Sunday, April 26, 2015

ရွှေရည်စိမ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး – ကျော်ကျော်မင်း

 အနိမ့်ဆုံးအခြေခံ လုပ်ခလစာ သတ်မှတ်ချက်ကိုပင် အစိုးရနှင့် လွှတ်တော်တို့က ပျက်ကွက်နေ သည့် ကာလတွင် ဆင်းရဲနွမ်းပါးမှု လျှော့ ချရေး စီမံကိန်းဆိုသည်မှာ ရွေးကောက်ပွဲမ၀င်ခင် မဲဆွယ် စည်းရုံးနိုင်ရုံမျှ ပြောသည့် ဟန်ပြအိပ်မက်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာမြောက် စက္ကူဖြူစီမံကိန်းကြီးကို ကိုင်ကာ မိန့်ခွန်းခြွေခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ အပြောအဟောများတွင် ဆင်းရဲသား၊ အခြေခံလူတန်းစား ပြည်သူအများစု မျှော်လင့်ချက်များ လင်းလက်လာသယောင် ရှိခဲ့သော်လည်း သက်တမ်းကုန်ဆုံးလုနီးပါး အချိန်တွင် မျှော်လင့်ချက်တို့ကား သဲထဲ ရေသွန်သည်ကဲ့သို့သာ အငွေ့ပျံ ပျောက် ကွယ်သွားချေပြီ။

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကြွေးကြော်သူ သမ္မတကြီး၏ သက်တမ်း နောက်ဆုံးနှစ်တွင် အသက် ၈၀ကျော် အမယ်အိုကြီးများလျှင်ပင် ကျူးကျော်မှုဖြင့် ထောင် ချခံနေရသည်ကား မြန်မာနိုင်ငံသား ဆင်းရဲသား ပြည်သူ တို့၏ နေရေးမည်မျှ ခက်ခဲနေသည်ကို အထင်းသားအကဲခတ်နိုင်သည့် မြင်ကွင်း ဖြစ်သည်။

သို့နှင့်တိုင် နောက်တစ်ကြိမ်ရွေး ကောက်ခံရလျှင်ဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်ပါဦး မည်ဟု သမ္မတဦးသိန်းစိန်သည် လူထုကို ပျားရည် ဖြင့်ဝမ်းချရင်း ထပ်မံစည်းရုံးနေပြန်ပါသည်။ သမ၀ါယ မ ခေါင်းစဉ်ဖြင့် အလီလီ ထုတ်ချေးထားသော ငွေကြေးတို့ကား အဆင့်ဆင့်နီးစပ်ရာ၊ ပတ်သက်ရာ တို့တွင်ဆုံး တစ်လှည့်၊ ပြန်မရတစ်လှည့်ဖြင့် မျောပါကုန်ပေပြီ။ ဆောက်သမျှသော အိမ်ရာတို့၏ တန်ဖိုးကား အခြေခံ လူတန်းစားကျောမွဲများ မဆိုထားနှင့် သာမန်လူလတ်တန်းစားပင် မ၀ယ်နိုင်ခဲ့ပေ။…

မကြာခဏ ဘူဒိုဇာဖြင့် ထိုးဖျက်သော ကျူးကျော်တဲများတွင် ခါတော်မီများပါသလို နှစ်ရှည်လများမှီရာမဲ့၊ တွယ် ရာမဲ့ နေထိုင်ရသူများလည်း ပါသည်။ နေရေးမဆိုထားနှင့် စားရေးအတွက်ပင် မလုံလောက်သဖြင့် တိုက်ပွဲဝင် နေရ ဆဲ ဖြစ်ကြောင်း ရွှေပြည်သာ၊ လှိုင်သာယာ အလုပ်သမားသပိတ်များက ဖွင့်လှစ်ပြနေသည်။ ဆင်းရဲနွမ်းပါး မှု ပပျောက်ရေးအတွက် ငွေ ၄-၅သောင်းခန့် ချေးငှားရုံမျှဖြင့်၊ အိမ်ရာစီမံကိန်းကြီး တစ်ခု၊ နှစ်ခုမျှ ဆောက်လုပ် ရုံမျှဖြင့် မဖြစ်နိုင်ခြေ။ ခိုင်မာ စနစ်ကျသော မူဝါဒများ၊ အခြေခံအဆောက် အအုံများကသာ အဓိက ကျပေလိမ့် မည်။

နိုင်ငံအနှံ့တွင် အလုပ်အကိုင် ရှားပါးခြင်းက မြို့ကြီးများသို့ ရွှေ့ပြောင်းအခြေချ လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ် သားဦးရေကို အဆမတန် များပြားလာစေပြီး အိမ်ခြံ မြေလိုအပ်ချက်ကို မြင့်တက်လာစေသည်။ ယင်းသို့ လိုအပ် ချက်မြင့် တက်လာမှုကဈေးနှုန်းကို အဆမတန်ကြီး မြင့်စေလာသည်။

