Sunday, April 26, 2015

သတင်းစာဆရာကြီး လူထုဦးလှအား ဖမ်းဆီးချုပ်နှောင်ထားမှုနှင့် စပ်လျဉ်း၍ သတင်းစာဆရာကြီး ရွှေဥဒေါင်း၏ ရင်ဖွင့်သံ – လှမြင့် (ရန်ကုန်တက္ကသိုလ်)

အစိုးရ၏အားနည်းချက်များကို ထောက်ပြ ဖော်ထုတ်ဝေဖန်ရေးသားခဲ့သော လူထုသတင်းစာ (မန္တလေး)အား အတိုက်အခံ သတင်းစာအဖြစ် သတ်မှတ်ခဲ့သည်။ သတင်းတစ်ကြောင်း မှားယွင်းမှုကို ပွင့်လင်းစွာ တောင်းပန်ခဲ့ သော်လည်း အာဃာတထား၍ လူထုသတင်းစာ တာဝန်ခံ ဦးလှအား ဖမ်းဆီးချုပ်နှောင်အရေးယူခဲ့ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာစာပေလောကတွင် သတင်းစာ ဆရာကြီးအဖြစ်လည်းကောင်း၊ စာရေးဆရာကြီးအဖြစ်လည်းကောင်း အထူးထင်ရှား လူသိများသော ဆရာကြီးရွှေဥဒေါင်း (ဦးဖေသိန်း၊ ခရစ်နှစ် ၁၈၈၉-၁၉၇၃ခုနှစ်)သည်
ပါလီမန် ဒီမိုကရေစီ ခေတ်ကာလက (၁၉၄၈ ခုနှစ်မှ ၁၉၆၂ခုနှစ်အထိ) မန္တလေးမြို့၌ သတင်းစာဆရာကြီး လူထုဦးလှ (ခရစ်နှစ် ၁၉၁၀-၁၉၈၂ခုနှစ်) ဦးစီးထုတ်ဝေသည့် လူထုသတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင် ရွက်ခဲ့သည်။

ဆရာကြီးရွှေဥဒေါင်း (ဦးဖေသိန်း)သည် မန္တလေးလူထုသတင်းစာတိုက်၌ အယ်ဒီတာချုပ်အဖြစ် တာဝန် ယူ ဆောင်ရွက်နေချိန် ၁၉၅၃ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့၊ မင်းမနိုင်ကွက်သစ်၌ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းမှု တစ်ခုဖြစ်ပွားခဲ့သည်။ ယင်းအဓိကရုဏ်းသတင်းကို လူထုသတင်းစာ၌ သတင်းတစ်ရပ် အဖြစ် ဖော်ပြခဲ့ရာတွင် ဘုန်းကြီးတစ်ပါးဒဏ်ရာရ၍ ဆေးရုံရောက်နေ သည်ကို ပျံလွန်တော်မူသွားသည်ဟူ၍ မှားယွင်း ရေးသား ဖော်ပြခဲ့သည်။ ယင်းသတင်းကို လူထုသတင်းစာတိုက်၏ အယ်ဒီတာဦးစံဝင်း၊ စာရေး ဆရာ အောင်ဝင်း – (စိတ်ပညာ)တို့က ရေးသားခဲ့သည်။ တာဝန်ခံအယ်ဒီတာအဖြစ် လူထုဦးလှ က ဆောင်ရွက် ချိန်ဖြစ်သည်။ ဘုန်း တော်ကြီး တစ်ပါးပျံလွန်တော်မူသည်ဟူသော သတင်းမှားယွင်းကြောင်း ကို နောက်တစ်နေ့ ထုတ် လူထုသတင်းစာ၌ ပြင်ဆင်ချက်ထည့်သွင်း၍ ဖော်ပြတောင်းပန်ခဲ့သည်။ သို့သော် ထိုအချိန်က မန္တလေးလူထုသတင်းစာနှင့် တာဝန်ခံအယ်ဒီတာ လူထုဦးလှကို အတိုက်အခံအဖြစ် သတ်မှတ်၍ အမြဲစောင့်ကြည့်နေသည့် ၀န်ကြီးချုပ် ဦးနု၏ ဖ.ဆ.ပ.လ အစိုးရအဖွဲ့အတွက် အကွက်ကောင်းရသွားခဲ့သည်။…

