်။
လယ်ယာစိုက်ပျိုးရေးတွင် ၂၀၁၅ သည် ပိုးမွှားရောဂါအန္တရာယ်ကျရောက်မှုများသော နှစ်တစ်နှစ်ဖြစ်ပြီး ကျိုင်းကောင်၊ ပိတုန်းကဲ့သို့ အတောင်ရှိသော သတ္တ၀ါများ၏ ဖျက်ဆီးခြင်းကို ခံရမည်ဟု ဗေဒင်ဆရာများက တွက်ချက်သည်။
မြန်မာနိုင်ငံ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် ၂၀၁၅ သည် နိုင်ငံတော်အစိုးရက ဘတ်ဂျက်ငွေများ တိုးမြှင့်ချထားပေးလာနိုင်သည်။ ပညာရေးတွင် နိုင်ငံတကာတက္ကသိုလ်များက ပြည်တွင်းသို့ လာရောက်ဖွင့်လှစ်မှုများ ရှိမည်ဟုပြောသည်။ သို့သော် ကျန်းမာရေးကဏ္ဍတွင် ဆေးဝါးကုသမှုစရိတ်များ၊ ဆေးဝါးဈေးနှုန်းများ မြင့်မားမှုနှင့် ကြုံတွေ့ရမည်ဟု ပြောကြားထားသည်။
ကုန်လွန်ခဲ့သော ၂၀၁၄ တွင် နိုင်ငံကျော် ဗေဒင်ဆရာများက မြန်မာနိုင်ငံ၏အခြေအနေကို ကြိုတင်ပြောကြားရာ၌ ပဋိပက္ခအခြေအနေနှင့် စီးပွားရေးတို့တွင် မှန်ကန်မှုများရှိခဲ့သည်။ လူမျိုးရေးပဋိပက္ခအခြေအနေနှင့် ၂၀၁၄ တွင် မန္တလေး၌ကြုံတွေ့ခဲ့ရပြီး စီးပွားရေးကဏ္ဍတွင် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်မည်ဟု ပြောကြားချက်မှာလည်း မှန်ကန်မှုများရှိနေသည်။
သို့သော်နိုင်ငံရေးအရ ပြောကြားမှုများမှာ ကွဲလွဲမှုအချို့ရှိခဲ့သည်။ ၂၀၁၄ တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု ပြောကြားထားသော်လည်း ဖြစ်မလာခဲ့ပေ။ ထို့အပြင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ အောင်မြင်မည်ဟု ပြောကြားထားသော်လည်း ယနေ့အထိ အောင်မြင်မှုမှာ မှုန်ဝါးနေဆဲရှိနေသေးသည်။

Credit - 7DAY DAILY
No comments:
Post a Comment