ထို့ကြောင့်၊ မြန်မာနိုင်ငံမြို့ကြီးများတွင် နေထိုင်သည့် အခြေခံနှင့်အလယ် အလတ်တန်းစားမိသားစုများသည် ၄င်းတို့ ၀င်ငွေ၏ ၅၀ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းခန့်ကို နေထိုင်ရေးအတွက် အိမ်ခန်းငှားရမ်းရာတွင် သုံးစွဲနေရ သည်။

အဆိုပါ မိသားစုများအတွက် ကိုယ်ပိုင်နေအိမ် တစ်လုံးဝယ်ယူရေးမှာ အိပ်မက်တစ်ခုသဖွယ်သာ ဖြစ်သည်။ ယင်းသို့ ကြုံတွေ့နေရသည်မှာလည်း အစိုးရ၏ အရာမရောက်သော မဟာဗျူဟာ အလွဲများကြောင့်သာဖြစ် သည်။

နိုင်ငံတကာတွင် ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အဓိကကျသော မဟာဗျူဟာစီမံကိန်းများတွင် အိမ်မဲ့ယာ မဲ့ ပြဿနာကိုဖြေရှင်းပေးခြင်းသည် ဦးစားပေးစီမံကိန်းများ ဖြစ်သည်။

နေအိမ်အတွက် သုံးစွဲရသော ၀င်ငွေအထိုက်အလျောက် လျော့ကျ လာသည်နှင့် အမျှအခြေခံနှင့် လူလတ်တန်း စား မိသားစုများ ကိုယ်ပိုင်နေအိမ်ဖြင့် နေထိုင်ရန်အတွက် မဖြစ်မနေပြုလုပ်ရမည့် မဟာဗျူဟာ ၃ရပ် ရှိနေ သည်။

တိကျသေချာသော လုပ်ခလစာစံနှုန်း (ယခုကောက်ယူလျက်ရှိသည့် အနိမ့်ဆုံး အခြေခံ လုပ်ခလ စာနှုန်းထား ဖြစ်သည်)၊ ပုဂ္ဂလိကအိမ်ရာများ ဖွံ့ဖြိုးတိုးရေးအတွက် ချမှတ်ရမည့် မူဝါဒများနှင့် အခြေခံအဆောက် အဦများ ဖွံ့ဖြိုးရေးမူဝါဒများ ဖြစ်သည်။

အင်္ဂလန်တွင် နိုင်ငံသားများ အိမ်ရာ အလွယ်တကူ ၀ယ်ယူနိုင်ရန်အစိုးရ၏ ကူညီထောက်ပံ့မှုကို နမူနာကြည့် လျှင် လက်ရှိ အစိုးရ၏မူဝါဒနှင့် မည်မျှကွာခြားနေသည်ကို တွေ့နိုင်ပေမည်။

နေအိမ်ဝယ်ယူလိုသူ နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ်ပိုင်အိတ်ကပ်ထဲမှ စိုက်ထုတ်ရသည့်ငွေကြေးမှာ နေအိမ် တန်ဖိုး၏ ၅ရာခိုင်နှုန်းသာဖြစ်သည်။ ကျန်၉၅ ရာခိုင်နှုန်း ယင်းနေအိမ်တန်ဖိုး၏ ၇၅ ရာခိုင်နှုန်း ကိုဘဏ်မှ အပေါင် ခံသည့် အနေဖြင့် ထုတ်ပေးပြီး၊ ကျန်၂၀ရာခိုင်နှုန်းကို ချေးငွေအနေ ဖြင့် ထုတ်ပေး သည်။ မြန်မာနိုင်ငံ နှုန်း ထားဖြင့် တွက်လျှင် သိန်း ၂၀၀တန် တိုက်ခန်းတစ်ခုဝယ်ယူ မည့်မိသားစုအတွက် လတ်တလော ကုန်ကျ ငွေမှာ ကျပ် ၁၀သိန်းသာဖြစ်သည်။

ယင်းသို့ အထောက်အပံ့ပေးနိုင်ရန် ပြောင်းလဲရမည့် မူဝါဒနှင့် စနစ်များစွာ ရှိနေသည်။ လုပ်ငန်းရှင်များ အလိုကျ သတ်မှတ်ထားသည့် အာမခံချက်မရှိသော စံနှုန်းမရှိသော လုပ်ခလစာနှုန်းထားများသည် အိမ်ရာဝယ်ယူ သူများ ကို ချေးငွေထုတ်ပေးမည့်ဘဏ်များ၊ ငွေကြေး ရန်ပုံငွေများအတွက် စွန့်စားရမည့် အခြေအနေပိုမို ကြုံတွေ့နိုင် သဖြင့် လက်ရှောင်ရသည့် အခြေအနေဖြစ်သည်။

မြန်မာနိုင်ငံတွင် အစဉ်အလာအားဖြင့် ဘဏ္ဍာရေး အဖွဲ့အစည်းများသည် အိမ်ခြံမြေများကို အပေါင်ခံငွေ ထုတ် ချေးမှုသာ ပြုလုပ်ကြပြီး အခြားသော လုပ်ငန်းများ ပါဝင်ဆောင်ရွက်မှုနည်းနေ ဆဲဖြစ် သည်။ နိုင်ငံတကာ တွင် ဘဏ္ဍာရေးအဖွဲ့ အစည်းများသည် အိမ်ခြံမြေဈေးကွက် အတွင်းပံ့ပိုးပေးမှုများ ကို ပြုလုပ်ပေးပြီး ဈေးကွက်ကို ပိုမိုဖွံ့ဖြိုးလာစေရေးတွင် အဓိက နေရာတွင် ပါဝင်လျက်ရှိသည်။

အိမ်ခြံမြေများကို အပေါင်ခံ ငွေထုတ်ချေးပေးမှုများ၊ အိမ်ရာဝယ်ယူလိုသူများ အတွက်အရစ်ကျပေးချေ မှုစနစ် ဖြင့်ဆောင်ရွက်ပေးမှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုများ ကို ပြုလုပ်ေ ပးကြ သည်။

ဘဏ်များသာမက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများကဲ့သို့ ဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် အိမ်ခြံ မြေဈေးကွက်အတွင်း ပါဝင်လုပ်ဆောင်မှု ပိုမိုပြုလုပ်ရန် လိုအပ်လာနေခြင်း ဖြစ်သည်။ မိသားစု တိုင်း နေအိမ် ပိုင်ဆိုင်နိုင်ရေးမှာ ယင်းသို့ ငွေကြေးအဖွဲ့အစည်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ကိုင်လာ ရန် လည်း လိုအပ်လာသည်။

ယင်းသို့ မထောက်ပံ့နိုင်သမျှကာလ ပတ်လုံးတွင် အိမ်ခြံမြေပိုင်ဆိုင်ခွင့်သည် ငွေကြေးတတ်နိုင်သူ၊ ကြွယ်ဝ ချမ်းသာသူများနှင့် ၄င်းတို့၏လက်ဝေခံများ အတွက်သာ ဖြစ်နေပေလိမ့်မည်။ အစိုးရအနေဖြင့်လည်း ရေရှည်စီမံ ကိန်းများ လုပ်သာကိုင်သာရှိရေးနှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် မူဝါဒများ အားကောင်းမောင်းသန်ရှိစေရေး အတွက်ကိုမူ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။

မူဝါဒများ အားကောင်းမောင်းသန် ဖြစ်စေရေးဆိုသည်မှာ မူဝါဒများချမှတ်ပြဌာန်းရုံမျှ မဟုတ်ဘဲ လက်တွေ့ ကျင့်သုံးနိုင်ရေးကိုပါ ဆိုလိုသည်။ မြန်မာနိုင်ငံအတွင်းရှိ အချို့သော ဘဏ်ကြီးများအနေဖြင့် သီးခြားသတ်မှတ် ထားသော စီမံကိန်းများတွင် ပါဝင်ဆောင် ရွက်မှုများကို ပြုလုပ်လျက်ရှိပြီး ဘဏ်အချို့လည်း အရစ် ကျပေး ချေ ရေး ၀န်ဆောင်မှု တစ်ချို့စတင်နေပြီ ဖြစ်သော်လည်း အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား များ လက် လှမ်းမီနိုင်သည့် အခြေအနေ မရှိသေးပေ။ တစ်ဖက်တွင်လည်း အနိမ့်ဆုံးလုပ်ခ လစာနှုန်းထားများမှာ လည်း သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသည်။

ထို့ပြင် နယ်မြို့များတွင် စီးပွားရေး အဆောက်အအုံနှင့် အခြေခံအဆောက်အအုံများ၊ အလုပ်အကိုင်များ ဖန်တီး ပေးခြင်းကလည်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမှုကို တည်ငြိမ်စေနိုင်ပြီး နိုင်ငံသားများ၏ အိမ်ယာဝယ်ယူ ရန် ရည်မှန်းချက်ကို တိုးပွားလာစေနိုင်ပေလိမ့်မည်။

အလုပ်အကိုင် ရှားပါးမှု၊ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ သောက်သုံးရေးစသည့် အခြေခံအဆောက်အအုံများ ချို့တဲ့ မှုတို့ကြောင့် စီးပွားရေးမြို့ကြီးများသို့ အဆမတန်ပြောင်းရွှေ့ပြီး အိမ်ခြံမြေဈေးကွက် တစ်နေရာတည်းတွင် စုစည်းလာမှုကို ပြေလျော့စေလာနိုင်ပေမည်။

ယင်းအဆင့်သုံးခုအနက် အလွယ်ဆုံး စတင်နိုင်သည့် အနိမ့်ဆုံးအခြေခံ လုပ်ခလစာ သတ်မှတ်ချက်ကိုပင် အစိုးရနှင့် လွှတ်တော်တို့ကပျက်ကွက်နေသည့်ကာလ တွင်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းဆိုသည် မှာ ရွေးကောက်ပွဲမ၀င်ခင် မဲဆွယ် စည်းရုံးနိုင်ရုံမျှပြောသည့် ဟန်ပြအိပ်မက် သာသာပင်ဖြစ်သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment