( ၁ )
၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ်ကို စရောက်ခဲ့ပါ တယ်။ မကွေးကနေ ဆယ်တန်းအောင်ခဲ့တဲ့ အတွက် အဆောင်ကျောင်းသား ဖြစ်ခဲ့ရပါ တယ်။ အဲဒီတုန်းက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေကို ပထမနှစ်ကနေ စတုတ္ထနှစ်အထိ သမိုင်းဝင်း (ခေါ်) သမိုင်းကောလိပ် ဝင်းထဲက အဆောင်တွေမှာ ထားပါတယ်။ ပဉ္စမနှစ်နဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေ ကိုတော့ ရန်ကုန်စက်မှုတက္ကသိုလ် ဝင်းထဲက ကြို့ကုန်းဆောင်မှာ ထားပါတယ်။ သမိုင်းဝင်း ဆိုတာ အခု MICT Park ရှိတဲ့ ဝင်းကြီးပေါ့။ ပထမနှစ်မှာ ကျွန်တော်နေရတဲ့ အဆောင်က ဒူးယားဆောင်။
အဲဒီသမိုင်းဝင်းထဲမှာ စီးပွား ရေးတက္ကသိုလ်က အဆောင်တွေနဲ့ ရန်ကုန် တက္ကသိုလ်က မိန်းကလေးဆောင် တစ်ဆောင် လည်း ရှိသေးတယ်။ ပြောရရင် သမိုင်းဝင်း ဆိုတာ တက္ကသိုလ် ကျောင်းသားကျောင်းသူ တွေရဲ့ တိုင်းပြည်ငယ်လေးတစ်ခုပဲ။ ဒီလိုဗျ အဲဒီကာလ ၁၉၈၄ ခုနှစ်လောက်တုန်းက အ ခုခေတ်လို တက္ကသိုလ်တွေ မှိုလိုမပေါက်သေး ဘူး။ စက်မှုတက္ကသိုလ်ဆိုတာ ရန်ကုန်မှာတစ် ခုတည်းပဲ ရှိသေးတယ်။ စီးပွားရေး တက္ကသိုလ် ကလည်း ရန်ကုန်မှာပဲ တစ်ခုတည်းရှိတယ်။ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကလည်း ရန်ကုန်နဲ့ မန္တလေး နှစ်ခုပဲရှိတယ်။ ကျန်တဲ့ မြို့ကြီးတ ချို့မှာ ဒီဂရီကောလိပ် အနေနဲ့ပဲ နည်းနည်းပါး ပါးရှိတယ်။ အဲဒီတော့ ရန်ကုန်နဲ့ မန္တလေးဆို တာ တက္ကသိုလ်ကျောင်းသားတွေ စုံ၊ ဆုံကြ တဲ့နေရာပေါ့။ တက္ကသိုလ်ကျောင်းသားအစုံ လာဆုံကြတာကိုး။ ရန်ကုန်က မန္တလေးထက် ပိုစုံတယ်ပြောရမယ်။ စီးပွားရေးနဲ့ စက်မှု တက္ကသိုလ်တွေက ရန်ကုန်မှာပဲရှိတာကိုး။
အဲဒီ ကျောင်းသားတွေကို တစ်စုတစ် စည်းတည်း အဆောင်တွေထားတာက သမိုင်း ဝင်း။ သမိုင်းဝင်းမှာ ယောက်ျားလေးဆောင် ၁၀ ဆောင်နဲ့ မိန်းကလေးဆောင် ၆ ဆောင် ရှိတယ်။ ယောက်ျားလေးဆောင် ၁၀ ဆောင် မှာ စက်မှုတက္ကသိုလ်က ၅ ဆောင်။ စီးပွား ရေးတက္ကသိုလ်က ၅ ဆောင်ရှိတယ်။ မိန်းက လေးဆောင် ၆ ဆောင်မှာ စီးပွားရေးက ၄ ဆောင်၊ စက်မှုက ၁ ဆောင်နဲ့ ရန်ကုန်တက္က သိုလ်က ၁ ဆောင်ရှိတယ်။ မိန်းကလေးဆောင် တွေနဲ့ ယောက်ျားလေးဆောင်တွေကြားမှာ ကွင်းပြင်ကြီးတစ်ခုနဲ့ အားကစားရုံကြီး ခြား ထားတယ်။ ကွင်းပြင်ကြီးအလယ်မှာ နာမည် ကျော် သမိုင်းဝင်း ကင်တင်းန်ရှိတယ်။ အ ဆောင်နေ ကျောင်းသားကျောင်းသူတွေ အား လုံး ဆုံကြတဲ့နေရာပေါ့။ မြန်မာအစားအစာ၊ တရုတ်အစားအစာ၊ အသုပ်စုံ၊ လက်ဖက်ရည်၊ အအေး၊ စတိုးဆိုင်၊ အပ်ချုပ်ဆိုင်၊ စာအုပ် အငှားဆိုင် အစုံရှိတယ်။ သမိုင်းဝင်းကင်တင်းန် ရဲ့ အရှေ့ဘက်မှာ အာစီတူးလို့ခေါ်တဲ့ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ)ရှိတယ်။ ရန်ကုန် တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ် အတန်း တချို့ကို အဲဒီမှာသင်တယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ် သင်တန်း တွေကလည်း လှိုင်နယ်မြေမှာပဲရှိတယ်။ အ ရင် ဒေသကောလိပ်တွေ ထားတဲ့ခေတ်တုန်းက ဒေသကောလိပ် အမှတ် ၂ Regional College (2) ပေါ့။ အဲဒါကို အတိုကောက် အနေနဲ့ အာစီတူးလို့ခေါ်ကြတာ။ အာစီတူးက ကျောင်းသူကျောင်းသားတွေကလည်း နေ့ လယ်စာကို သမိုင်းဝင်းကင်တင်းန်မှာပဲ လာ စားလေ့ရှိကြတယ်။ အဲလိုဆိုတော့ သမိုင်း ဝင်း ကင်တင်းန်က ဘယ်လောက်စည်ကား မလဲ တွေးကြည့်ပေါ့။ အဲဒီခေတ်က အဆို တော်တွေ သီချင်းခွေအသစ် ထွက်မယ်ဆိုရင် မထွက်ခင် တစ်ပတ်လောက် ကတည်းက သမိုင်းဝင်းကင်တင်းန်မှာ အရင်လာဖွင့်ပြီး မိတ်ဆက်တတ်ကြတယ်။ နေရာဒေသအစုံက ကျောင်းသားကျောင်းသူအစုံ ရှိတဲ့နေရာလေ။ ဒီနေရာမှာပေါက်ရင် တစ်တိုင်းပြည်လုံး ပေါက် ပြီပဲ။
( ၂ )
ဒီနေရာမှာ ကျွန်တော့်ရဲ့ မိခင်ကျောင်းတော်ကြီးဖြစ်တဲ့ နာမည်ကျော် ရန်ကုန်စက်မှု တက္ကသိုလ် အကြောင်း နည်းနည်း ပြန်ပြော ပြချင်တယ်။ အဲဒီ ရန်ကုန်စက်မှုတက္ကသိုလ် အနှီ အာအိုင်တီမှာတော့ ထူးခြားတဲ့ ဝိသေ သလေးတွေ ရှိသေးပြန်သဗျ။ ပထမဆုံးပြော ရမှာကတော့ ကျောင်းရှေ့မုခ်ဦးကြီးမှာရှိတဲ့ တိုင်အမြင့်ကြီး ၁၈ တိုင်ကိစ္စပဲ။ အဲဒီတုန်းက ရန်ကုန်စက်မှုတက္ကသိုလ်က ဘွဲ့ရဖို့ ပထမ နှစ်ကနေ ဆဋ္ဌမနှစ်အထိ အတန်း ၆ တန်း တက်ရတယ်။ အတန်းတစ်တန်းမှာ နှစ်ခါကျ ခွင့်ရှိတယ်၊ အဲဒီလို တစ်တန်းမှာ သုံးနှစ် နေ ခွင့်ရှိတော့ ပထမနှစ်ကနေ နောက်ဆုံးနှစ်အ ထိ ခြောက်တန်းကို တစ်တန်းသုံးနှစ်နှုန်းနဲ့ တွက်လိုက်ရင် စုစုပေါင်း ၁၈ နှစ်၊ တိုင်ကြီး ၁၈ တိုင်ဆိုတာ အဲဒီလို ၁၈ နှစ် တက်ခွင့်ရှိ တာကို သင်္ကေတပြုထားတာတဲ့။ ကျောင်းသား အချင်းချင်း နောက်ပြောင်ပြီး အဓိပ္ပာယ်ဖွင့်ကြ တာ။
နောက်ထပ်ထူးခြားတာက နာမည်ကျော် ဩဘာလမ်း။ တိုင်လုံးကြီးတွေအောက်က ဖြတ်ဝင်သွားရင် ကျောင်းဆောင်တွေအလယ် မှာ ပန်းခြံတစ်ခု တွေ့ရမယ်။ အဲဒီပန်းခြံရဲ့ အလယ်မှာ အဆောင် ၁ နဲ့ ၂ ကို ကူးဖို့ အဲဒီလမ်းက အဖြောင့်ဆုံး၊ အတိုဆုံးပေမယ့် စက်မှုတက္ကသိုလ်က ဘယ်သူမှ အဲဒီလမ်းက မလျှောက်ကြဘူး။ အဆောင်ကော်ရစ်ဒါ တွေ ကပဲ ကွေ့ပတ်လျှောက်ကြတယ်။ တစ်ယောက် ယောက် အဲဒီလမ်းကို လျှောက်ပြီဟေ့ဆိုတာ နဲ့ ဘေးပတ်လည်မှာရှိတဲ့ သုံးထပ်ဆောင် ကော်ရစ်ဒါပေါ်မှာ ကျောင်းသားတွေ ပေါ်လာ ပြီး လမ်းအလယ်ကလူကို ဝိုင်းပြီး လက်ခုပ် ဩဘာ ထောပနာပြုကြတော့တာပဲ။ လမ်းအလယ်က လူကတော့ ကြောင်တောင်တောင်နဲ့ ဆက်လျှောက်ရမှာလား၊ ရပ်နေရမှာလား ဘာလို့ ဝိုင်းလက်ခုပ်တီးတာလဲမသိ ဒုက္ခရောက် တော့တာပဲ။ ဒါက စက်မှုတက္ကသိုလ်ရဲ့ အထာ တစ်ခုပဲ။ ပါးစပ်ရာဇဝင်အရတော့ အရင်တုန်း က စက်မှုတက္ကသိုလ်မှာ အခမ်းအနားတွေ လုပ်ရင် ပန်းခြံရဲ့တစ်ဖက်ထိပ်မှာ စင်မြင့်ရှိ တယ်။ အဲဒီစင်မြင့်ကို ပါမောက္ခချုပ်ကလျှောက် လာရင် ဝိုင်းပြီး ဩဘာပေး ကြိုဆိုကြတယ်။ နောက်တော့ အခမ်းအနားမရှိချိန် ကျောင်းသားတွေ လျှောက်တော့ နောက်ပြောင်ပြီး လက် ခုပ်တီးရာကနေ အစဉ်အလာလို၊ အထာလို ဖြစ်တော့တာပဲ။ တခြား တက္ကသိုလ်ကကျောင်းသားကျောင်းသူတွေ လာလည်ရင် မသိမသာ ချောက်တွန်းပြီး ဩဘာလမ်းကို ဖြတ်ခိုင်းတတ်တာလည်း စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ အကျင့်ပဲ။
