Sunday, December 28, 2014

စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်မည့် ကော်မတီ ဇန်နဝါရီလ ဖွဲ့မည်

ရန်ကုန် (မဇ္ဈိမ)။ ။ စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်မှတ်တမ်းတင်မည့် စုံစမ်းရေးကော်မတီကို လာမည့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် ဖွဲ့စည်းမည်ဟု ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် (ဟင်္သာတ) က မဇ္ဈိမကို ပြောသည်။

2007-Monk-Demonstration
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်သံဃာ့ အရေးအခင်းအတွင်း စစ်တပ်၏ နှိမ်နင်းမှုမှ လွတ်မြောက်ရန် ထွက်ပြေးနေသူ တစ်ချို့ကို တွေရစဉ်။ (ဓာတ်ပုံ - အီးပီအေ)



ကော်မတီကို ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်နှင့် မန္တလေးရှိ ရွှေဝါရောင် သံဃာတော်များ၊ လက်ပန်းတောင်းတောင် အရေးကို လှုပ်ရှားနေသည့် သံဃာတော်များဖြင့် ယာယီဖွဲ့စည်းထားပြီး ဇန်န၀ါရီ ၁၅ ရက်တွင် ကော်မတီအဖွဲ့ဝင် အတည်ပြုခြင်း၊ လုပ်ငန်းတာဝန်ခွဲ ဝေခြင်းကို ဆောင်ရွက်မည်ဖြစ်သည်။ ကော်မတီတွင် ပါဝင်လိုသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ အားလုံးကို ပါဝင်နိုင်သည်ဟု ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် (ဟသာင်္တ) က ဖိတ်ခေါ်ထားသည်။

အဆိုပါ ကော်မတီ အနေဖြင့် စစ်အစိုးရလက်ထက်က တစ်နိုင်ငံလုံးတွင် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများကို မှတ်တမ်းများ ပြုစုသွား မည် ဖြစ်သည်။

ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် (ဟသာင်္တ)က "၈၈အရေးခင်းကာလတည်းက လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေသည် ဘာမှ မှတ်တမ်း မခံရဘဲ ကွယ်ပျောက်သွားတာတွေရှိတယ်။ တစ်ချို့လည်း ဒီမိုကရေစီအစိုးရလက်ထက်ထိ ပါလာတာရှိတယ်။ လူမဆန်တဲ့ ကိစ္စတွေကြောင့် နစ်နာသွားသူတွေ တစ်နိုင်ငံလုံးမှာရှိနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမလုပ်ပါနဲ့တော့ မလုပ်သင့်တော့ဘူးဆိုတာ အစိုးရသစ်နဲ့ စစ်အာဏာရှင်အစိုးရအဖွဲ့တစ်ခုလုံး သိအောင် မှတ်တမ်းတွေ ပြသသွားမယ် " ဟုပြော သည်။

အဆိုပါ ကော်မတီ အနေဖြင့် တိုင်းရင်းသားများ နေထိုသည့် နေရာများ၊ စစ်ဖြစ်ပွားရာတွင် ပါဝင်သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွင်း လူ့အခွင့်အရေးချိုး ဖောက်မှုများ၊ လယ်သမား၊ အလုပ်သမားများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အားလုံးကို မှတ်တမ်းများ ပြုစုသွားမည်ဖြစ်ပြီး ယင်းမှတ်တမ်း အတွက် အချိန် သုံးနှစ်ခန့်ယူမည် ဖြစ်သည်။

ယင်းအပြင် တစ်နိုင်ငံလုံးရှိ နစ်နာသွားသူများ၏ ကိုယ်တွေ့ဖြစ်ရပ်များ၊ မှတ်တမ်းများကို အထိမ်းအမှတ် အဆောက်အအုံများတွင် မှတ်တမ်းတင်ထားခြင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်၊ လွှတ်တော်များ၊ အစိုးရ အဖွဲ့စည်းများ၊ ပြည်တွင်း၊ ပြည်ပ NGOအဖွဲ့များထံ ပေးပို့သွားမည်ဖြစ်သည်။

UNDO အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်ကလည်း "စစ်အစိုးရလက်ထက်က ကျုးလွန်ခဲ့တာတွေကို အစိုးရကဝန်ခံလာအောင် တာဝန်ယူမှု ၊တာဝန်ခံမှုတွေရှိလာအောင် မှတ်တမ်းတွေကို အစိုးရအဖွဲ့နဲ့ နိုင်ငံတကာကို ပေးပို့သွားမှာပါ"ဟုပြောသည်။

လက်ရှိတွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့တွင် ကော်မတီအဖွဲ့ခွဲများကို ဖွဲ့စည်းထားပြီးဖြစ်သည်။

ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့( UNDO)ကို ၁၉၉၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment