Friday, May 1, 2015

Myanmar York Fashion အထည်ချုပ်ဆန္ဒပြမူ ၄ ရက်မြောက်နေ့ တွင် ပြေလည်မှု ရရှိ

ရန်ကုန်၊ ဧပြီ(၂၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မူဇုန်၊ အပိုင်း၎ ကျန်စစ်သားလမ်းရှိ Myanmar York Fashion အထည်ချုပ်စက်ရုံက အလုပ်သမားများက သင်္ကြန်တွင်း အလုပ်ပိတ်ရက်တွင် လုပ်အားခ မပေးခြင်းနှင့် ခွင့် ရက်များအတွက် လုပ်အားခ ဖြတ်တောက်မှုများ ပြုလုပ်နေခြင်းအပေါ် ဧပြီ၂၃ ရက်က စတင်ဆန္ဒပြရာ ၄ ရက် မြောက်နေ့တွင် ပြေလည်မှုရရှိခဲ့ကြောင်း စက်ရုံ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မမြင့်မြင့်ခိုင်က ဧပြီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

Myanmar York Fashion အထည်ချုပ် စက်ရုံပိုင်ရှင်က ပြီးခဲ့သည့် သင်္ကြန်ကာလ အလုပ်ပိတ် ရက်များအတွက် လစာ ဖြတ်တောက် မည် ဖြစ်ကြောင်း၊ ရှောင်တခင်ခွင့်၊ လူမှုဖူလုံရေးခွင့်များနှင့် အခြား ထောက်ပံ့ကြေး များကိုပါ ဖြတ် တောက်မည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်က
ယင်းစက်ရုံပိုင်ရှင်က ပြောဆိုခဲ့ကာ ၀န်ထမ်းသက်တမ်း ၆ လပြည့်လျှင် တိုးမြှင့်ပေးသည့်လစာ ၁၀၀၀၀ ကျပ်ကို ရပ်ဆိုင်း လိုက်ခြင်းကို ကျေနပ်မှုမရှိသည့်အတွက် အလုပ် သမားများက ဧပြီ ၂၃ ရက်မှ စတင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။…

““ဆန္ဒပြရတာက အလုပ်ပိတ်ရက်တွေကို ပိုက်ဆံမပေးလို့၊ ရှောင်တခင်ခွင့်နဲ့ လူမှုဖူလုံရေးခွင့်တွေကို လဲပိုက် ဆံဖြတ်မယ်ဆိုတဲ့ အတွက်ကြောင့်ပါ။ ကျွန်မတို့ကို ၆လတစ်ကြိမ် တိုးပေးမယ့်၁၀၀၀၀ကျပ်ကို မပေးတဲ့အတွက် Day (လစာနေ့ တွက်ကြေး) ကြေး ၃၀၀ ကိုတောင်းတယ်။ ရှောင်တခင်ခွင့်နဲ့ လူမှုဖူလုံရေးဆေးခွင့်ကိုလဲ အစိုးရ သတ်မှတ်ထားတဲ့အတိုင်း လုပ်ပေးမယ် ပြောတယ်။ Day ကြေးကိုလည်း ၂၀၀ပဲပေးတယ်။ ဒါကို အလုပ်သမား ညှိနှိုင်းရေးအဖွဲ့က ညှိနှိုင်းပေးလို့ အလုပ်ရှင်နဲ့ သဘောတူလက်မှတ် ရေးထိုးခဲ့တာပါ””ဟု အလုပ် သမား ခေါင်း ဆောင် မမြင့်မြင့်ခိုင်က ပြောသည်။ Myanmar York Fashion အထည်ချုပ်စက်ရုံမှ လုပ်ငန်းလည် ပတ်သည့် အပိုင်းတွင် အခြေခံအလုပ်သမားအဆင့်မှ အလုပ်သမားချုပ်အဆင့်ထိ အခြေခံလစာ ၃၅၀၀၀မှ ၆၀၀၀၀ အထိ ရရှိ ကြပြီးထောက်ပံ့ကြေး၊ ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ အထည်ကြေးအပါ အ၀င် စုစုပေါင်းလစာမှာ ၁၁၀၀၀၀ -၁၃၀၀၀၀ကျပ်အထိ ရရှိကြပြီး ၀န်ထမ်းလုပ်သက် ၆လတစ်ကြိမ် ပြည့်လျှင် လစာ ၁၀၀၀၀ တိုးပေးလေ့ ရှိသော် လည်း ယခုစက်ရုံအလုပ်သမားများ၏ ဆန္ဒထုတ်ဖော်မှု အပြီးတွင် ၆လ တစ်ကြိမ် လစာ တိုးမြှင့်ပေးမှုကို ရပ်ဆိုင်း ပြီး အခြေခံလစာကိုသာ တိုးမြှင့်ပေးသွားမည့်အပေါ်နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး သဘောတူညီမှု ရရှိခဲ့သည်။

““အခု Day ကြေးက၂၀၀ပဲ ပေးတယ်။ မေလကုန်အစိုးရ သတ်မှတ်တဲ့အတိုင်း ပေးမယ်လို့ ပြောတယ်။ လက်ရှိ Day ကြေးက ၁၁၀၀-၁၅၀၀ အထိ ရကြတယ်။ ၆ လတစ်ကြိမ် တိုးပေးတဲ့ ၁၀၀၀၀ မရတဲ့အတွက် Day ကြေး တိုးတောင်းတာပါ။ အခု ဆန္ဒပြတဲ့ ရက်တွေကတော့ လစာထဲက ဖြတ်မယ်ပြောတယ်””ဟု စက်ရုံလုပ်သား တစ်ဦးဖြစ်သူမနွယ်နီဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အစိုးရရုံးပိတ်ရက်များတွင် လုပ်အားခမပေးခြင်းနှင့် ပတ်သက်၍ ““အစိုးရ အလုပ်ပိတ်ရက်တွေမှာ လစာကို ပေးရ မှာပါ။ မပေးတဲ့ စက်ရုံတော့ မရှိပါဘူး။ အလုပ်သမားတွေကို ပေးရမယ့်ဟာကို မပေးရင် ဆက်ပြီးလည်လို့ မရပါဘူး”” ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြား သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ Myanmar York Fashion အထည်ချုပ်စက်ရုံသို့ အကြိမ်ကြိမ်ဆက် သွယ် မေးမြန်း သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment