ရန်ကုန်၊ ဧပြီ ၂၉
မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တရားဥပဒေ စိုးမိုးရေး ဗဟိုဌာနများကို တိုးချဲ့ ဖွင့်လှစ်နိုင်ရန် ရှေ့ပြေး စီမံကိန်း မှ လေ့လာ တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြကာ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဧပြီလ ၂၇ ရက် နံနက် ၁၀ နာရီ၊ ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲတွင် ပြုလုပ်ခဲ့သည့် တရား ဥပဒေ စိုးမိုးရေး ဗဟိုဌာနများ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ယင်းကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ကြောင်း ကော်မတီအဖွဲ့ဝင် ဒေါက်တာစိုးရင်က ဧပြီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ဒီလုပ်ငန်း ဆောင်ရွက်နေတာက UNDP တို့ ဘာတို့ရှိတယ်လေ။ ပထမက ဖွင့်ထားတဲ့ ရုံးခန်းက လေ့လာ တွေ့ရှိချက်တွေကို အခုဆွေးနွေးပြီး UNDP က တင်ပြတာ။ အဲဒီကနေမှ ဆက်ပြီး လုပ်သွားမှာပါ။ ဥက္ကဋ္ဌ ကတော့ တရားဥပဒေ စိုးမိုးရေး ဗဟိုဌာနတွေကို တိုးချဲ့ ဖွင့်သွားမယ်လို့ အစည်းအဝေးမှာ ပြောကြားခဲ့တယ်”” ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာစိုးရင်က ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် မန္တလေးမြို့နှင့် လားရှိုးမြို့တို့၌ တရားဥပဒေ စိုးမိုးရေး ဗဟိုဌာန ရှေ့ပြေး စီမံကိန်း ရုံးခွဲများကို စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသားဦးရေ ၈၀ တက်ရောက် ခဲ့ကြပြီး အဆိုပါသင်တန်း မှ လေ့လာ တွေ့ရှိချက်များကို အသေးစိတ် ဆွေးနွေးကာ လွှတ်တော်သို့ တင်ပြပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အကူအညီဖြင့် တရားဥပဒေ စိုးမိုးရေး ဗဟိုဌာနများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တိုးချဲ့ ဖွင့်လှစ် သွားရန် ၎င်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
UNDP ၏ ရှေ့ပြေးစီမံကိန်းမှ လေ့လာ တွေ့ရှိချက်များကို အသေးစိတ် အဓိကထား ဆွေးနွေး ခဲ့ကြကြောင်းကို ““ဗဟိုဌာနခွဲတွေက အရင်ကတည်းက ဖွင့်ဖို့လုပ်ထားတာ။ အခုအစည်းအဝေးက UNDP က ရှေ့ပြေးစီမံကိန်း လုပ်ထားတဲ့ မန္တလေးနဲ့ လားရှိုးက လေ့ လာ တွေ့ရှိချက်တွေကို အသေးစိတ်ဆွေးနွေး တင်ပြတာပေါ့””ဟု ကော်မတီ အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဦးခင်မောင်ဝင်း၊ ဒေါက်တာစိုးရင်၊ ဦးကျော်စန်း၊ ဦးညွန့်ဝင်းတို့ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့်အလှူရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment