လားရှိုး (မဇ္ဈိမ) ။ ။ မန္တလေး - လားရှိုး ပြည်ထောင်စု လမ်းမပေါ်ရှိ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာ အနီးတွင် စစ်သင်တန်း တက်ရောက်မည့် သင်တန်းသား ၁၄၂ ဦးကို တင်ဆောင် လာသည့် တပ်မတော် ယာဉ်တန်း ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက မိုင်းဆွဲ တိုက်ခိုက် ခံရ သည်ဟုဒေသ ဆိုင်ရာ တပ်မတော် တပ်ရင်း တပ်ဖွဲ့နှင့် အုပ်ချုပ်ရေး တာဝန် ရှိသူ တို့က အတည်ပြုသည်။
အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တပ်မတော်ယာဉ်(၅)စီးအနက်မှ ၄စီးမြောက် ယာဉ်၏ လေကာ မှန်ကွဲပြီး ယာဉ်ဘယ် ဘက်ခြမ်းကို မိုင်းစအချက် ၂၀ခန့် ထိမှန်ကာ ယာဉ်ပေါ်မှ သင်တန်းသား ၆ ဦးဒဏ်ရာရခဲ့သည်ဟုဆိုသည်။
ဒဏ်ရာရရှိ သူတို့အနက် ၄ဦးသည် စိုးရိမ်ဖွယ် အခြေအနေ ရှိ၍ ကျောက်မဲ ပြည်သူ့ဆေးရုံ ကြီးမှ တစ်ဆင့် ပြင်ဦးလွင် တပ်မတော် စစ်ဆေးရုံ သို့လည်းကောင်း၊ မစိုးရိမ်ရသည့် ၂ ဦးကို လားရှိုးမြို့ တပ်မတော်စစ်ဆေးရုံသို့ လည်းကောင်း အသီးသီး ပို့ဆောင်၍ ဆေးကုသမှု ပေးထားသည်ဟု အဆိုပါ တာဝန်ရှိ သူတို့ ကဆို သည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ခုအင်အား ၅ဦးခန့် လှုပ်ရှားနေသော ဆက်ကြေးကောက်ခံရာ နယ်မြေဖြစ် သည်ဟု အဆိုပါ တာဝန်ရှိသူတို့က သုံးသပ်သည်။
မန္တလေးမြို့ စစ်သား စုဆောင်းရေး အမှတ်(၂)မှ သင်တန်းသား ၁၄၂ ဦးကို လားရှိုး မြို့နယ် ကုန်းညောင်ကျေးရွာရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် ၁၁ စစ်ပညာ အခြေခံ သင်တန်းသို့ ပို့ဆောင် စဉ်လမ်း ခရီး၌ တိုက်ခိုက် ခံရခြင်း ဖြစ်သည်။
ဒီဇင်ဘာလ(၂၉)ရက်ကလည်း ကျောက်မဲမြို့မဈေးကြီးအနီးရှိ စစ်မှုထမ်းဟောင်းဂိတ်တွင် အမည်မသိ လက်နက် ကိုင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စစ်မှု ထမ်းဟောင်း အဖွဲ့ဝင် တစ်ဦး ကျည်ဆံ ထိမှန် သေဆုံး ခဲ့ရသေးသည်။
Credit - Mizzima News
No comments:
Post a Comment