ထို့ကြောင့် မင်းမနိုင်ကွက်သစ် သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာပြည်သူ့ရဲတပ်ဖွဲ့က လူထုဦးလှကို အရေး ပေါ်စီမံမှု အက်ဥပဒေ (Emergency Provision Act) ပုဒ်မ-၅ အရ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ လ ၇ ရက်နေ့၌ ဖမ်းဆီးခဲ့ပြီး မန္တလေးမြို့ အရှေ့နယ်ပိုင် ရာဇ၀တ်တရားသူကြီးရုံးသို့ အမှုစွဲတင်ခဲ့သည်။ လူထုသတင်းစာ တာ ၀န်ခံအယ်ဒီတာ လူထုဦးလှအား ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်မှာ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှ ၁၉၅၅ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့အထိ ၂နှစ် တင်းတင်းပြည့်ခဲ့သော်လည်း ၀န်ကြီးချုပ် ဦးနု၏ ဖ.ဆ.ပ.လ အစိုးရသည် တရားဥပဒေအရ ဆုံးဖြတ်စီရင်ခြင်း မရှိသေးဘဲ ရက်အကန့်အသတ်မရှိ နှစ်ရှည်လများဖမ်း ဆီးချုပ် နှောင်ထားသဖြင့် လူထုသတင်းစာတိုက်၏ အယ်ဒီတာချုပ်ဖြစ်သော ဆရာကြီးရွှေဥဒေါင်းသည် ၁၉၅၅ခုနှစ်၊ အောက်တိုဘာ ၈ရက် စနေနေ့ထုတ် လူထုသတင်းစာ(မန္တလေး)၌ ““လူထုဦးလှအား ဖမ်းဆီးထား သည်မှာ (၂)နှစ်ပြည့်ခဲ့လေပြီ”” ဟူသောခေါင်းစဉ်ကြီးဖြင့် သတင်းစာဆရာ ကြီး၏လူမှုရေးဆိုင်ရာ ဆုံးရှုံးနစ်နာ ထိခိုက်မှု များကို ဤသို့““ရင်ဖွင့်သံ””အဖြစ် ဖော်ထုတ်ရေးသားတင်ပြခဲ့သည်။

ကျွန်ုပ်တို့ လူထုသတင်းစာတာဝန်ခံ အယ်ဒီတာဦးလှအား ထောင်သွင်းအကျဉ်းချထားသည်မှာ ယမန်နေ့ (၇.၁၀.၁၉၅၅ ခုနှစ်)က (၂)နှစ်တင်းတင်း ပြည့်ခဲ့လေပြီ။ အစိုးရက ဦးလှအပေါ်၌ နိုင်ငံတော်ငြိမ် ၀ပ်ပိပြားရေး ဥပဒပုဒ်မ (၅)အရ ဖမ်းဆီးချုပ် နှောင်ထားသည် ဆိုသောကြောင့် ဦးလှသည် နိုင်ငံတော်ကြီး၏ ငြိမ်ဝပ်ပိပြား ရေး ကို ထိပါးနှောင့်ယှက်သူ တစ်ယောက်ဖြစ်သည် ဟုစွပ်စွဲရာရောက်သည်ဟူ၍သာ နားလည် ကြရတော့ သည်။ စင်စစ်အားဖြင့် မည့်သို့သောနည်းဖြင့် မည်သည့်အချိန်အခါက နှောက်ယှက် ဖျက်ဆီးလေသည်ကို ဖော် ထုတ်စွပ်စွဲခြင်းမျိုးလည်း မရှိသောကြောင့် ခံရသူများအဖို့တွင် အလွန်မကျေမနပ်နှင့် အောင့်သက်သက်ရှိ ဆုံး သော ဥပဒေပုဒ်မဟု ဆိုလိုက်ရသည်။

အစိုးရက (ဖော်ထုတ်စွပ်စွဲခြင်း ပြုနိုင်ဟန်မတူသဖြင့်) အကြောင်းအချက်မပြ ဆင်ခြေဆင်လက်မပေးဘဲ ဦးလှ အား ဖမ်းဆီးချုပ်နှောင်ထားရာတွင် ကျွန်ုပ်တို့သည် တိုင်းသူပြည်သားတို့အား ဦးလှဆောင်ရွက်ခဲ့သည့် အခြင်း အရာများကို တင်ပြရပါဦးမည်။ ၁၉၅၃ခုနှစ်၊ အောက်တိုဘာ ၇ရက် နေ့ နံနက်စောစောက ဦးလှအား ဖမ်းဆီး ခေါ်သွားသော အချိန်တွင် ဦးလှသည် လူထုသတင်းစာ တာဝန်ခံအယ်ဒီတာဖြစ်သည့် အပြင် အထက်ဗမာနိုင်ငံ သတင်းစာဆရာများ၏ အသင်းဥက္ကဋ္ဌလည်း ဖြစ်သည်။ အထက်ဗမာ နိုင်ငံအားကစားအသင်း၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။ မန္တလေးခရိုင်၊ ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးေ ကာင်စီဝင် ဗမာပြည်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။

လူထုသတင်းစာတာဝန်ခံ အယ်ဒီတာအလုပ်မှ တစ်ပါး ဖော်ပြခဲ့ပြီးသော အလုပ်များသည် တိုင်းပြည်လူထုနှင့် သက်ဆိုင်၍ တိုင်းပြည်လူထု၏ သဘောဆန္ဒအရ ရွေး ချယ်တင်မြှောက်ထားခဲ့သည့် တာဝန်ခံ အလုပ်ကြီး များ ဖြစ်သည်ကို တိုင်းပြည်လည်းသိ၏။ အစိုးရကိုယ်တိုင်လည်း သိသင့်၏။ မြေအောက်တွင် လျှို့ဝှက်စွာတိတ် တဆိတ်ကျိတ်ပြီး ဖွဲ့စည်းထားသည့် အစည်းအရုံးမျိုးလည်း မဟုတ်ချေ။ ဤသို့သော ပုဂ်္ဂိုလ်တစ်ဦး အား နိုင်ငံ တော်ငြိမ်ဝပ်ပိပြားရေးကို ထိပါးနှောင့်ယှက်သူဟူ၍ အစိုးရက မြင်သည်ဆိုလျှင် တိုင်းပြည်လူထု၏ အမြင် မဟုတ် နိုင်ချေ။ ဖဆပလအစိုးရ၏ အမြင်သက်သက်မျှ သာဖြစ်ရပေမည်။ တိုင်းပြည်၏ကိုယ်စားလှယ် စစ်မှန်သော အစိုးရအဖွဲ့၏ အမြင်သည် တိုင်းပြည်လူထု၏ အမြင်နှင့် တခြားစီဖြစ်သင့်ပါသလော။

ပုဂ်္ဂိုလ်အနေဖြင့် ဦးလှဆောင်ရွက်ခဲ့သော အလုပ်များကို ဖော်ပြပြီးနောက် တာဝန်ခံအယ်ဒီတာ အနေဖြင့် ဦးလှ ဆောင်ရွက်ခဲ့သည့် လူထုသတင်းစာ၏ ပေါ်လစီဝါဒကို တင်ပြရပေဦးမည်။ ကျွန်ုပ်တို့၏ လူထုသတင်းစာ သည် ကမ္ဘာစစ်တားဆီးရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအဏုမြူ ဟိုက်ဒရို ဂျင်လက်နက်ဆိုးများ ပိတ်ပင်ရေး၊ အထွေထွေ လက်နက်လျှော့ပေါ့ရေး၊ ကြီးလေးကြီး၊ ကြီးငါးကြီး စသည်တို့တွေ့ဆုံ၍ ရှုပ်ထွေးသော ပြဿနာဟူသမျှကို မပြေလည်မချင်း ဆွေးနွေးရေး၊ ဆိုရှယ်လစ်နိုင်ငံများနှင့် ဗမာပြည်တို့ ရင်းနှီးစွာဆက်ဆံ၍ ရောင်းဝယ်ဖောက် ကားမှုပြုလုပ်ရေး စသည်များကို မနေမနားတစ်သမတ်တည်း တောက်လျှောက် တိုက်တွန်း ရေးသားခဲ့သည် ချည်းဖြစ်သည်။ ဖဆပလအစိုးရသည် စီးပွားရေး၊ ဘဏ္ဍာရေး နှာခေါင်းကျည်ပွေ့ တွေ့သည်၌ (ကျွန်ုပ်တို့ တိုက် တွန်းချက်ကြောင့် ဟူ၍ ၀န်မခံသော်ငြားလည်း) ကျွန်ုပ်တို့ တဖွဖွ တိုက်တွန်းဆော်သြခဲ့သည့်အတိုင်း တရုတ် ပြည်ကြီးနှင့်တကွ အရှေ့အုပ်စုခေါ် တိုင်းပြည်များနှင့် ရောင်းဝယ်ဖောက်ကား မှုပြုနေပြီမဟုတ်ပါလော။ ဖဆပ လအစိုးရ၏ နိုင်ငံခြားရေးဆက်ဆံပုံ ပြောင်းလဲလာခဲ့ခြင်းကို ဖော်ထုတ်တင်ပြရခြင်းမှာ ကျွန်ုပ်တို့၏ လူထု သတင်းစာနှင့် ပတ်သက်၍ အသားယူလိုခြင်းကြောင့်ကား မဟုတ်။ လူထုသတင်းစာ၏ ကြိုတင်တိုက်တွန်းချက် အတိုင်း နောက်မှလိုက်၍ပြုခြင်းကြောင့် အထိုက်အလျောက် အသက်ရှူပေါက် ကလေးရထားသည်။ ဖဆပလ အစိုးရက နည်းလမ်းကြိုတင်ညွှန်ပြခဲ့သည့် လူထုသတင်းစာ တာဝန်ခံအယ်ဒီတာ ဦးလှအား ချုပ်နှောင်ထားခြင်း မှာ တရားလွန်ကြောင်း ပေါ်လွင်ထင်ရှားစေလိုသောကြောင့်မျှသာ ဖြစ်ပေသည်။

