Saturday, January 3, 2015

လူထုရှေ့ဆောင်များအပေါ် မူတည်နေသည့် ၂၀၁၅ - အယ်ဒီတာ့အာဘော်

 ကမ္ဘာ့နိုင်ငံများအကြား ဆင်းရဲချမ်းသာ ကွာဟရခြင်း အကြောင်းရင်းမြစ်ကို ရှာဖွေ ဆန်းစစ်ကြည့်မည် ဆိုပါက သော့ချက် အကျဆုံး အရာတစ်ခု ကို တွေ့ရမည် ဖြစ်သည်။ ယင်းမှာ နိုင်ငံရေးပင်ဖြစ်သည်။

ချမ်းသာကြွယ်ဝသော၊ ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံအများစု တွင် ကောင်းမွန်ခိုင်ခံ့သော နိုင်ငံရေး စနစ်များနှင့် နိုင်ငံ့ရေးရာ၌ ကျွမ်းကျင် လိမ္မာသော အုပ်ချုပ်သူများ ရှိနေသည်။ အရည်အချင်း နိမ့်ကျသော အုပ်ချုပ်သူများနှင့် နိုင်ငံရေး ပြဿနာများစွာ ရှိနေသော နိုင်ငံများမှာမူ ဆင်းရဲနိမ့်ကျပြီး ဖွံ့ဖြိုးတိုးတက် မှု နှေးကွေး နေသည်ကို မြင်တွေ့ရ မည် ဖြစ်သည်။ ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြွယ်ဝ ချမ်းသာရေး တို့အတွက် အဓိက လိုအပ်ချက်သည် ခိုင်ခံ့ကောင်းမွန်သော နိုင်ငံရေးစနစ်နှင့်
အရည်အချင်း ပြည့်ဝသော အုပ်ချုပ်သူများ ဖြစ်သည်။ ထို့အပြင် နိုင်ငံသားများ၏ အသိပညာ ရေချိန်နှင့် နိုင်ငံရေး၌ ပါဝင် ဖြည့်ဆည်းနိုင်မှု အတိုင်းအတာသည်လည်း နိုင်ငံဖွံ့ဖြိုးရေးအတွက် အခရာကျသည်။

မြန်မာနိုင်ငံအနေနှင့် ဆိုးရွားလှသော အာဏာရှင်စနစ်နှင့် ညံ့ဖျင်းလှသော ကိုယ်ကျိုးရှာ အုပ်ချုပ်သူ အစိုးရများ၏ ဖိနှိပ်မှုအောက် နှစ်ပေါင်း များစွာ ဖြတ်သန်းခဲ့ရပေသည်။ အာဏာကို ကာလရှည်ကြာ ဖက်တွယ် ထားနိုင်ရေးအတွက် နည်းလမ်းမျိုးစုံသုံး၍ ပြည်သူချနင်း ခဲ့ကြခြင်းကြောင့် နိုင်ငံနှင့် နိုင်ငံသားတို့ အဖက်ဖက်တွင် နိမ့်ကျသွားခဲ့ရသည်။ အာဏာ သက်ဆိုးရှည်ရေးကိုသာ မျှော်တွေး လုပ်ဆောင် ခဲ့ခြင်းကြောင့် နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ကဏ္ဍ အသီးသီးတွင် တစ်စထက် တစ်စ ယိုယွင်းပျက်စီး လာခဲ့ပြီး နိုင်ငံသားများ၏ လူမှုဘ၀များစွာ ထိခိုက် နစ်နာခဲ့ရသည်။ အာဏာရှင်စနစ်အောက် နိုင်ငံသားများ၏ အကြားအမြင်များ ပိတ်ဆို့ ဖုံးကွယ်ခံခဲ့ရပြီး နိုင်ငံ၏ ပညာရေးမှာလည်း အဖတ်ဆယ် မရအောင် ဖြစ်ခဲ့သည်။ နိုင်ငံရေးစနစ်နှင့် အုပ်ချုပ်သူအစိုးရ မကောင်း သဖြင့် နိုင်ငံရော၊ နိုင်ငံသားများပါ နိမ့်ကျပျက်စီး ခဲ့ရခြင်းဖြစ်သည်။

ယခုအခါ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှု ရရှိစေရေး အတွက် နိုင်ငံသားများ၏ အသိပညာရေချိန် မြင့်မားရေးကို အလေးထား ပြောဆိုလာကြသည်။ အမှန်အားဖြင့် နိုင်ငံသားများကို အဖက်ဖက်တွင် နိမ့်ပါး စုတ်ပြတ်အောင် ဖန်တီးခဲ့သည့် အကြောင်းတရားမှာ အာဏာရှင်ဆန်သော နိုင်ငံရေး စနစ်များနှင့် ညံ့ဖျင်းသော ကိုယ်ကျိုးရှာ အုပ်ချုပ်သူများပင် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် နိုင်ငံသားများ၏ အသိပညာ ရေချိန်နှင့် နိုင်ငံ့ရေးရာ၌ ပါဝင် အားဖြည့်မှုတို့ကို တိုးတက်မြင့်မား လာစေရန်အတွက် အဓိက တာဝန်အရှိဆုံးမှာ အာဏာ ရယူ ထားသူများနှင့် နိုင်ငံ၏ ဦးဆောင်မှု အခန်းကဏ္ဍ၌ ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများပင် ဖြစ်သည်။

နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်စီးခံခဲ့ရသော နိုင်ငံသားများအနေနှင့် ပညာရေးရေချိန် နိမ့်ကျနေစေကာ မူ နိုင်ငံရေး နိုးကြားမှု ကတော့ မြင့်မြင့်မားမား ရှိနေဆဲပင် ဖြစ်သည်။ ပြီးခဲ့သော ရွေးကောက်ပွဲများ၊ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုနှင့် နိုင်ငံရေး ဟောပြောမှုများ၌ လူထုပါဝင်မှု အတိုင်းအတာကို ကြည့်ခြင်း အားဖြင့် သိနိုင်သည်။ မြန်မာ့နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ၌ရှိသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ အနေနှင့် ယင်းအချက်ကို ကောင်းစွာ အသုံးချ၍ နိုင်ငံသားများ နိုင်ငံရေး၌ ပါဝင်ပတ်သက်မှု၊ ပါဝင်အားဖြည့်မှု များပြားလာရေးနှင့် နိုင်ငံရေး အသိမြင့်မားရေးတို့အတွက် လမ်းကြောင်း ဖော်ပေးရန်၊ အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်သည်။

နိုင်ငံရေးစနစ်နှင့် အုပ်ချုပ်သူများ ညံ့ဖျင်းသဖြင့် ပြည်သူများ အသိပညာရေချိန် နိမ့်ပါးခဲ့ရသည် ကို ထောက်ရှု၍ ကောင်းမွန်သော နိုင်ငံရေးစနစ်နှင့် အရည်အချင်း ပြည့်ဝသော အုပ်ချုပ်သူများ ရရှိလာမှသာ နိုင်ငံ၏ ပညာရေး ရေချိန်ကို ပြန်လည် မြင့်မားလာအောင် လုပ်ဆောင်နိုင်မည်ကို သတိပြုသင့်သည်။ မြန်မာပြည်သူ လူထု၏ နိုင်ငံရေး နိုးကြားမှုကို ထိရောက်သေချာစွာ အကျိုးရှိရှိ အသုံးချ၍ ကောင်းမွန်သော နိုင်ငံရေးစနစ် (ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်သော အခြေခံဥပဒေ) ဖြစ်လာစေရေးနှင့် အရည်အချင်း ပြည့်ဝသော ကိုယ်စားလှယ် များအား လွတ်လပ်၍ တရားမျှတစွာ ရွေးကောက် တင်မြှောက်ခွင့် ရစေရေးတို့ကို မဟာဗျူဟာ၊ နည်းဗျူဟာ ကောင်းများ စနစ်တကျ ချမှတ် အကောင်အထည် ဖော် ရမည် ဖြစ်သည်။

၂၀၁၅ နှစ်သစ်သည် မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသော ကာလတစ်ခု ဖြစ်နေသည်။ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပ လှုပ်ရှားမှုများ အရှိန်မြှင့်ရမည့် ကာလ ဖြစ်သည့်အပြင် လွန်စွာ အရေးပါသော ရွေးကောက်ပွဲကလည်း ရှိနေသည်။ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေသော ရှေ့ဆောင် ပုဂ္ဂိုလ်များနှင့် ရှေ့ဆောင်နိုင်ငံရေး အဖွဲ့အစည်းများအတွက် အထူးအရေးကြီးသည့် နှစ်တစ်နှစ် ဖြစ်သည်။

၂၀၁၅ နှစ်သစ်တွင် ဒီမိုကရေစီခရီး မည်မျှပေါက်ရောက်မည် ဆိုသည်မှာ ဒီမိုကရေစီရေး ကြိုး ပမ်းနေသော ရှေ့ဆောင် ပုဂ္ဂိုလ်များနှင့် လူထုရှေ့ဆောင် အဖွဲ့အစည်းများက ပြည်သူ၏ နိုင်ငံရေး နိုးကြားမှုအား မည်မျှ ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချနိုင်သည်ဆိုသည့် အချက်ပေါ်တွင် မူတည်နေပါကြောင်း တင်ပြလိုက်ရ ပါသည်။

အယ်ဒီတာ

၃၁-၁၂-၂၀၁၄

 မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment