Sunday, April 26, 2015

ကချင်တွင် ၂၀၁၅ အတွင်း မူးယစ်ဆေး ပပျောက်ရန် ကြိုးပမ်းမည်ဟု မြစ်ကြီးနား မူးယစ် တိုက်ဖျက်ကော်မတီဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့ (Kachin Anti Drug Day) ၁ နှစ်ပြည့်အဖြစ် ကချင်ပြည်နယ်အတွင်း ပြည်သူများက ဧပြီ ၂၅ ရက်တွင် ဆန္ဒထုတ်ဖော်ပွဲကို မြစ်ကြီးနားမြို့ နေရာအနှံ့အပြားတွင် ကျင်းပခဲ့သည်။

Kachin-Youth

“နံနက် ၇ နာရီမှာ ၆ နေရာမှာ မြစ်ကြီးနားမှာရှိတဲ့ နေရာအနှံ့က လူထုတွေအားလုံး စုဝေးပြီးတော့ အဲဒီကနေ လမ်းလျှောက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်တွေ ကိုင်ပြီး ဆန္ဒဖော်ထုတ်တယ်။ ပြီးတော့ မနောကွင်းမှာ စုဝေးပြီးတော့ မူးယစ်ဆေးဝါး ဆုတောင်းဝတ်ပြုပွဲ အခမ်းအနား လုပ်ပါတယ်” ဟု မြစ်ကြီးနားမြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှ အထွေထွေအတွင်းရေးမှူး ဆရာအင်ခွမ်တန်ဂွန်းက ပြောသည်။

မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ အောင်နန်း စိန်ကလွမ်ဘန် ကက်သလစ်ဘုရားကျောင်း၊ စီတာပူ စိန်ပတ်စရစ် ကက်သလစ်ဘုရားကျောင်း၊ အင်ဂျန်ကောင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၊ ဒူကထောင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၊ တပ်ကုန်း အင်ကလီဂန် ဘုရားကျောင်း စသည့် နေရာ ၆ နေရာတွင် ဒေသခံ ပြည်သူလူထုများ စုဝေး၍ ထိုမှ စီတာပူရပ်ကွက်ရှိ ကချင်ကနောကွင်းသို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စာတန်းများကိုင်ဆောင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်ခဲ့သည်။

တစ်နှစ်တာအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများ၊ ရောင်းဝယ်မှုများ အနည်းငယ် လျော့နည်းသွားသည်ဟု ရှုမြင်သည်ဟုလည်း ဆိုထားပြီး ၂၀၁၅ ခုနှစ်တွင် မူးယစ်ဆေးဝါး ပပျောက်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆရာအင်ခွမ်တန်ဂွန်းက ပြောသည်။

“အရင်က မူးယစ်ဆေးဝါး သုံးတဲ့သူတွေ၊ ရောင်းဝယ်တဲ့သူတွေ အရမ်းများတယ်။ မူးယစ်းဆေးဝါး သုံးစွဲတဲ့လူတွေက ပစ္စည်းခိုးတာတွေ ခနခနဖြစ်တယ်။ အခုတော့ နည်းသွားပြီ။ ဒါကြောင့် အောင်မြင်မှုတွေ ရရှိတယ်။ အောင်မြင်မှု ရရှိတယ်ဆိုတာ ဥပမာ မူးယစ်ဆေးဝါး သုံးစွဲတဲ့လူတွေဆို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးတဲ့အခါ မူးယစ် ဆေးဝါး ဖျက်လိုက်တဲ့ လူတွေ ရှိသလို၊ တချို့က ဘိန်းစိုက်ပျိုးတဲ့လူတွေလည်း မစိုက်ကြတော့ဘူး။ ရောင်းတဲ့ လူတွေ တချို့လည်း မရောင်းတော့တဲ့ဟာတွေ ရှိတယ်။ ဒီလိုမျိုးတွေက အောင်မြင်မှု ရှိတယ်လို့ ပြောရမယ်”ဟု သူက ပြောသည်။

အခမ်းအနားတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တေးသီးချင်းများ သီဆိုပြီးနောက် ဆုတောင်းဝတ်ပြုမှုတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်စွန်၊ အင်ကလီဂန် အသင်းတော်မှ ဆရာ အာဘရာဟမ် ဇော်ခေါင်၊ ကက်သလစ်အသင်းတော်မှ ဖာသာဒေါင်လွမ်းတို့ ဦးဆောင်ခဲ့ကြပြီး ဆရာအင်ဒိန်အားဂျာက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သက်သေခံ ဟောပြောခဲ့သည်ဟု သူက ပြောသည်။

တစ်နှစ်ပြည့် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ အင်းတော်၊ ဝိုင်းမော်၊ ပူတာအို၊ ဆွမ်ဘရာဘွမ်း အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း စသည့် မြို့နယ် အများအပြားတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။ အလားတူ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာ၊ မိုင်ဂျာယန်တို့တွင်လည်း အခမ်းအနားများ ကျင်းပခဲ့သည်ဟု သိရသည်။

ဧပြီလ ၂၅ရက်ကို ကချင်အမျိုးသားမူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့အဖြစ် ၂၀၁၄ခုနှစ်တွင် စတင်သတ်မှတ်ကာ ထိုနေ့မှ စတင်၍ ဘိန်းစွဲနေသူများအား ဘိန်းဖျက်စခန်းများသို့ ပို့ကာ ဖြတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလက ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ ကချင်ဒေသအတွင်း မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ လုပ်ဆောင်ရန် ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ထိုနှစ် ဧပြီလ ၂၅ ရက်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

Credit - Mizzima News

No comments:

Post a Comment