Written by
စည်သူအောင်မြင့်
ကိုမျိုးသန့်ရေ - သင်္ကြန်တစ်နှစ်လည်း ပြီးခဲ့ပြန်ပြီနော်။ အခု ဧပြီလကတော့ ကျွန်တော်တို့ သတင်းမီဒီယာ လောကအတွက် ပြဿနာ အတော်များတဲ့ လလို့ ပြောရမယ် ထင်ပါတယ်။ အငြင်းပွားစရာ ကိစ္စတွေ အများကြီး ထွက်ပေါ်လာတာ တွေ့ရလို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဒီလို ပြဿနာတွေ ထွက်ပေါ်လာတာကို ကောင်းတယ်လို့ပဲ ယူဆပါတယ်။ ပြဿနာရှိလာမှ ပြဿနာတွေကို လူတွေမြင်လာကြမယ်၊ ဝေဖန်ဆွေးနွေးကြမယ်၊ သင်ခန်းစာယူကြမယ်၊ ပြီးရင် ကောင်းအောင် ကြိုးစားလာကြမယ် ဆိုရင်ပေါ့။
ကျွန်တော်ကတော့ မြန်မာ ဂျာနယ်လစ်တွေအနေနဲ့ အကြမ်းဖျဉ်း တာဝန်နှစ်ခု ရှိတယ်ထင်တာပဲ။ တစ်ခုက ကိုယ့် သတင်းမီဒီယာလုပ်ငန်းကို အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်၊ နောက်တစ်ခုက ကိုယ့်မီဒီယာ လောက တိုးတက်လာအောင် ဝိုင်းလုပ်ကြရမယ် ဆိုတာမျိုးပါ။
အကြောင်းကတော့ ကျွန်တော်တို့ သတင်းမီဒီယာ လောကဆိုတာဟာ ရာစုနှစ် တစ်ဝက်ကျော် သင်းကွပ်တာ ခံထားရပြီး အခုမှ ပြန်လည် ရှင်သန်အောင် လုပ်နေရလို့ပါ။ ဒါတောင် ပုံနှိပ်စာနယ်ဇင်းလောက်မှာပဲ လုပ်လို့ ကိုင်လို့ ရပါသေးတယ်။
ရုပ်သံလို ရေဒီယိုလို စွမ်းအားကြီးတဲ့ မီဒီယာလုပ်ငန်းကြီးတွေကတော့ ထုံးစံအတိုင်း အစိုးရနဲ့ သူ့ရဲ့ ခရိုနီတစ်စု လက်ဝါးကြီးအုပ်ထားဆဲ မဟုတ်လားဗျာ။
ကဲ ဒီတစ်ပတ် ကျွန်တော်တို့ မီဒီယာလောက က ပြဿနာတချို့အကြောင်း ဆွေးနွေးကြည့်ကြရအောင်။
လူပြောသူပြော အများဆုံး၊ အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှာ အငြင်းအပွားဆုံး ပြဿနာကတော့ The Voice က တင်လိုက်တဲ့ သတင်းဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ ပြဿနာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနား တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်ပါတယ်။ အခမ်းအနားကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ အစ္စလာမ်၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ပါတယ်။
အဲဒီ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းဓာတ်ပုံတွေကို မီဒီယာတွေက ရိုက်ကူးဖော်ပြခဲ့ကြပါတယ်။ အဲဒီမှာ The Voice က တင်လိုက်တဲ့ သတင်းဓာတ်ပုံမှာ အစ္စလာမ် ဘာသာဝင် တစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်အုပ်ချီ ဂါရဝပြု နေတယ်လို့ ထင်မှတ်ရတဲ့ ဓာတ်ပုံတစ်ပုံလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ ပုံနဲ့ ပတ်သက်ပြီး အငြင်းပွားကြတာပါ။
ကိုမျိုးသန့်ရေ - ဒေါ်အောင်ဆန်းစုကြည်ကို လေးစားထောက်ခံသူ၊ အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့ ပြည်သူတချို့ ပြောတာက ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီပွဲကို တက်ရောက်လာတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘက်ကို လှည့်ပြီး လက်အုပ်ချီ ဂါဝရပြုတာ ဖြစ်တယ်။
ဒါပေမယ့် ဓာတ်ပုံဖော်ပြချက်အရ အဲဒီ အဓိပ္ပာယ် မထွက်ဘဲ ဘာသာခြားကို လက်အုပ်ချီ ဂါရဝ ပြုသလို ထင်မြင်စေနိုင်တာကြောင့် အဲလို ဖြစ်အောင် The Voice က တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာလားဆိုပြီး စိတ်ဆိုး ဒေါသထွက်ကြတာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး The Voice တာဝန်ရှိသူတွေကတော့ တစ်ကြိမ်မက တောင်းပန်ခဲ့ကြပါ တယ်။ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ သူ့ ဖေ့ဘွတ်ခ် အကောင့်န့်မှာ ရေးထားတာ ဖတ်ကြည့်ရင်တော့ ပြဿနာကို ပိုရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။
သူရေးထားတာက “ကျနော့် တိုက်ရဲ့လူမှုကွန်ရက် ပေ့ခ်ျမှာ ဓာတ်ပုံတစ်ပုံနဲ့ ပတ်သက်ပြီး အတော်ပေါက်ကွဲနေကြကြောင်း သိရတယ်။ ချက်ချင်းပဲ ကျနော် ဝင်ကြည့်တော့ ဟုတ်နေတယ်။ မြင်မြင်ချင်း ကျနော်ကိုယ်တိုင် ခေါင်းနားပန်း ကြီးသွားမိတယ်။ ဒါ.. နဲနဲနှောနှော ပြဿနာမဟုတ်ဘူး။ တကယ့်ကို ပြဿနာ အကြီးအကျယ် တက်မယ့် ပုံပဲလို့ စိတ်မောလူမော တွေးလိုက်မိတယ်။
“အွန်လိုင်း အယ်ဒီတာအဖွဲ့ ဘယ်လိုလုပ်လိုက်တာလဲပေါ့။ ချက်ချင်းဆိုသလို အွန်လိုင်း အယ်ဒီတာကို ပုံတွေ အားလုံးဖြုတ်ချဖို့ ပြောရတယ်။ တောင်းပန်စာ ချက်ချင်း ရေးတင်ခိုင်းရတယ်” လို့ ဆိုထားပါတယ်။
နောက်ထပ် ဆက်ပြောထားတာက “စဉ်းစားဉာဏ်ထုတ်ပြီး အတိုင်းအရှည်သိတဲ့သူ၊ ကိုယ့်မီဒီယာရဲ့ ရပ်တည်ချက်ကို သေချာသိတဲ့ အယ်ဒီတာဆိုရင် ဒီပုံတင်စရာ အကြောင်းကို မရှိဘူး။ ကျနော် ဘယ်လောက်ပဲ တာဝန်လွှဲအပ်ထားတယ်ပြောပြော ဒီပုံတင်လိုက်မိတာကိုရော၊ ဒီပုံအတွက် စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်ရတဲ့သူတွေ၊ ဒေါသဖြစ်ရတဲ့သူတွေ အားလုံးအတွက် အယ်ဒီတာချုပ်ဖြစ်တဲ့ ကျနော့်မှာသာ တာဝန်ရှိတယ်”
ကိုမျိုးသန့်ရေ - ကိုကျော်မင်းဆွေ ပြောတာတွေကို ခြုံငုံပြီးပြောရရင် ဒီဓာတ်ပုံက မတင်သင့်တဲ့ ပုံဖြစ်တယ်၊ အဲဒီအတွက် သူ့မှာ လုံးဝ တာဝန်ရှိတယ်ဆိုပြီး ဝန်ခံပြောဆို တောင်းပန်တာ တွေ့ရပါတယ်။ နောက်ထပ် ဆက်ရှင်းလင်းတာကတော့ ဒါ တမင်လုပ်တာ မဟုတ်ဘူး၊ သူတို့ မီဒီယာအနေနဲ့ တလျှောက်လုံး ဘက်လိုက်မှု ကင်းကင်းနဲ့ အလုပ်လုပ်ခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ကျွန်တော် ကိုယ်တိုင် ဂျူနီယာတွေကို သတင်းစာပညာ သင်တန်းပေးတဲ့အခါ ထည့်ပြောတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ သတင်းခေါင်းစဉ် တပ်ရာမှာ ဖြစ်စေ၊ သတင်းဓာတ်ပုံ ဖော်ပြရာမှာ ဖြစ်စေ၊ တကယ့် ပင်မသတင်းကို ကိုယ်စားပြုတာမျိုးပဲ ဖြစ်ရမယ်၊ ခေါင်းစဉ်တပ်တာ၊ ဓာတ်ပုံဖော်ပြတာ မှန်တော့ မှန်ပါရဲ့၊ မှားလည်း မမှားဘူး ဆိုပါရဲ့၊ ဒါပေမယ့် တကယ့် သတင်းဖြစ်စဉ်နဲ့ ကွဲလွဲတဲ့၊ ဒါမှမဟုတ် စာဖတ်သူ ရုတ်တရက် အဓိပ္ပာယ် ကောက်လွဲစေမှာမျိုးကိုတော့ ခေါင်းစဉ် မတင်သင့်ဘူး၊ ဓာတ်ပုံ မဖော်ပြသင့်ဘူးလို့ ပြောဆိုလေ့ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ သတင်းစာပညာမှာ ပါတဲ့ ကျင့်ဝတ်ထဲက တစ်ခုပါပဲ။
နောက်ထပ် ပြဿနာတွေ အများကြီး ရှိပါသေးတယ် ကိုမျိုးသန့်ရေ။
ပြီးခဲ့တဲ့ လပိုင်းက ယာဉ် မတော်တဆမှု ဖြစ်ပါရောလား၊ အဲဒီမှာ ယာဉ်မတော်တဆဖြစ်တဲ့ ယာဉ်လိုင်းဟာ ရွှေစကြာ။ ဒါကို မီဒီယာ တချို့က ရွှေစင်စကြာ ယာဉ်လိုင်းဆိုပြီး မှားယွင်းဖော်ပြတယ်။ ဒါကို တောင်းပန်ဖော်ပြမှုတွေ ရှိပေမယ့် ရွှေစင်စကြာ ကုမ္ပဏီကနေ Skynet in house Channels, mntv, Sky Net, Shwe Than Lwin Media Co.,Ltd, MRTV-4, မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV), 4 Digital တွေဆီကနေ နစ်နာမှု လျော်ကြေး ကျပ် သိန်းပေါင်း တစ်သောင်းကို နှစ်လအတွင်း ပေးဖို့ တောင်းသဗျား။ မပေးရင် တရားစွဲပြီး တောင်းသွားမယ်တဲ့။ ဒါမျိုး ဖြစ်တတ်ပါတယ်။
အဲ၊ အဲ ကျွန်တော်နဲ့ ရန်ကုန်မီဒီယာဂရု(ပ်) စီအီးအို ဦးကိုကို(စက်မှု) နှစ်ယောက်ကိုလည်း ၂၀၁၃ ခုနှစ်ကတည်းက ရန်ကုန်တိုင်းမ် သတင်းစာမှာ သတင်းဆောင်းပါး တစ်ပုဒ် ရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး ဒေါက်တာသန်းထွဋ်အောင်ရဲ့ အလဲဗင်းက နစ်နာကြေးငွေ ကျပ် သိန်း ငါးထောင် ရလိုကြောင်း တရားမမှုနဲ့ စွဲဆိုထားတာကို ဒီကနေ့အချိန်ထိ ရင်ဆိုင်နေရတုန်းဆိုတာ ပြန်သတိရသဗျား။
နောက်ပြဿနာ တစ်ခု အလဲဗင်းက သူ့ သတင်းတစ်ပုဒ်မှာ ရွှေသံလွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းရဲ့ မိခင် ဒေါ်နီနီအမည်ကို ဦးကျော်ဝင်းရဲ့ဇနီးဆိုပြီး မှားယွင်းဖော်ပြမိလို့ တောင်းပန်ရတဲ့ ကိစ္စ၊ တောင်းပန်တာကို မေတ္တာရှေ့ထား ပြန်ကြားရတဲ့ ကိစ္စ၊ စသဖြင့် စသဖြင့် ပြဿနာတွေ အများကြီး၊ နောက်ထပ်လည်း ရှိနေပါသေးသဗျာ။
ကိုမျိုးသန့်နဲ့ မဇ္ဈိမ အဖွဲ့သားတွေအားလုံး နှစ်သစ်မှာ ကျန်းမာ ပျော်ရွှင်ကြပါစေ။
Credit - Mizzima News
No comments:
Post a Comment