ဖဆပလအစိုးရသည် ကျွန်ုပ်တို့၏ တာဝန်ခံအယ်ဒီတာ ဦးလှအား ဥပဒေပြစ် မှုတစ်စုံတစ်ရာ ကျူးလွန်သည် ဆို၍ ထုံးစံအတိုင်း ရုံးတင်ပြီး စွပ်စွဲသဖြင့် ပြစ်မှုထင်ရှားသောကြောင့် ချုပ်နှောင်ထားသည်ဆိုပါမူ ကားတော် ပါသေး၏။ ယခုသော်တိုင်းပြည် ချောင်ချိသက်သာစေခြင်းငှာ ကြိုတင်အကြံပေး၍ ၎င်းအကြံအတိုင်း လိုက်နာ ပြုကျင့်ေ နသော ဖဆပလအစိုးရက ဘာအကြောင်းမျှလည်း မပြ၊ ဘာကို စွပ်စွဲခဲ့တယ်ဟူ၍လည်း မသိရ။ ၎င်း တို့သဘောအတိုင်း ရက်အကန့် အသတ်မရှိ သားတကွဲ၊ မယားတကွဲ နှစ်ရှည်လများ ချုပ်နှောင်ထားခြင်းမှာ မလို တမာသဘောမျိုးနှင့် သက်သက်မဲ့ ဖိနှိပ်ထားရာရောက်ပေတော့သည်။

အစိုးရတို့ မည်သည် အပြစ်ရှိသည်ဟု တရားရုံးတော်က ဆုံးဖြတ်စီရင်သော ရာဇ၀တ်ကောင်များအား ထောင် သွင်းအကျဉ်း ထားရုံမျှမက အသက်သို့တိုင်အောင် အဆုံးစီရင်ကြရသည်မှာ မလွှဲမရှောင်သာသော ၀တ္တရား ဟူ၍ဆိုနိုင်ပါ၏။ ကျွန်ုပ်တို့ တာဝန်ခံဦးလှမှာမူ ဘာအပြစ်ဟူ၍မျှ ဖော်ပြရန် မတတ်နိုင်ပါဘဲလျက် တစ်လလည်း မဟုတ်၊ လွတ်ရက်မရှိသလောက် ချုပ်နှောင်ဖိနှိပ် ထားခြင်းမှာ ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်သည် ဆိုသော ၀န်ကြီးချုပ်ဦးနု ဦးစီးသည့် အစိုးရအနေဖြင့် အတ္တပရိစာဂ (ခေါ်)ကိုယ်ချင်းစာတရားပင် မကပ်ကြလေ သလောဟု အောက်မေ့မိပါတော့ သတည်း။

