ရန်ကုန်၊ ဧပြီ ၂၈
၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အခမဲ့ပညာရေးစနစ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးစိုးဝင်း က ဧပြီ ၂၈ ရက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယခင်နှစ်များက မူလတန်းနှင့် အလယ်တန်းသာ အခမဲ့ပညာရေး စနစ်ဖြစ်ပြီး ယခုအခါ အထက်တန်းအဆင့် ကိုပါ အခမဲ့ပညာရေးစနစ်သို့ ပြောင်းလဲ လိုက်သည့်အတွက် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
““ဒီလိုတွေ ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေစေချင် လို့ပါ။ ပြဋ္ဌာန်း စာအုပ်ကို အခမဲ့ပေးမယ်။ လစဉ်ပေးရတဲ့ ကျောင်းလခတွေကို ပေးဖို့မလိုတော့ဘူး။ တစ်နည်း အားဖြင့်ပြောရင် ပညာရေးကို တရားဝင် ပေးသွင်းရတဲ့ ငွေကြေးတွေပေးဖို့ မလိုတော့ဘူး”” ဟုအခြေခံပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ပြောသည်။ ယခင်က အထက်တန်း အဆင့်တွင် မိဘဆရာ အသင်းကြေး၊ ကျောင်းလခ၊ အားကစား၊ စာကြည့်တိုက်၊ စာရေးကိရိယာကြေး ဟူ၍ တရားဝင် ကောက်ခံမှုများ ရှိခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ယင်းကောက်ခံမှုများ ရှိတော့ မည် မဟုတ်ပေ။
““ငွေကြေးကောက်ခံမှုတွင် ၂ပိုင်း ရှိပြီးတော့ အလှူခံတာက တစ်မျိုး၊ ငွေကြေး ကောက်ခံတာက တစ် မျိုး။ ငွေကြေး ကောက်ခံတယ် ဆိုတာက မူလတန်းဆို ဘယ်လောက်ပေး၊ အလယ်တန်းဆို ဘယ်လောက်ပေး၊ အထက်တန်းဆို ဘယ်လောက်ပေး၊ စာရေးခုံတွေ ၀ယ်လာတယ် ဘယ်လောက်ပေး ဒါကတော့ ကောက်ခံ တာပေါ့””ဟု အခြေခံပညာဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ပြောသည်။
ယင်းသို့ ကောက်ခံမှုများရှိကြောင်း တိုင်ကြားလာခဲ့ပါက အဆင့်ချင်းအလိုက် သတိပေးခြင်း၊ အပြင်းအထန် သတိပေးခြင်း၊ လစာဖြတ်ခြင်း၊ နှစ်ကြေးဖြတ်ခြင်းစသည့် အရေးယူခြင်းများ၊ ၀န်ထမ်းနှင့်ဆိုင်သည့် အရေးယူ မှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်။
““အခမဲ့ ပညာရေးကိုလုပ်တာ တော့ကောင်းပါတယ်။ အဲဒါက မြန်မာနိုင်ငံရဲ့ အတွင်းရေး အခြေအနေ အရဆိုရင် ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုအတွက် တာဝန်ရှိတဲ့အစိုးရက နေပြီးတော့မှ တိုင်းပြည်မှာ ပညာရေး ရင်းနှီးမြှုပ်နှံမှု အတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ပြုလုပ်ဖို့လိုအပ်တယ်””ဟု NNER အဖွဲ့ဝင် ဒေါ်ဟောင် ဆိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
မြန်မာနိုင်ငံတွင်၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်း အဆင့်၌ ကျောင်းသား ၅၂ သိန်း၊ အလယ်တန်း အဆင့်၌ ကျောင်းသား ၂၇ သိန်း၊ အထက်တန်းအဆင့်တွင် ကျောင်းသား ၈ သိန်းကျော် ရှိကြောင်း အခြေခံပညာ ဦးစီးဌာန ကိန်းဂဏန်းများ၌ ဖော်ပြထားသည်။
ယုဖြူဟန်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment