Sunday, April 26, 2015

ရခိုင်ပြည်နယ် တိုက်ပွဲများကြောင့် အပစ်ရပ်စာချုပ်ကို ထိခိုက်နိုင်မည်မဟုတ်ဟု ရခိုင့်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ်ပြော

ရန်ကုန်၊ ဧပြီ ၂၅။        ။ အစိုးရတပ်နှင့် ရခိုင့် တပ်မတော် (AA)တို့ တိုက်ပွဲ များဖြစ်ပွား ခဲ့သော်လည်း ထိုတိုက်ပွဲ များကြောင့် အပစ်ရပ် စာချုပ် လက်မှတ်ရေး ထိုးခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်နိုင်မည်မဟုတ်ဟု ရခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က မဇ္ဈိမကိုပြောသည်။

"NCCT နဲ့ UPWC တို့ ဆွေးနွေးနေတဲ့ အချိန်မှာ လည်း ဒီထက်ဆိုးရွားတဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ AA နဲ့ တိုက်ပွဲဖြစ် တဲ့အတွက် အပစ်အခတ် ရပ်စဲရေးကို ထိခိုက်မှာမဟုတ်ပါဘူး" ဟု ဗိုလ်မှူးကြီးညိုထွန်းအောင်ကဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အစိုးရတပ်နှင့် ရခိုင့်တပ်မတော်တို့ ဧပြီလ ၂၁၊၂၂၊ ၂၃ ရက်များတွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပေါ်ခဲ့သည်။

ဧပြီ ၂၄ ရက်တွင်မူ နှစ်ဘက် တိုက်ပွဲမရှိဘဲ အခြေအနေကို စောင့်ကြည့်ဆဲဖြစ်သည်ဟုလည်းဆိုသည်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AAတို့ ဖြစ်ပွား သည့် တိုက်ပွဲများသည် တပ်မတော်ဘက်မှ ထိုးစစ်ဆင်ခြင်းကြောင့်ဟု ဒေါက်တာ ညိုထွန်းအောင်က စွပ်စွဲသည်။

"ကျွန်တော်တို့ ထောက်ပို့ စစ်ကြောင်းတစ်ခုကို ထိုးစစ်ဆင်ရာကနေပြီး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့တော့ တိုက်ပွဲမဖြစ်ပါဘူး။ အစိုးရက ထိုးစစ်ဆင်လာ တာတွေမရှိရင် တိုက်ပွဲအရှိန်လျော့သွားမှာပါ။ ဒါမှမဟုတ် ထိုးစစ်ဆက် လာမယ်ဆိုရင်လည်း တိုက်ပွဲက ပြင်းထန်လာမှာပါ" ဟု ပြောသည်။

ဒေါက်တာညိုထွန်းအောင်၏ ပြောဆိုမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်နယ်စပ်တိုင်းရင်းသားဖွံ့ဖြိုးရေးဦးစီးဌာနမှ စစ်ဘက်အရာရှိတစ်ဦးကမူ ဒုက္ခသည်များကို အကူအညီပေးရန် စီစဉ်လျက်ရှိပြီး အခြေအနေ အသေးစိတ်ကို မသိဟုဆိုသည်။

"နှစ်ဖက်အခြေအနေကိုစောင့်ကြည့်ပြီး ဒုက္ခသည်တွေအကူအညီရရှိရေးဆောင်ရွက်နေတယ်" ဟု အဆိုပါ စစ်ဘက်အရာရှိက ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် AA တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်တွင် ဒုက္ခသည် လေးရာကျော် တိမ်းရှောင် လျက်ရှိ သည်ဟု သိရသည်။


Credit - Mizzima News

No comments:

Post a Comment