Sunday, April 26, 2015

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဒုတိယအကြိမ် တွေ့ဆုံရန်ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောသော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိ

ရန်ကုန်၊ ဧပြီ ၂၃

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဒုတိယအကြိမ် ထပ်မံပြုလုပ်ရန် ရှိသည်ဟု ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ် ခဲ့သော ဗဟိုကော်မတီ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဧပြီ ၂၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းကို ““အစည်းအဝေးမှာ ဒုတိယအကြိမ်ရှိတယ်လို့ ပြောသွားတာ။ ဘယ်နေ့ ဘယ်လ ဆိုတာမပါဘူး။ တခြား အသေးစိတ်လည်း မပြောသွားပါဘူး””ဟုဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ဧပြီလ ၁၀
ရက်က ပြုလုပ်ပြီးစီးခဲ့သည့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးနှင့် ရွေးကောက်ပွဲ အလွန်ကာလ တည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က မီဒီယာများသို့ ရှင်းလင်း ပြောကြားသည်။ ထို့ပြင်လာမည့် မေလတွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း၌ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ရလာဒ်များကို ထည့်သွင်းသွားရန် စောင့်ဆိုင်းနေကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက The Voice Weekly သို့ ထုတ်ဖော် ပြောကြားထားသည်။

နောက်တစ်ကြိမ် ထပ်မံပြုလုပ်မည့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို သင်္ကြန်ကာလအပြီး မေလအတွင်း လွှတ်တော်များ ပြန်လည် စတင်ချိန်၊ ဆွေးနွေးပွဲတွင် ပါဝင်သူ ၆ ဦးစလုံး အားလပ်ချိန်မှသာလျှင် ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်းကို ““အခုဆို သမ္မတကြီးက ခရီးတွေသွားနေတယ်။ အာဆီယံ အစည်းအဝေးလည်း ရှိသေးတယ်။ ပြည်တွင်းရေးရာတွေလည်း ရှိသေးတယ်။ လွှတ်တော်စချိန် မစချိန်နဲ့ မဆိုင်ဘူး။ အားလုံးအားမှ လုပ်မှာ။ ပြည်တွင်းပြည်ပ ခရီးစဉ်ပေါ် မူတည်တယ်။ ကျန်တဲ့သူတွေလည်း ဒီအတိုင်းပဲ။ တွေ့မယ်ဆိုတာက မဟုတ်သေးဘူး။ အလုပ်ရှုပ်နေရင်လည်း တွေ့ဖြစ်ဦးမှာ မဟုတ်ဘူး””ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ပထမအကြိမ် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော် ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမ၌ ဧပြီလ ၁၀ ရက်က ပြုလုပ်ခဲ့ရာ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ တက်ရောက်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ပြုလုပ်နိုင်ရန် စသည့်အကြောင်းအရာများကို အဓိက ဆွေးနွေးခဲ့သည်။

ဝတ်ရည်နွေးနွေး

ပုံညွှန်းစာ - ပထမအကြိမ် သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမ တွင် ပြုလုပ်ခဲ့သည့် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ Photo by Myanmar President Office’s facebook

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment