Friday, May 1, 2015

မန္တလေးကမ်းနား ကျူးကျော်နေထိုင်သူများအတွက် အငှားအိမ်ရာ စတင်တည်ဆောက်

ရန်ကုန်၊ ဧပြီ (၂၉)

မန္တလေးမြို့၊ ဧရာဝတီမြစ်ကမ်းနား တစ်လျှောက်ရှိ ရတနာပုံ ဆိပ်ကမ်းမှစတင်၍ ၁၂ လမ်းထိပ်ရှိ ကျွဲစွန်း ဆိပ်ကမ်း အထိ နေထိုင်နေကြသော ကျူးကျော်အိမ်များအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အိမ်ရာတည်ဆောက်ကာ ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးတင့်လွင်က ဧပြီ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအိမ်ရာတည်ဆောက်မှုကို အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေး၌ ဧပြီလဆန်းတွင် စတင် တည်ဆောက်နေပြီဖြစ်ကာ အခန်း ၇၂ခန်းပါဝင်သည့် ၁၂ ခန်းတွဲ ၆ထပ် အလုံး ၂၀ တည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်းအခန်း အရေအတွက် ၁၄၄၀ ပါဝင်သည်။

““ပြည်သူလူထု နေရေး ထိုင်ရေး အဆင်ပြေအောင်။ နောက်တစ်ခုက အဲဒီနားမှာ ကျူးကျော်တွေ ရွှေ့ပြောင်း လုပ်သားတွေရှိတယ်။ ၀ါးကပ်တို့၊ ထရံတို့ လုပ်တဲ့သူတွေ၊ ထင်းလုပ်တဲ့သူတို့ ရှိကြတယ်။ မြစ်ကိုမှီပြီး လုပ်နေကြ တဲ့ သူတွေရှိလို့ပါ။ ငွေပမာဏကိုတော့ မသတ်မှတ်ရသေးပါဘူး။ တည်ဆောက်ဆဲဆိုတော့ အဓိကကတော့ အခြေခံလူတန်းစား နေနိုင်အောင် သတ်မှတ် ငှားရမ်းရမှာပါ””ဟု မန္တလေး စည်ပင်သာယာရေး ကော်မတီမှ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးတင့်လွင်ကပြောသည်။…

မြစ်ကမ်းနားတွင် နေထိုင်သော လူဦးရေ အရေအတွက်မှာ ၁၈၀၀ ကျော်ရှိကာ ယခုငှားရမ်းမည့် တိုက်ခန်းများ ကို မည်သည့်ပုံစံဖြင့် ငှားရမ်းခွင့်ချပေးမည်ကိုမူ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။ သို့သော် ယင်းအငှား အိမ်ရာတည်ဆောက်မှုကို ကာလတိုသတ်မှတ်ကာ အမြန်ဆုံးအပြီးသတ် ဆောက်လုပ်ရန်လျာ ထားခြင်းများ လည်းရှိသည်။

ယင်းသို့ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ကျူးကျော်နေထိုင်ကြသူ အများစုမှာ အိမ်ရာငှားရမ်း နေထိုင်ရန် ၀င်ငွေနည်းပါးခြင်း၊ ငွေကြေး ချို့တဲ့သူများခြင်းနှင့် ၎င်းတို့၏ ဘ၀ရပ်တည်ရေး အလုပ်အကိုင်များမှာ ဆိပ်ကမ်း အနီးအနားများတွင် သာရှိရာ ယခုတိုက်ခန်းများအား ငှားရမ်းစနစ်ပြုလုပ်ရာတွင် ပြည်သူလူထု၏ဘ၀ အခြေ အနေနှင့် ကိုက်ညီသည့် ငှားရမ်းခနှုန်း သတ်မှတ်ပေးရန်လိုအပ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

““ဒီပြဿနာဆိုတာ လူရှိသလောက် ရှိနေမယ့် ပြဿနာ။ ဒီလူတွေ အိမ်ရသွားရင် နောက်ထပ်လာတဲ့ သူတွေရှိ လာဦးမှာပဲ။ တစ်ခါတည်းနဲ့ပြီးမယ့် ပြဿနာမဟုတ်ဘူး။ ကျူးကျော်တွေဖြစ်နေတဲ့ အကြောင်းအရင်းက မွဲလို့၊ အလုပ်အကိုင်ရှားပါးလို့ နိုင်ငံရဲ့စီးပွားရေးနဲ့ သက်ဆိုင်တာ””ဟု မန္တလေး ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်း ဦးမြင့်သိန်းကပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အလည်အပတ်ရောက် ရှိလာ သောနော်ဝေနိုင်ငံ ပဉ္စမမြောက်ဘုရင် တာရယ်နှင့် မိဖုရား ဘွန်ရာတို့ရောက်ရှိလာ မည်ဖြစ်သောကြောင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃ရက်တွင် မန္တလေးမြို့ ဧရာဝတီမြစ် ဂေါ်ဝိန်ဆိပ်ကမ်းရှိ ကျူးကျော်တဲ့အလုံး ၂၀၀အား မန္တလေး စည်ပင်မှ ဘူဒိုဇာဖြင့် ထိုးဖယ်ရှားခဲ့ဖူးသည်။

““ဖယ်ဖို့လည်း အစိုးရကနေ ခေတ်အဆက်ဆက် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ မြစ်ကြမ်းပြင်က လမ်းနှုတ်ခမ်းထက် နိမ့်နေတော့ အိမ်ခေါင်မိုးတွေက လမ်းနှုတ်ခမ်းကို မကျော်ရဘူးလို့ စည်ပင်ကအမိန့်ချ ထားတယ်။ လမ်းနှုတ်ခမ်းထက်မကျော်တဲ့ တဲသူငယ်လေးတွေ တိုးပြီးနေကြတယ်”” ဟု မန္တလေး ဂေါဝိန်ဆိပ် အနီး နေထိုင်သည့် ပွဲရုံပိုင်ရှင် ဦးညွန့်ဝင်းကပြောသည်။

သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment