Friday, May 1, 2015

ရန်ကုန် အိမ်ခြံမြေဈေးကွက်ကို အမီလိုက်လာတဲ့ ကလေးမြို့ အိမ်ခြံမြေဈေးကွက်နှင့် မူးယစ် ငွေမည်း

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ ၂၀၁၂ ခုနှစ် ကတည်းစ၍ မြေကွက် အကျယ်အ၀န်းကို လိုက်ပြီး မူလပေါက်ဈေး ထက် မြင့်မားစွာ ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ အရောင်းအ၀ယ်များ ဖြစ်ပေါ် လျက်ရှိကြောင်း ကလေးမြို့ခံများ က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ကလေးမြို့၏ အဓိက ဗဟိုချက်ကျသည့် မြို့လမ်းမဖြစ်သော ဗိုလ်ချုပ်လမ်းမပေါ်ရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ အလျား ၁ ပေ အနံ ၈၀ လျှင်(ဒေသအသုံးအရ စတုရန်းပေဖြင့် မတွက်ချက်ပေ) ယခင်က ကျပ် ၁၀ သိန်းဝန်းကျင်သာ ဈေး ရှိ ရာမှ ယခုအခါ ကျပ်သိန်း ၇၀ အထိ ဈေးပေါက်လျက်ရှိသည်။ ယင်းဈေးနှုန်းများမှာ လမ်းနှင့် ရပ်ကွက်အ လိုက် နေရာအနေအထားအရ မြေဈေးနှုန်း အနည်းငယ်သာ ပြောင်း လဲသည်။ အထူးသဖြင့် ကလေးမြို့ အနောက် ဘက်ခြမ်းရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာမူ စတုရန်းပေဖြင့်
တွက်ချက်ရောင်းချ ၀ယ်ယူခြင်း များနည်းပါးပြီး ပေ ၂၀ ပတ်လည် မြေတစ်ကွက်လျှင် ကျပ်သိန်းပေါင်း ၅၀၀၀ မှ ကျပ်သိန်း ၁၀၀၀၀ အထိ ဈေးပေါက်လျက်ရှိသည်။

ရန်ကုန်မြို့၏ အချက်အချာကျသော မြို့လယ်ကောင် တိုက်ခန်းဈေးနှုန်းများမှာ သက်ဆိုင်ရာ မြို့နယ်အလိုက် ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ အထိသာ ဈေးပေါက်လျက်ရှိပြီး မြို့လယ်ကောင် အဆင့်မြင့် ကွန်ဒိုဈေးနှုန်းမှာမူ ကွန်ဒို အဆင့် အလိုက် ကျပ်သိန်း ၅၀၀၀ အထိသာ ဈေးပေါက်သည်။ လုံးချင်း အိမ်ရာများအနေဖြင့် တည်နေရာ အပေါ် မူတည်၍ ကျပ်သိန်း ၁၀၀၀၀ ကျော်အထိ ပေါက်ဈေး ရှိသည့်အတွက် ရန်ကုန် မြေဈေးကွက်နှင့် နှိုင်းယှဉ်လျှင် မြို့တော်ဟောင်းဖြစ်မှု၊ တိုးတက်မှု၊ လမ်းပန်း ဆက်သွယ်ရေး စသည့် အနေအထားများအရ ကလေးမြို့ အိမ်ခြံမြေဈေးကွက်မှာ အဆမတန် မြင့်မားလျက် ရှိသည်။

““ဒီတစ်ကြိမ် အိမ်ခြံမြေဈေးတက်တာ ဒုတိယအကြိမ်လို့ ပြောရမယ်။ ပထမအကြိမ်တုန်းကတော့ အမှုန့် (ဘိန်းဖြူ)တွေ အလုပ်ဖြစ်တော့ တက်တယ်။ အဲဒီတုန်းကတော့ ရာဂဏန်းအထိပဲ တက်တာ။ အခုဒီတစ်ကြိမ် အိမ်ခြံမြေ ဈေးတက်တာက တော်တော်ကြီး လွန်သွားတယ်။ ကလေးမြို့ အနေအထားနဲ့ ဘယ်လိုမှ မကိုက်ညီအောင် ဖြစ်သွားတယ်။ ဘယ်လိုပြောရမလဲ၊ ဒီဘက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် တာ တော်တော်ကြီးေ တာ့ သူတို့က ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်တာပေါ့။ ပထမတော့ လယ်တွေကို ဈေးအဆ မတန် ပေးဝယ်ကြ တယ်။ နောက်တော့ အိမ်ခြံမြေတွေဝယ်တော့ ရောင်းတဲ့ အိမ်ရှင်ကလည်း ဈေးကို အဆမတန်တင်ပြီး ပြောကြည့် တယ်။ ပြောတဲ့အတိုင်း ပေးပြီးဝယ်တယ်။ လုံးဝမထင်မှတ်တဲ့ ဈေးတွေ ဖြစ် ကုန်ကော””ဟု ကလေးမြို့ခံ တစ်ဦးဖြစ်သူ ကိုမောင်က အိမ်ခြံမြေ ဈေးတက်ရခြင်းနှင့် ပတ်သက်၍ ပြောပြသည်။

လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစ၍ ကလေးမြို့ အနောက်ဘက်ခြမ်းရှိ ဆယ်ဂဏန်း အထိသာ တန်ကြေးရှိသော မြေကွက် များနှင့် လယ်မြေများကိုလူ အချို့က နေရာအလိုက် ကျပ်သိန်းထောင်ချီပေး၍ ၀ယ်ယူမှုများ ရှိလာပြီးနောက် ကလေးမြို့ရှိ အခြားသော နေရာများတွင်ပါ မြေဈေးနှုန်း များ မြင့်တက် လာခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသို့ မြေ၀ယ် ယူရာတွင် ၀ယ်ယူမှု အများစုမှာ အခြားဒေသများမှ လာရောက်ဝယ်ယူခြင်း ပိုများပြီး မြို့ခံများ အကြားတွင်လည်း အပြန်အလှန် ၀ယ်ယူခြင်းများရှိသည်။

သို့သော် ကလေးမြို့ တောင်ဘက်တွင် နိုင်ငံတော် အစိုးရ၏ စီမံချက်ဖြင့် မြို့ပြစီမံကိန်း ဖော်ဆောင်လျက် ရှိသော်လည်း မြင့်တက်လျက်ရှိသည့် အိမ်ခြံမြေ ဈေးနှုန်းများကြောင့် ဒေသခံများ ၀ယ်ယူရန် လက်လှမ်း မမီဖြစ်နေကြသည်။ ထို့ပြင်ပေ ၄၀-၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်း ၂၀၀ မှ ၅၀၀ အထိ ဈေးပေါက်လျက် ရှိသည့်အပြင် မြေအကျယ်အ၀န်း အလိုက် ဈေးနှုန်း မြင့်မားမှုကြောင့် မြို့ခံချင်း ၀ယ်ယူ ခြင်းမှာ နည်းပါးသည်။

““လွန်ခဲ့တဲ့ နှစ်နှစ်ခွဲ၊ သုံးနှစ် လောက်ကစပြီး တရားမ၀င်တဲ့ ဆေးပြားတွေ ကို မှောင်ခိုလမ်းကနေ သွင်းပြီး တအားအလုပ်ဖြစ်လာတာ။ အဲဒီမှာ ရလာတဲ့ငွေမည်းတွေကို ငွေဖြူဖြစ်ချင်တော့ ကလေးမြို့ထဲက အိမ်တွေ၊ ခြံတွေ၊ မြေတွေကို လိုက်ဝယ်တာ။ သူတို့က လိုချင်တော့ ရောင်း ချင်အောင် ဈေးတွေ တိုးပြီးပေးဝယ်တာ။ အဲဒါကြောင့် တက်လာတာ။ ရောင်းတဲ့သူကရောင်း၊ ၀ယ်တဲ့သူက ၀ယ်တာပဲ။ အရင်သိန်း ၅၀ တန်မြေကွက်က အခုသိန်း ၅၀၀လောက်ရှိနေတယ်။ ဈေးတွေ မတက်ခင်ကဆို သိန်း ၂၀ က အများဆုံးပဲ။ အခုက ရာဂဏန်း ဆိုတာ အနိမ့်ဆုံး ဖြစ်နေပြီ။ သိန်းကို သောင်းနဲ့ချီ ပေးဝယ်တာတောင် ရှိတယ်””ဟု ကလေးမြို့ခံတစ်ဦး ဖြစ်သူ ကိုမျိုးမင်းသန့်က ပြောသည်။

ယခုကဲ့သို့ ကလေးမြို့ရှိ အိမ်ခြံမြေဈေးနှုန်းများ မြင့်မားနေရခြင်းမှာ အိန္ဒိယနိုင်ငံမှတဆင့် မြန်မာပြည်သို့ တရားမ၀င် ၀င်ရောက်လျက်ရှိသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ အရောင်းအ၀ယ် လုပ်ငန်းနှင့် ဆက်စပ်လျက် ရှိကြောင်း ဒေသခံများ တညီတညွတ်တည်း ပြောဆိုလျက် ရှိသည်။ ယခင်က ကလေးမြို့တွင် ယက်ကန်း လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ပြီး ယခုနောက်ပိုင်းတွင်မူ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြား ရောင်းဝယ် ဖောက်ကားမှုများ များပြား လာလျက် ရှိသည်။

““အဓိကက ဒီဘက်မှာ ချင်းတောင်က ဘိန်းတွေ စိုက်လာတော့ ဘိန်းဖြူ၊ ဘိန်းမည်း အရောင်းအ၀ယ်များ လာတာ။ မနှစ်က နေပြည်တော်က ၀င်စစ်တော့မှ အခုငြိမ်နေကြတယ်။ အိမ်ခြံမြေဈေးကတော့ ဒီအတိုင်းပဲ။ အရောင်းအ၀ယ်တော့ အေးနေတယ်။ တာဝန်ရှိသူတွေက ဖမ်းတယ်ဆိုပေမယ့် တချို့က မလိုက်နိုင်တာ။ တချို့ကမလုပ်တာ။ ဒါကြောင့် အခုဒီမှာ တော်တော် အလုပ်ဖြစ်ကြတာ””ဟု ဒေသခံ ကိုမောင်ကဆိုသည်။

မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှုမှာ အိန္ဒိယနယ်စပ်မှတဆင့် ကလေး-တမူး တောလမ်းမှ ကလေးမြို့လမ်းကြောင်း၊ ချင်းတောင်တွင် စိုက်ပျိုးသည့် ဘိန်းခင်းများမှ ထွက်ရှိသော ဘိန်းဖြူ၊ ဘိန်းမည်းနှင့် မူးယစ်ဆေးဝါးများမှာ နာဂလမ်း၊ တီးတိန်လမ်း၊ တွန်းဇံလမ်းတို့မှ ကလေးမြို့သို့ လည်းကောင်း တင်သွင်း လာခြင်း ဖြစ်သည်။ ယင်းမှတစ်ဆင့် မန္တလေးမြို့သို့ ထပ်မံပို့ဆောင်ကာ မြန်မာပြည် အရှေ့ဘက်ခြမ်း ထိုင်းနိုင်ငံသို့ ဆက်လက် တင်ပို့ခြင်းဖြစ်သည်။ ယင်းသို့ လမ်းကြောင်း အမျိုးမျိုးမှ ၀င်ရောက်လာသော တရားမ၀င် မူးယစ်ဆေးဝါးများမှာ ကလေးမြို့မှ တစ်ဆင့် အခြားဒေသများသို့ တစ်ဆင့်ခံ ပေးပို့ရခြင်းဖြစ်ခြင်း မှာလည်း ကလေးမြို့ရှိ အိမ်ခြံမြေ ဈေးကွက်များ မြင့်တက်လာခြင်းထဲမှ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်သည်။

၂၀၁၄ ခုနှစ်က နေပြည်တော် ရဲတပ်ဖွဲ့မှ ကလေးမြို့သို့ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကလေးမြို့ရှိ အရာရှိအချို့နှင့် ၀န်ထမ်းအချို့ ရာထူးရပ်ဆိုင်းခံရခြင်း၊ ပြစ်ဒဏ်ကျခံရခြင်း စသည်များဖြစ်ပေါ် ခဲ့ပြီးနောက် အိမ်ခြံမြေ ရောင်းဝယ်မှုများ အနည်းငယ် တန့်သွားသော်လည်း ဈေးနှုန်း များမှာမူ ယနေ့အထိ ကျဆင်းခြင်း မရှိဘဲ အရောင်းအ၀ယ်များ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

ယခုကဲ့သို့ ကလေးမြို့တွင် တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက် ကားမှု မြင့်မားလာခြင်းနှင့် ပတ်သက်၍ ““ဒေသခံ တာဝန်ရှိသူတွေကလည်း ကြပ်ကြပ်မတ်မတ်လုပ်တာ၊ စစ်တာမရှိဘူး။ အစိုးရပိုင်း ကလည်း ငွေရနေတော့ လိုက်မှာမဟုတ်ဘူး။ တချို့တွေဆိုရင် ဒီထဲမှာ ပါဝင်ပတ်သတ် နေမှာပဲလေ။ မှောင်ခိုဆိုတာ ဘာလုပ်လုပ် ရဲနဲ့မှ မကင်းတာ””ဟု မြို့ခံတစ်ဦးဖြစ်သူ ကိုမျိုးမင်းသန့်က သုံးသပ်သည်။ ကလေးမြို့တွင်း တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု များနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်အတွင်း ၄ ရက်လျှင် တစ်ကြိမ်နှုန်းခန့်ဖြင့်ဖမ်းဆီးအရေး ယူခဲ့ကြောင်း ကလေးမြို့ ရဲစခန်း၏မှတ်တမ်းများက ဆိုသည်။ ၂၀၁၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အမှုပေါင်း ၁၀၀ ရှိခဲ့ပြီး ဖမ်းဆီးရမိသည့် ပမာဏမှာ ဘိန်းဖြူ ၅၅ မှု (၂၆၉ ဒသမ ၉၇၀၆ ကီလို)၊ ဘိန်းမည်း၂၄ မှု (၄၈၄ ဒသမ၂၉၅ ကီလို)၊ စိတ်ကြွဆေးပြား ၁၃ မှု (၂၆၄၅ ပြား)၊ ဇလူတို ၆ မှု(၂၉၄၂၇၆ ပြား)၊ ခတ်ပုံ (ဘိန်းမည်းအား ဓာတုဆေးရောစပ်၍ သုံးစွဲခြင်း) ၂ မှု (၂၅ ဒသမ ၇၅၅ ကီလို) ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့ ရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြပါရှိသည်။

ထို့ပြင် ၂၀၁၅ ခုနှစ် ဧပြီလကုန်အထိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုပေါင်းမှာ ၃၉ ခုအထိ ရှိနေပြီဖြစ် သည်။ ယင်းဖမ်းဆီးရမိမှုအရ ဘိန်းဖြူ ၂၁ မှု (၃၅ ဒသမ ၁၆၈၈၄ ကီလို)၊ ဘိန်းမဲ ၁၅ မှု (၉၁၇ ဒသမ ၈၈ကီလို)၊ စိတ်ကြွ ဆေးပြား ၁ မှု (၁၇ ပြား)၊ ဖလူတို ၁ မှု (၁၂၀၀၀၀ ပြား)၊ ခက်ပုန် ၁ မှု (၄ ဒသမ ၃၀ ကီလို) စသည်ဖြင့် ဖမ်း ဆီးရမိထားသည်။

““ကျွန်တော်တို့က သေချာဆောင်ရွက်နေပါတယ်။ အခုဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို အမှုအရေအတွက် အလိုက် သေချာစာရင်း ပြုစုထားပါတယ်။ အရင်တုန်းကလည်း ဆေးပြားတွေမိတယ်။ နောက်ပိုင်း ဘိန်းတွေ မိတာများလာတယ်။ အထက်က ညွှန်ကြားတဲ့အတိုင်း သေချာကို စစ်ဆေး ဆောင်ရွက်နေတာပါ။ ဆေးပြားတွေ အများဆုံးမိတာ(သွင်းတဲ့) လမ်းကြောင်းတွေကို မေးတာ သူတို့က မပြောဘူး။ ဒါပေမဲ့သူတို့ ပြောပုံ အရတော့ အိန္ဒိယဘက်က အများဆုံးလာတာ””ဟုကလေးမြို့ရဲစခန်းမှ တပ်ကြပ်ကြီး စံမင်းအောင်က ပြောသည်။

ဖမ်းဆီးမှုများမည်သို့ပင် များပြားလျက် ရှိသော်လည်း တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုမှာ ဆက်လက် ရှိ နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိပြီး ၎င်းနှင့် ဆက်စပ်လုပ်ငန်းမှ ရရှိလာေ သာ ငွေမည်း များမှာလည်း အိမ်ခြံမြေ ဈေးကွက်အတွင်းသို့ ဆက်လက် စီးဆင်းနေ မြဲဖြစ်ကြောင်း ဒေသခံများက တညီတညွတ်တည်း မှတ်ချက်ပြု ပြောဆိုမှုများ ရှိနေသည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment