… ဒီနေ့ခေတ်ကတော့ သတင်းစာတွေ၊ ဂျာနယ်တွေ အများကြီး ပေါ်ထွက် လာတယ်။ အဲဒီသတင်းစာ၊ ဂျာနယ်တွေမှာ လုပ်ကိုင်နေတဲ့ လူငယ် သတင်းစာ ဆရာတွေလည်း အများကြီး ပေါ်ထွက်လာတယ်။ တကယ်ပြောရရင် ကျွန်တော် သတင်းစာလောကရဲ့၊ စာပေလောကရဲ့ အကောင်းဆုံး အချိန်ဟာ ဒီအချိန်လို့ ကျွန်တော် ပြောချင်ပါတယ်။
ကြားရ၊ သိရတာတွေလည်း အများကြီး ရှိလာတယ်။ ရုန်းကန်ရတဲ့ အနေအထားတွေ အများကြီး တွေ့လာရတဲ့ အခါကျတော့ ကျွန်တော်ထင်တယ် သတင်းစာလောကရဲ့ ဂျာနယ်လောကရဲ့ ကြိုးပမ်းအားထုတ်မှု၊ ရုန်းကန်မှု တွေဟာ တော်တော်ကို ကြီးမားတယ်လို့ ပြောချင်ပါတယ်။ အဲဒါကြောင့်လည်း လုပ်ကိုင်နေတဲ့ သတင်းစာ ဆရာကြီးတွေ လူငယ် သတင်းစာဆရာတွေ သူတို့အားလုံးကို ကျွန်တော်လေးစားတယ်လို့ ပြောချင်ပါတယ်။ အားပေးတယ်လို့လည်း ကျွန်တော် ပြောချင်ပါတယ်။ အောင်မြင်အောင် ကြိုးစားကြပါလို့ လည်း ပြောချင် ပါတယ်။ အဲလို ပြောတဲ့အခါမှာ ဒီမြန်မာသံတော်ဆင့်ဟာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
သတင်းစာ လုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်နေတာပဲ။ တစ်ခုရှိတယ် ပါတီနိုင်ငံရေး မလုပ်ဘူးဆိုတာတော့ မှန်တယ်။ သို့သော် သူပါတီ မရှိဘူးလို့လည်း ပြောလို့မရဘူး။ သူ့ပရိသတ်ရှိတဲ့ ပါတီပဲဗျ။ ဥပမာ သံတော်ဆင့် သတင်းစာမှာလုပ်တဲ့ သတင်းစာဆရာတွေ၊ သတင်းထောက်တွေ၊ လူငယ်တွေ၊ လူကြီးတွေ သူတို့အားလုံးဟာ ရှင်းရှင်း ပြောရရင် သံတော်ဆင့်ပါတီ ဆိုတာမှာလုပ်တဲ့ နိုင်ငံရေး သမားတွေပဲ။ အဲလို သဘောထားရင် ရမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီနေရာမှာ မက်မောစရာ၊ တွယ်တာစရာ၊ ဂုဏ်ပြုစရာကိစ္စ ပေါ်လာတယ်။ အဲဒါဘာလဲ ဆိုတော့ သူ့ရဲ့အလုပ်၊ ရေးမယ် လွတ်လပ်စွာရေးမယ်၊ သံတော်ဆင့် သတင်းစာရဲ့ မူဝါဒတွေပေါ့ဗျာ။ ပါတီလည်း မရွေးဘူး၊ မဏ္ဍိုင်လည်း မရွေးဘူး စသည်ဖြင့်ပေါ့။ ပြောသင့်ပြောထိုက် တာတွေကို ရေးမယ် ဆိုတာမျိုး။ ပြည်သူဘက်ကနေပြီးတော့ အော်မယ် ဟစ်မယ် ပြောမယ် ဆိုတာ ဒါတွေဟာ ကျွန်တော်ထင်တယ်။ ဒါတွေက မူဝါဒတွေပဲ။ မူဝါဒဟာ ဘယ်ကနေ ချလဲဆိုတော့ သံတော်ဆင့် သတင်းစာဆရာကနေ ချတာပဲ။ သံတော်ဆင့် သတင်းစာဆိုတာ ပါတီတစ်ရပ် မူဝါဒရှိသလိုပဲ သံတော်ဆင့် သတင်းစာ ဆိုတာလည်း မူဝါဒရှိတဲ့ ဂျာနယ်တစ်ခု။ အဲဒီမူဝါဒအောက်မှာ လုပ်နေတဲ့ သတင်းစာဆရာတွေ၊ ဂျာနယ်လစ်တွေ အားလုံးဟာ လည်း နိုင်ငံရေးသမားတွေလို့ ကျွန်တော်ဒီလိုပဲ ပြောချင်ပါတယ်။
လောကကြီးတစ်ခုလုံးမှာ အမှားတရားတွေဟာ နေရာတိုင်းမှာရှိတယ်။ အမှားတရားတွေ ကြီးစိုးနေတယ်၊ အမှား တရားတွေ ပြန့်ပွားနေတယ်၊ အမှားတရားတွေ လွှမ်းမိုးနေတယ် . . .လောကကြီးက ပြောင်းလဲ လာတယ်၊ ထွေပြား လာတယ်၊ ရှုပ်ထွေးလာတယ်၊ အမှားတရားတွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အမှားတရားတွေကို ဖော်ထုတ်ရမယ်။ ဖွင့်ချရမယ်၊ တိုက်ခိုက်ရမယ်။ အဲဒါတွေကို ဖြိုခွင်းရမယ်လို့ ကျွန်တော်ပြောချင်ပါတယ် …
သတင်းစာဆရာ လုပ်တဲ့သူက အမှန်တရားကို ဖော်ထုတ်မယ်ဆိုပြီးတော့ ကိုယ့်စားပွဲကိုယ်ထိုင်၊ ကိုယ့်စာအုပ် ကိုယ်လှန်ပြီးတော့ ကိုယ့်ကလောင်နဲ့ကိုယ် ရေးချင်တာ ရေးနေရုံနဲ့ မပြီးတော့ဘူး။ အမှားတရားတွေကို ဖော်ထုတ်ရမယ်။ တိုက်ပွဲဝင်ရမယ်။ အမှားတရားတွေကို တွန်းလှန်ရမယ်။ Crusades Journalism ပေါ့ဗျာ။ Crusades ဆိုတာ တိုက်ပွဲဝင်တာပေါ့ဗျာ၊ တိုက်ပွဲဝင်ရမယ့် ခေတ် ကိုရောက်နေပြီလို့ ကျွန်တော်မြင်လာတယ်။
နေရာတိုင်းမှာ များနေပါတယ်။ အကုန်လုံးများတဲ့အခါ နိုင်ငံရေးတို့၊ စီးပွားရေးတို့၊ လူမှုရေးတို့၊ ဘာသာရေးတို့ ဟာမျိုးတွေမှာလည်း အမှားတရားတွေ လွှမ်းမိုးစပြုတဲ့ အယူအဆတွေ အများကြီး ရှိနေပါတယ်။ အဲဒါကြောင့် အားလုံးဟာ အမှန်တရားဘက်ကနေ ရပ်တည်ပါ။ ကောင်း ပါတယ်။ အလားတူပဲ အမှားတရား တွေကိုလည်း ဖော်ထုတ်ကြပါ၊ တိုက်ဖျက်ကြပါ။ ဒီလိုလုပ်ခြင်းအားဖြင့်သာ ကျွန်တော်တို့ရဲ့ သတင်းစာတာဝန်ဟာ ကျေလိမ့်မယ်။ သတင်းစာသမားရဲ့ ဂုဏ်ဒြပ်ဟာ မြင့်မားလိမ့်မယ်။ သတင်းစာသမားရဲ့ လုပ်ငန်းဟာလည်း ထွန်းတောက် လာလိမ့်မယ် . . .
(၉-၃-၂၀၁၄)၊ မြန်မာသံတော်ဆင့် နှစ်ပတ်လည်အခမ်းအနား၌ ဆရာကြီးဟံသာဝတီဦးဝင်းတင် မိန့်ကြားချက် မှ ပြန်လည်ကောက်နုတ် ဖော်ပြပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment