ပုဂ္ဂလိက သတင်းစာများသည် သက်တမ်းနှစ်နှစ်တွင်း ဝင်လာသည်အထိ ရုန်းကန်နေရဆဲဖြစ်သည်။ မူလက သတင်းစာများ ထွက်ပြီး ခြောက်လ၊ တစ်နှစ်ကြာလျှင် အရည်အချင်း စစ်ဆေးပြီး ဖြစ်သွားမည်၊ ကျန်သတင်းစာများ အောင်ပွဲခံ ရှင်သန်နိုင်ကြလိမ့်မည်ဟု သတင်းစာပညာနှင့် သတင်းစာဈေးကွက်ကို နားလည်သူများက ခန့်မှန်းခဲ့ကြဖူးသည်။ သူတို့ မှားလေပြီ။
၂၀၁၃ ဧပြီ ၁ တွင် စတင် ထုတ်ဝေခဲ့သော ပုဂ္ဂလိကသတင်းစာများမှာ အစိုးရ၏ အထောက်အပံ့ အကူအညီကို လုံးဝ မရခဲ့ကြပါ။ အစိုးရသတင်းစာများကသာ ပြည်သူ့ဘဏ္ဍာငွေများဖြင့်
ကြမ်းချင်တိုင်းကြမ်းခွင့် ရခဲ့သည်။ သတင်းစာအတွက်လိုအပ်သော ပုံနှိပ်စက်များကို ရန်ကုန်သာမက မြန်မာနိုင်ငံအနှံ့ မြို့ရွာများတွင် တည်ထားနိုင်ကြသည်။ သတင်းစာဖြန့်ချိရေးကွန်ရက်ကလည်း များစွာကောင်းသည်။
သတင်းစာရှင်သန်ရေး အဓိက အသက်ဖြစ်သော ကြော်ငြာများကလည်း အစိုးရသတင်းစာများတွင် လိုသည်ထက် ပိုလျှံနေသည်၊ မြင်၍ပင် မကောင်းဟု ဆိုရပါလိမ့်မည်။ ပြည်သူ့ဘဏ္ဍာငွေဖြင့် ထင်တိုင်းလုပ်ခွင့် ရှိနေသော အစိုးရသတင်းစာကို ပုဂ္ဂလိကသတင်းစာများက မုဒိတာ ပွားရမည့်သဘော ဖြစ်နေသည်။ အစိုးရသတင်းစာသည် ပုဂ္ဂလိသတင်းစာများထက် အစစအရာရာ အသာစီး ယူထားပြီး၊ ပုဂ္ဂလိက သတင်းစာများ ဒုက္ခရောက်လေ ကြိုက်လေသဘောမျိုး တွေ့နေရသည်။
ပုဂ္ဂလိကသတင်းစာများတွင် ပုံနှိပ်စက်ရှိသူများက အရှုံးခံသာသေးသည်။ ပုံနှိပ်စက်မရှိသူများက သူများတိုက်တွင် ရိုက်ရသည်။ အကျိုးအမြတ်မရသေးသော လုပ်ငန်းများ ဖြစ်သဖြင့် စိုက်ထုတ်ချည်းနေရလေသည်။ ကြော်ငြာကလည်း ပြည်တွင်းကြော်ငြာသာ အများဆုံး ဖြစ်နေပြီး အများစုက အစိုးရသတင်းစာသို့သာ သွားလိုကြသည်။ ကြော်ငြာထည့်သူတွင် အပြစ်မရှိပါ၊ ကြော်ငြာထည့်သွင်းသူက သူ့ငွေကြေးကို အတန်ဆုံး အသုံးပြုလိုမည်သာ ဖြစ်ပါသည်။
အစိုးရသည် ပုဂ္ဂလိကသတင်းစာများကို လုံးဝ ထောက်ပံ့ အားပေးမှု မရှိပါ။ ပုဂ္ဂလိသတင်းစာများ လျော့နည်း ပပျောက်သွားသည်ကို သာ မြင်လိုသူ ဖြစ်ပါသည်။ ပုဂ္ဂလိသတင်းစာများအတွက် အရေးကြီးသော ပုံနှိပ်လုပ်ငန်းကိစ္စများနှင့် ဖြန့်ချိရေးကိစ္စများတွင် အစိုးရသည် များစွာ ပံ့ပိုး ကူညီနိုင်စွမ်း ရှိနေသော်လည်း မသိ မမြင်ယောင်ဆောင်ထားပါသည်။ ပြည်သူ့ဘဏ္ဍာနှင့် လည်ပတ်နေရသူ အစိုးရသတင်းစာ၏ ထိန်းကွပ် အုပ်ချုပ်သူများက ပုဂ္ဂလိကသတင်းစာများကို ပြိုင်ဘက်လို သဘောထားပြီး နှိမ်နင်းလိုပုံရသည်။
အထူးသဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပါအ၀င် တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် ကာလတွင် လွတ်လပ်သည့် သတင်းစာများ မရှင်သန်လျှင် အစိုးရအတွက် အမြတ်ထွက်မည်ဖြစ်သည်။ အစိုးရသတင်းစာတွင် ပြည်သူများ အမှန်တကယ် ဖတ်လိုသည့် သတင်းများထက် မဲဆွယ်စည်းရုံးရေးသဘောဆောင်သော သတင်းများကိုသာ တွေ့ရပါလိမ့်မည်။ တကယ်တော့ အစိုးရအနေဖြင့် သတင်းစာဈေးကွက်တွင်း စီးစီးပိုင်ပိုင် နေရာဝင်ယူထားရန် မသင့်တော်ပါ။
၂၀၁၅ တွင် တိုင်းပြည်နှင့်လူထုအကျိုးအတွက် လွတ်လပ်ပြီး အမှီအခိုကင်းသော၊ သတင်းစာပညာ အရည်အသွေးရှိ၍ တော်တည့် မှန်ကန် မျှတသည့် သတင်းစာများ၊ ဂျာနယ်များ၊ သတင်းစာစောင်များ များစွာ လိုအပ်ပါသည်။ သို့မှသာ အခွင့်ထူးခံ လူတန်းစားတစ်ရပ်၏ ကိုယ်ကျိုးရှာ အညစ်အပတ်များကို ထုတ်ဖော် တင်ပြနိုင်ကြမည်ဖြစ်သည်။ ၂၀၁၅ တွင် လွတ်လပ်သည့် မီဒီယာများ အားနည်းသွားခြင်း သို့မဟုတ်ပါက သေသွားပါက အစိုးရအတွက် အောင်ပွဲဖြစ်သွားပါလိမ့်မည်။
လွတ်လပ်သည့် သတင်းစာများနှင့် သတင်းမီဒီယာများသည် အစိုးရကို အမြဲတစေ စောင့်ကြည့်ပြီး ဖေဝန်ထောက်ပြနေကြသည်။ တိုင်းပြည်နှင့်လူထုအကျိုးစီးပွားအတွက် သတင်းစာများက သတင်းစာအလုပ် (၀ါ) စတုတ္ထမဏ္ဍိုင်အလုပ် လုပ်နေခြင်းကို အစိုးရက အမြင်မကြည်တတ်ပါ။ အစိုးရ၏ အမှားများလေ ဝေဖန်ထောက်ပြမှုများက ပိုလေလေဖြစ်ပါသည်။
အစိုးရနှင့် အစိုးရအကြိုက် လိုက်ရသည့် ခရိုနီများက ပြည်တွင်းရုပ်သံလွှင့်ဌာနများကို ထိန်းချုပ်ထားသဖြင့် အစိုးရစိတ်ကြိုက် လုပ်ခွင့်သာ သည်၊ မပင်ပန်းဘဲ ဝါဒဖြန့်နိုင်သည်။ ရုပ်သံများတွင် ၀င်ငွေသောက်သောက်လဲရသော ဖျော်ဖြေရေးလိုင်များသာ တွင်ကျယ်ပြီး တိုင်းပြည်နှင့်လူထု အကျိုးရှိစေမည့် သတင်းများကို တွေ့မြင်ရဦးမည် မဟုတ်ပါ။ ၂၀၁၅ တွင် ပုဂ္ဂလိကသတင်းစာများ သေသေချာချာ ရှင်သန်ပြီး (ပိုမိုအရှုံးခံနိုင်ပြီး) နိုင်ငံနှင့် နိုင်ငံသားများအကျိုးကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ကြပါရန် မဇ္ဈိမက တိုက်တွန်းသည်။
Credit - Mizzima News
No comments:
Post a Comment