နောက်ထပ် အစဉ်အလာတစ်ခုက ကာတွန်းဘောက်စ် ( Cartoon Box ) ပဲ။ အများသုံးတယ်လီဖုန်းရုံ အဟောင်းလေးရဲ့ မှန်မျက်နှာပြင်တွေမှာ ကာတွန်းတွေ ကပ်ထား တာကို Cartoon Box လို့ ခေါ်တာပဲ။ အဲဒီ Cartoon Box ကို တစ်ပတ်တစ်ခါ ကာတွန်းတွေ အသစ်လဲပြီးတင်တယ်။ စာသင်ခန်း၊ စားသောက်ဆိုင်နဲ့ အဆောင် ကျောင်းသားဘ၀ထဲက သရော်စရာတွေကို ဟာသလုပ်ပြီး ကာတွန်းဆွဲကြတာပဲ။ ကာတွန်းအောင်မြင့် (ကြံ့ဗဟုံး)၊ ကာတွန်းအော်ပီကျယ်၊ ကာတွန်း ဇော်မောင်၊ ကာတွန်းဂျိုကာ၊ ကာတွန်းမြင့်ဖေ စတဲ့ နိုင်ငံကျော် ကာတွန်းဆရာတွေကို မွေး ထုတ်ပေးခဲ့တဲ့ အစဉ်အလာကြီးတဲ့ Cartoon Box ကို အပတ်စဉ် တနင်္လာနေ့တိုင်း တိုးဝှေ့ ကြည့်ကြရတာလည်း ရန်ကုန်စက်မှုတက္ကသိုလ် ရဲ့ ဝိသေသတစ်ခုပါပဲ။ မိုးပျံတံတား (ခေါ်) မေတ္တာပေါင်းကူးတံတား၊ စက်မှုကျောင်းသူ နှစ်ကြီးမမများရဲ့ အဆောင်တော် ဟိုင်းကြီး ကျွန်း (ခေါ်) ဂျီဟောဆောင် စသဖြင့်စသဖြင့် အခြားအခြားသော ဝိသေသတချို့လည်း ရှိပါသေးတယ်။ အထူးသဖြင့်တော့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဝင်းတစ်ခုလုံးမှာ စွယ်တော်ပင်တွေ အများဆုံး ရှိနေတာမို့လို့ စွယ်တော်မြေလို့လည်းတင်စားခေါ်ကြပါတယ်။
( ၃ )
တက္ကသိုလ်နယ်မြေတွေထဲမှာ ရန်ကုန်တက္ကသိုလ်ကတော့ အခေါင်အချုပ်ပေါ့။ ရန် ကုန်တက္ကသိုလ် နယ်မြေအကြောင်းပြောရင် အင်းလျားကန်ကလည်း မပါမဖြစ်ပဲ။ ဆရာ မင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာအောင်ပြည့်၊ ဆရာငြိမ်းကျော်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာနွမ်ဂျာသိုင်း၊ ဆရာမောင်ဝဏ္ဏ၊ ဆရာမင်းလူ စတဲ့စတဲ့ နာမည်ကျော် စာရေးဆရာတွေရဲ့ ဝတ္တု၊ ကဗျာတွေထဲမှာ အခါခါ ညွှန်းဖွဲ့ခဲ့တဲ့ တကယ့်ရင်ခုန်သာမောဖွယ် နေရာအဝန်းအဝိုင်းကြီးကို အမှန်တကယ် ရောက်ရှိခဲ့ရပြန်တော့ တကယ့်ကို ဖမ်းစားနိုင် တဲ့ နေရာဆိုတာ သေချာသွားခဲ့ပါတော့တယ်။ ခံ့ညားထည်ဝါ တည်ငြိမ်လှတဲ့ ကျောင်းဆောင် ကြီးတွေ၊ တင့်တယ်ခမ်းနားလှပါပေတဲ့ ဘွဲ့နှင်းသဘင်၊ ထူးခြားလှတဲ့ သစ်ပုပ်ပင်ကြီး၊ တက္ကသိုလ်စာကြည့်တိုက်၊ ဂျပ်ဆင်၊ တောင် ငူဆောင် ကင်တင်းန်၊ မာလာဆောင် နောက်ဖက်က ကင်တင်းန်၊ ငှက်ပျောတောထဲက ဦးချစ်၊ ယမ်းဘီလူးအအေးဆိုင်နဲ့ သံဘူးဖျော် ရည်၊ အမှတ်တရ အရောင်းဆိုင်များ၊ အနုပညာခန်းမနဲ့ အပန်းဖြေရိပ်သာ၊ ရွှေဘိုဆောင်၊ သထုံဆောင်၊ ပဲခူးဆောင်၊ အင်းဝဆောင်၊ သီရိဆောင်၊ အင်းလျားဆောင်၊ ရတနာဆောင်၊ အဓိပတိလမ်း အို ... ခမ်းနားလှပ လှပါ သော ရန်ကုန်တက္ကသိုလ်နယ်မြေပါပေ။
အဲဒီ ကာလတုန်းကတော့ ရန်ကုန်တက္ကသိုလ်ဆိုတာ တခြားတက္ကသိုလ် အသီးသီးက ကျောင်းသား ကျောင်းသူတွေရဲ့ ဗဟိုချက်ပဲ။ တိုင်းရင်းသား အစားအစာ ရောင်းချပွဲတွေ၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွေ၊ ပန်းချီပြပွဲတွေ၊ လက်ရေး ကဗျာစာအုပ်တွေ စသဖြင့်စသဖြင့်တွေဟာ ရန်ကုန်တက္ကသိုလ် ကို ဗဟိုပြုပြီး ကျင်းပကြ၊ ဖြန့်ချိကြပါတယ်။ အာစီ (ခေါ်) အပန်းဖြေရိပ်သာထဲမှာလုပ်တဲ့ တိုင်းရင်းသားအစားအစာ ရောင်းချပွဲကတော့ တကယ့်ကို ပျော်စရာ၊ ကြည်နူးစရာကောင်း တဲ့ပွဲပါပဲ။ ရှမ်းကလည်း ရှမ်းအစားအစာ၊ ရခိုင် ကလည်း ရခိုင်အစားအစာ၊ ကချင်ကလည်း ကချင်အစားအစာ စသဖြင့် တိုင်းရင်းသား ကျောင်းသားကျောင်းသူတွေက ရောင်းသလို မန္တလေးကြာဆံချက်၊ အညာမုန့်ဟင်းခါး၊ ရွှေ တောင်ခေါက်ဆွဲ စတဲ့ ဒေသထွက် အစားအ စာတွေနဲ့လည်း မြေပြန့်ဒေသက ကျောင်းသား ကျောင်းသူတွေက ဝင်နွှဲကြပါတယ်။ ယဉ်ကျေးမှုပေါင်းစုံ၊ အစားအစာမျိုးစုံကို တစ်နေရာတည်း မှာ မြင်တွေ့ မြည်းစမ်းခွင့်ရတဲ့ပွဲပေါ့။ ရန်ကုန် တက္ကသိုလ်ထဲမှာ ဘာအခမ်းအနားရှိရှိ တက္က သိုလ်ပေါင်းစုံက ကျောင်းသားကျောင်းသူတွေ လာကြပါတယ်။ ကျောင်းဂိတ်ဝမှာ တားပြီး ဘယ်ကျောင်းကလဲ မေမယ့်သူ မရှိပါဘူး။ ဒီ ကျောင်းကမဟုတ်ရင် မဝင်ရဘူးလို့ ဘယ်သူမှမပြောပါဘူး။
စီးပွားရေးတက္ကသိုလ်ကတော့ ရန်ကုန် တက္ကသိုလ်နဲ့ နယ်မြေခြင်း တွဲလျက်ရှိနေတယ်ဆိုတော့ စီးပွားရေးတက္ကသိုလ်ရောက်ရင် ရန် ကုန်တက္ကသိုလ်ထဲ ရောက်တာပဲ။ စီးပွားရေးတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်ဟာ အဲဒီ ကာလတုန်းကတော့ နှစ်ကိုယ့်တစ်စိတ်ပဲ။
( ၄ )
အဲဒီခေတ်တုန်းက တက္ကသိုလ်များ (ရန် ကုန်) မြို့နယ်အသင်းတွေလည်း ရှိကြတယ်။ ဥပမာ မကွေးမြို့နယ်အသင်း၊ တက္ကသိုလ်များ (ရန်ကုန်) ပေါ့။ မကွေးမြို့နယ်ကနေ ရန်ကုန်က တက္ကသိုလ်တစ်ခုခုမှာ တက်နေတဲ့သူတွေ စုစည်းပြီးဖွဲ့တာ။ စက်မှု၊ စီးပွားရေး၊ ဝိဇ္ဇာ^ သိပ္ပံ၊ သွားဘက်ဆိုင်ရာ၊ ဆေးကျောင်း အကုန်ပါတယ်။ ကိုယ့်မြို့နယ်က တက္ကသိုလ် လာတက်တဲ့သူချင်း မိဝေးဖဝေးမှာ ရိုင်းပင်း ကြဖို့ ဖွဲ့ထားကြတာ။ ကျောင်းပိတ်လို့ အိမ်ပြန် ရင် ကား^ရထား လက်မှတ်တွေကို စုစည်း စီစဉ်ပြီးဝယ်။ အတူတူပြန်ကြ။ ကျောင်းဖွင့်ရင် လည်း အတူတူလာကြ။ စုစုစည်းစည်း ရှိကြတယ်။ ကျောင်းဖွင့်ခါစ ဒီဇင်ဘာ၊ ဇန်နဝါရီလ တွေမှာ တစ်နေရာရာကို ပျော်ပွဲစားထွက်ကြသေးတယ်။ ကိုယ့်မြို့နယ် မဟုတ်လည်း တခြား မြို့နယ်အသင်းတွေက ထွက်တဲ့ ပျော် ပွဲစားခရီးစဉ်တွေမှာ ကိုယ့်သူငယ်ချင်းက ဖိတ်ခေါ်ရင် လက်မှတ်ဝယ်ပြီး လိုက်လို့ရတယ်။
အဲဒီလို ခရီးစဉ်တွေမှာ ခင်မင်သွားပြီး တကယ့် သူငယ်ချင်းအရင်းတွေလို ဖြစ်သွား တဲ့သူတွေလည်း အများကြီး။ အဲ ... အ ဆင့်တက်ပြီး သမီးရည်းစားဖြစ်၊ နောက်တော့ အိမ်ထောင်တွေဘာတွေ ကျသွားတဲ့ သူတွေလည်း ရှိတာပဲ။ ဒါကြောင့်လည်း တက္ကသိုလ်ကျောင်းက ငွေလမင်းသီချင်းထဲမှာ အလှရွှန်းစို ကဗျာတောမှာ၊ ခဏကွန်းခိုလာသောအခါ၊ မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ၊ စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ၊ ဒါတွေတကယ်တော့ မဆန်းပေ ... လို့ ရေးဖွဲ့သွားခဲ့တာပေါ့။
( ၅ )
တကယ်တော့ ‘တက္ကသိုလ်ဆိုတာ’ ဘ၀ ခရီးလမ်းကို လက်တွေ့မလျှောက်လှမ်းခင်မှာ သိသင့်သိထိုက်တာတွေကို ဆည်းပူးဖို့၊ ရှိသင့် ရှိထိုက်တဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်ဖို့၊ ကိုယ့်အရည်အချင်း အစွမ်းအစတွေကို အရောင်တင်ဖို့ နယ်မြေကြီးတစ်ခုပါပဲ။
ဒါကြောင့်လည်း ရန်ကုန်စက်မှုတက္ကသိုလ်မှာ မော်ကွန်းထိန်းအဖြစ် တာဝန်ထမ်းဆောင်သွားတဲ့ ကျွန်တော်တို့ရဲ့ ဆရာကြီး ဦးသက်လွင်က သူ့ရဲ့ နာမည်ကျော် သီချင်းဖြစ်တဲ့ ‘မြကျွန်းညိုညို၊ တက္ကသိုလ်’ ဆိုတဲ့သီချင်းမှာ ‘မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ်မှာဆို စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ’ လို့ ရေးဖွဲ့ခဲ့တာပေါ့။
ဒီနေရာမှာ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပြောဖူးတဲ့ စကားတစ်ခွန်းကို သွား သတိရမိတယ်။ စစ်အစိုးရလက်ထက်က နေရာဒေသတွေ အများကြီးမှာ တက္ကသိုလ်တွေ မှိုလိုပေါက်အောင် ခွဲဖွင့်နေတာကိုကြည့်ပြီး ပြောခဲ့တာပါ။ သူပြောတာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်မယ် ပြောပြီး အခုလို တက္ကသိုလ်တွေ ခွဲဖွင့်နေတာ အပြောနဲ့အလုပ်လွဲနေတယ်။ တကယ်ဆို ငါတို့ခေတ်တုန်းက တစ်နေရာမှာ တက္ကသိုလ် တစ်ခုတည်းရှိတော့ အဲဒီမှာ ဒေသပေါင်းစုံက လူမျိုးပေါင်းစုံ လာတွေ့ပြီး တစ်ယောက်အ ကြောင်း တစ်ယောက် နားလည်လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမခိုင်မြဲစေဘူးလားတဲ့။ အဲ့လိုပြောတဲ့ သူငယ်ချင်းက ရှမ်းလူမျိုးပါ။ တကယ်ကိုပဲ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ် အစုံ ရှိပါတယ်။ အားလုံး ချစ်ချစ်ခင်ခင် ပြောမနာဆိုမနာတွေပါပဲ။
အဲဒီတက္ကသိုလ်ကိုပဲ ဆရာမင်းလူက ပန်းကျောင်းလို့ တင်စားခဲ့ပါတယ်။ ကျွန်တော်ကတော့ အခုထက်ထိ လွမ်းနေမိလို့ အလွမ်း ကျောင်းလို့ ခေါ်ချင်ပါတယ်။
တက္ကသိုလ်ဆိုပြီး အထက်တန်းကျောင်း သာသာလောက် အနေအထားနဲ့ တက်နေကြရရှာတဲ့၊ တောကြိုအုံကြားမှာ ဘာကိုပျော်လို့ ဘာကို လွမ်းရမှန်း မသိဖြစ်နေရှာတဲ့ အခု ခေတ်တက္ကသိုလ် ကျောင်းသားလူငယ်တွေ အဖို့တော့ ကျွန်တော်တို့ တက်ခဲ့တဲ့ တက္ကသိုလ်ဘ၀တွေဟာ အိပ်မက်ကျောင်း ဖြစ်နေ မယ်ထင်ပါရဲ့။
နောက်မျိုးဆက်တွေ အတွက်တော့ အိပ်မက်ကျောင်းဘ၀ကနေ ပန်းကျောင်းဘ၀ကို ပြန်ရပါစေလို့ လေးလေးနက်နက်ဆုတောင်းမိပါတယ်။
(ရန်ကုန်စက်မှုတက္ကသိုလ် ရွှေရတုပွဲနဲ့ အခု ဒီဇင်ဘာလမှာလုပ်မယ့် ၁၉၈၃-၉၄ RIT သူငယ်ချင်းများ တွေ့ဆုံပွဲကိုလည်း ဒီဆောင်းပါးနဲ့ ဂုဏ်ပြုပါတယ်)
The Ladies News Journal

No comments:
Post a Comment