ဝန်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရ အဖွဲ့သည် လူထုသတင်းစာ (မန္တလေး)၏ တာဝန်ခံအယ်ဒီတာ လူထု ဦးလှ အား ၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ၇ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတင်ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ၁၉၅၇ခုနှစ်၊ မတ်လအထိ ၃ နှစ်ခွဲတိုင်အောင် ပုဒ်မ ၅အကျဉ်းသားတစ်ဦးအဖြစ် မတရားဖမ်းဆီး ချုပ်နှောင်မှု ပြုလုပ်ခဲ့သည်။ ၁၉၅၇ခု၊ မတ်လတွင် လူထုဦးလှအား ပြန်လည်လွှတ်ပေးခဲ့သည်။

ပါလီမန်ဒီမိုကရေစီ ၀န်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရ လက်ထက်တွင် လူထုဘက် တော်သားအဖြစ် ရပ်တည် လျက် ဖဆပလ အစိုးရ၏အားနည်းချက်များကို ထောက်ပြ ဖော်ထုတ်ဝေဖန်ရေးသားခဲ့သော လူထု သတင်းစာ (မန္တလေး)အား အတိုက်အခံ သတင်းစာအဖြစ်သတ်မှတ်ခဲ့သည်။ သတင်းတစ်ကြောင်း မှားယွင်းမှုကို ပွင့်လင်း စွာ တောင်းပန်ခဲ့သော်လည်း အာဃာတထား၍ လူထုသတင်းစာ တာဝန်ခံ ဦးလှအား ဖမ်းဆီးချုပ်နှောင် အရေး ယူခဲ့သည်။ ယင်းသို့သော မတရားမှုကို မလိုလားသော၊ မျက်ကွယ်မပြုနိုင်သော သတင်းစာဆရာကြီး ရွှေဥဒေါင်း (အယ်ဒီတာချုပ်-လူထုသတင်းစာ)သည် လူထုဦးလှအား ဖမ်းချုပ်ထားသည်မှာ (၂)နှစ်ပြည့် ခဲ့လေပြီ ဟူသောခေါင်းစီးဖြင့် လူထုပရိတ်သတ်အား ပွင့်လင်းမြင်သာစွာ သိရှိစေရန် ရင်ဖွင့်သံအဖြစ် ရေး သားဖော်ပြခဲ့ သည်။ သမိုင်းမှတ်တမ်းတင်ခဲ့သည်။

ထိုသို့ လူထုဘက်မှ ရပ်တည်လျက် အမှန်တရားကို ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ရေးသား တင်ပြမှုများကြောင့် သတင်းစာဆရာကြီး ရွှေဥဒေါင်းကိုလည်း ၀န်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရသည် ၁၉၅၆ခုနှစ်တွင် မန္တလေး လူထုသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်နေစဉ် ၅ လနီးပါး ခန့်မတရားအကျဉ်းချခဲ့သည်။ ထိုသို့ မတရား ဖမ်းဆီးအကျဉ်းချထားခဲ့မှုကိုလည်း သတင်းစာဆရာကြီးရွှေဥဒေါင်းသည် ၁၉၅၆ခုနှစ်၊ နိုဝင်ဘာ ၃ ရက် စနေနေ့ထုတ် လူထုသတင်းစာ၌ ဂါးဒီးယန်းသတင်းထောက်သို့ ပြန်ကြားချက်ဟူသော ဆောင်းပါးဖြင့် မိမိ၏ အတွေ့အကြုံကိုလည်း ဖော်ထုတ်ရင်ဖွင့်တင်ပြခဲ့သည်။

ကျမ်းကိုး

၁။ ကျွန်ုပ်ချီးကျူးသောပုဂ်္ဂိုလ်နှင့် အခြားဆောင်းပါးများ(ရွှေဥဒေါင်း)

၂။ ဦးလှနှင့် ထပ်ဆင့် ပုဒ်မ (၅) (ဗဟိုတရားရုံးရှေ့နေ ဦးမြစိန်)

၃။ လူထုဦးလှအား ဖမ်းချုပ်ထားသည်မှာ (၂)နှစ်ပြည့်ခဲ့လေပြီ။ (ရွှေဥဒေါင်း)၊ လူထုသတင်းစာ ၈အောက်တိုဘာ ၁၉၅၅ ခုနှစ်။

၎။ စာဆိုတော်များ အတ္ထုပ္ပတ်္တိ (မောင်သုတ) မောင်ခင်မင်ဓနုဖြူ တည်း ဖြတ်ဖြည့်စွက်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment