Friday, May 1, 2015

Sky Net in house channels သတင်းမှားယွင်းမှု လျော်ကြေး တောင်း ခံခြင်းအပေါ် ညှိနှိုင်းမှုမရှိက တရားဥပဒေအရ ဆောင်ရွက်မည်

 ရန်ကုန်၊ ဧပြီ ၂၅

Sky Net in house channels မှ ရွှေစင်စင်္ကြာယာဉ်လိုင်းသတင်း မှားယွင်းဖော်ပြမှု အပေါ် လျော်ကြေး တောင်း ခံသည့်ကာလ ရက်တိုးမြှင့် ထားသော်လည်း တာဝန်ရှိသူ တစ်ဦးတစ်ယောက်မျှ လာရောက်ညှိနှိုင်းမှု မပြုလုပ်ပါက တရားဥပဒေအရသာ ဆောင်ရွက်သွားမည်ဟု ဧပြီလ ၂၇ ရက်တွင် ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်၏ တရားလွှတ်တော်ရှေ့နေ ဦးနေလက မြန်မာသံတော်ဆင့် သို့ ပြောသည်။

Sky Net in house channels နှင့် Myanmar National TV (mntv) ရုပ်သံလိုင်းမှ ရွှေစင်္ကြာယာဉ်နှင့် မန်းရာဇာဘတ်(စ်)ကားကြီး ၂ စီး ယာဉ်မတော်တဆ သတင်းအား ထုတ်လွှင့်ခဲ့ရာတွင် ရွှေစင်စင်္ကြာဟု မှားယွင်း ဖော်ပြခဲ့သည့်အပြင် ထိုသို့ထုတ်လွှင့်နေစဉ် ရွှေစင်စင်္ကြာကုမ္ပဏီမှ မှားယွင်းကြောင်း
ဆက်သွယ် ပြော ကြား ခဲ့သော်လည်း ပြန် လည် မေးခွန်းထုတ်ခြင်း၊ မချေမငံ ပြန်လည် ပြောဆိုခြင်း များ ပြုလုပ်ခဲ့သည်။ ဧပြီလ ၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ တွင် ရွှေစင်စင်္ကြာကုမ္ပဏီက မှားယွင်းကြောင်း တရားဝင် တောင်းပန်မှု မပြုလုပ်ပါက လျော်ကြေးငွေ သိန်းပေါင်း ၁၀၀၀၀ တောင်းခံမည်ဟု ထည့်သွင်း ကြေညာခဲ့ရာ mntv ရုပ်သံလိုင်း အနေဖြင့်သာ တောင်းပန် ရာတွင် ပြည့်စုံမှုမရှိသည့်အပြင် Sky Net ရုပ်သံလိုင်း အနေဖြင့် တရားဝင် ညှိနှိုင်းတောင်းပန်ခြင်း မရှိသည့်အတွက် လျော်ကြေးငွေ တောင်းခံခြင်း ကာလကို ၂ လ တိုးမြှင့် သတ်မှတ်ကာ အဆိုပါကာလအတွင်း တစ်စုံတစ်ရာ ညှိနှိုင်းမှု မပြုလုပ်ပါက တရားဥပဒေအရ ဆောင်ရွက်မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောဆိုခြင်းဖြစ်သည်။

““သူတို့ဆီကို တရားဝင် နို့တစ်စာလည်း ပို့ပြီးပြီ။ mntv က တရားဝင် တောင်းပန်ပေမယ့် ပြည့်စုံမှုမရှိဘူး။ ခိုင်လုံတဲ့ သတင်းရင်းမြစ်ဌာနက ရတာလို့ ပြောထားတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် တာဝန်ယူရမှာပေါ့။ Sky Net က အခုထိ လုံးဝ ညှိနှိုင်း တာရော၊ တောင်းပန်တာရော မရှိဘူး။ ဥပဒေအရ ရက်ကိုတိုးလိုက်တာ။ ဒီကာလထဲ ညှိနှိုင်းမှု မရှိရင် တရားဥပဒေအရပဲ ဆောင်ရွက်မှာပါ။ ပြီးတော့ mntv ကို ရုပ်မြင်သံကြားနဲ့ စာချုပ် ချုပ်ထားတယ်ကြားလို့ ကျွန်တော်တို့ ရုပ်မြင်သံကြားကိုပါ နို့တစ်စာထဲ ထည့်လိုက်တာ သူတို့ဘက်က မဟုတ် ဘူးဆိုတော့ ရုပ်သိမ်းစာလည်း ပြန်ထုတ်ခဲ့ပါပါတယ်””ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ဆိုသည်။

Sky Net in house channels မှ သတင်း မှားယွင်း ဖော်ပြမှု အပေါ် ရွှေစင်စင်္ကြာ ယာဉ်လိုင်း၏ ထုတ် ပြန်ချက် နှင့် ပတ်သက်၍ Sky Net ရုပ်သံတာဝန်ခံ ဦးရဲမင်းဦးက ““ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှ မပြော ချင်တော့ဘူး”” ဟုသာ မြန်မာသံတော်ဆင့်သို့ ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

Sky Net in house channels , Myanmar National TV – mntv ၏ ရွေ့လျားစာတန်းထိုး မမှန်သတင်း ထုတ်လွှင့်ခြင်းအတွက် တာဝန်ရှိသော ဌာနအဖွဲ့အစည်း ကုမ္ပဏီများ ဖြစ်ကြသော Sky Net, Shwe Than Lwin Media Co,Ltd, MRTV-4 ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV), 4 Digital တို့အပေါ် အထွေထွေ နစ်နာမှု လျော်ကြေး တောင်းခံခြင်း ဒုတိယအကြိမ် နို့တစ်အကြောင်းကြားစာကို ဧပြီလ ၂၄ ရက်ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဌာနအနေ ဖြင့် ၎င်းတို့ တာဝန်ယူ ထုတ်လွှင့်သော ရုပ်သံလိုင်းများမှ အဆိုပါ သတင်းကို ထုတ်လွှင့်ခဲ့ခြင်း မရှိသဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းသွားမည်ဟု ဧပြီလ ၂၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ပြန်လည် သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV), 4 Digital, MRTV-4 စသည်ဖြင့် ဒုတိယအကြိမ် လျော်ကြေးငွေ တောင်းခံခြင်း နို့တစ်စာတွင် ထည့်သွင်းခံမှုအပေါ် MRTV အနေဖြင့် တရားဥပဒေနှင့် အညီ ဖြေရှင်းသွားမည်ဟု သတင်းထုတ်ပြန် ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဌာနသို့ ဆက်သွယ်မေးမြန်း ခဲ့ရာ 4 Digital သို့သာ မေးမြန်းပါဟု ဖုန်းလွှဲပေးခဲ့သည်။

ထို့နောက် 4 Digital သို့ ထပ်မံဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့် ပြောကြားခွင့် မရှိ၍ ရုံးချုပ်သို့ ဆက်သွယ်ရန် ပြန်လည် ဖုန်းလွှဲပေးခဲ့ရာ ၎င်း FOREVER GROUP မှ တာဝန်ကျ ၀န်ထမ်းတစ်ဦးက 1876 သို့ မေးမြန်းပါက ဖြေကြားမှု ပြုလုပ်နိုင်မည်ဟု ဖြေကြားခဲ့သည်။

ထိုမှတစ်ဆင့် 1876 Hot Line မှ Call Center တာဝန်ရှိသူက ၎င်းအနေဖြင့် ဖြေကြားခွင့် မရှိ၍ မူလ ဆက်သွယ်ခဲ့သော ဌာနဆိုင်ရာ ဖုန်းနံပါတ်များကို ပြန်လည် ဖုန်းလွှဲပေးခဲ့သည့်အတွက် တိကျသည့် ဖြေကြားမှု မရရှိခဲ့ပေ။

ရွှေစင်စင်္ကြာကုမ္ပဏီက မတ် လ ၂၄ ရက်ထုတ် Daily Eleven သတင်းစာ၌ Shwe Than Lwin Co.Ltd, Sky Net တို့အပြင် MRTV-4 ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV, 4-Digital တို့ကလည်း မမှန်မကန် သတင်း ထုတ်လွှင့် ခဲ့သည့်အတွက်ဟုဆိုကာ ကျပ်သိန်းပေါင်း ၁၀၀၀၀ တောင်းခံခဲ့မှုအား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ကို ပြန်လည်ရုပ်သိမ်းပြီး FOREVER GROUP Co.,Ltd, MRTV-4 နှင့် 4TV (4-Digital)မှ တာဝန်ရှိသူများအား ကျေနပ်သည် အထိ တောင်းပန်ရန်နှင့် ပျက်ကွက်ပါက နစ်နာမှုများအတွက် ဥပဒေအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဧပြီ၂၉ ရက်ထုတ် နိုင်ငံပိုင်အစိုးရ အာဘော် သတင်းစာများမှတစ်ဆင့် FOREVER GROUP Co.,Ltd က တုံ့ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခင်စစ်အစိုးရ လက်ထက်တွင် အစိုးရဘက်မှ ဘက်လိုက် တည်းဖြတ်မှုများ ပြုလုပ်ခဲ့သူ စာပေကင်ပေတိုင် ရဲရင့်တင့်ဆွေ(ခေါ်) ဗိုလ်မှူးတင့်ဆွေ(ငြိမ်း)သည် ယခုမြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် အဖြစ်လည်း ခန့်အပ်ခံထားရသူ တစ်ဦးဖြစ်သည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment