Monday, April 27, 2015

၁၉၉၀ ရွေးကောက်ပွဲ ငွေရတု နှစ်ပတ်လည် ကျင်းပမည်

နေပြည်တော် (မဇ္ဈိမ) ။ ။ ၁၉၉၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ငွေရတု(၂၅ နှစ်ပြည့်) အခမ်းအနားကို ရန်ကုန်မြို့တွင် လာမည့် မေလ ၂၇ ရက်တွင်ကျင်းပမည်ဟု ဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူများက ပြောကြားသည်။

၁၉၉၀ ပြည့်နှစ်၊ ဟင်္သမြို့နယ်၊ မဲဆန္ဒနယ် ၂ မှ အနိုင်ရအင်န်အယ်လ်ဒီကိုယ်စားလှယ် ဒေါက်တာဇော်မြင့်က "ရန်ကုန်မြို့၊ မာလာဆောင်ရှေ့က ယုဒသန်ခန်းမမှာ ကျင်းပဖို့စီစဉ်ထားပါတယ်’’ ဟု တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။

ယမန်နှစ်က ဖိတ်ကြားခဲ့သော်လည်း မတက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အားလည်း ထပ်မံဖိတ်ကြားမည်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရ ကိုယ်စားလှယ်များ၊ ထိုစဉ်က အဓိက ပြိုင်ဖက်ဖြစ်ခဲ့သူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားသွားမည်ဟု ဆိုသည်။

နှစ်ပတ်လည်အခမ်းအနားတွင် ၁၉၉၀ ရွေးကောက်ပွဲနှစ်ပတ်လည် အမှတ်တရစကားများပြောကြားသွားမည်ဖြစ်ပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းများကိုလည်း ဆွေးနွေးသွားကြမည်ဟု ၎င်းက ပြောသည်။

အသက် ၇၂ နှစ်အရွယ် ဒေါက်တာဇော်မြင့်က "နိုင်ငံရေးနဲ့ပတ်သတ်တဲ့ကြော်ညာချက်တစ်ခုလည်းထုတ်ပြန်ဖို့ရှိပါတယ်’’ ဟု ဆိုသည်။

၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့မှ အနိုင်ရခဲ့သည့် ကိုယ်စားလှယ်ပေါင်းများစွာအနက် ယခုအချိန်တွင် ၂၀၀ နီးပါးခန့်ရှိနေသေးသည်ဟု လည်း ၎င်းက ဆက်လက်ပြောကြားသည်။

၎င်းက "တစ်ဦးချင်း တစ်သီးပုဂလအရ (၂၀၁၅ )ရွေးကောက်ပွဲဝင်မယ့်သူ ရှိချင်ရှိမယ်၊ အဖွဲ့အနေနဲ့တော့ ပါတီထောင်တာ၊ ရွေးကောက်ပွဲဝင်တာ ရှိမှာ မဟုတ်ပါဘူး’’ ဟု ဆိုသည်။

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီတော်လှန်ရေးပြီးနောက် ကျင်းပခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ပြည်တွင်း၊ ပြည်ပက သတ်မှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီမှ ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသား စည်းလုံးညွတ်ညွတ်ရေးပါတီကို အမတ်နေရာ ၄၉၂ နေရာအနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။

သို့သော် ထိုစဉ်က တပ်မတော်အစိုးရခေါင်းဆောင်များက အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အာဏာလွှဲပြောင်းပေးခြင်းမရှိခဲ့ပေ။


Credit - Mizzima News

No comments:

Post a Comment