Sunday, April 26, 2015

ယာဉ်နှစ်စီးတိုက်မိမှု မြန်မာ့ရုပ်မြင်သံကြားကို ရွှေစင်စင်္ကြာ မမှန် စွပ်စွဲဟု တုန့်ပြန်

ရန်ကုန်၊ ဧပြီ ၂၅

ယာဉ်နှစ်စီးတိုက်မိမှုအတွက် မှားယွင်းထုတ်လွှင့်ခဲ့သည်ဆိုကာ ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်မှ နစ်နာကြေး တောင်းဆိုမှုကို မြန်မာ့ရုပ်မြင်သံကြားမှ ပြန်လည်ရှင်းလင်းရာတွင် "မမှန်မကန် စွပ်စွဲ ပြောဆိုမှု" ဟု ဏပြီလ ၂၅ ရက် ရက်စွဲဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၅ ရက်က နေပြည်တော်အမြန်လမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုကို MRTV News Channel , MRTV Entertainment Channel, တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း NRC တို့တွင် လုံးဝဖေါ်ပြထုတ်လွှင့် ခဲ့ခြင်းမရှိဟု ငြင်းဆိုထားသည်။

"MRTV News Channel , MRTV Entertainment Channel, တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC) တို့တွင် ရွှေစင်င်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ ယာဉ်မတော်တဆမှုသတင်းအား လုံးဝ(လုံးဝ)ဖော်ပြ ထုတ်လွှင့် ခဲ့ခြင်း မရှိပါ" ဟု ထုတ်ပြန်သည်။

သို့သော် ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်ရှေ့နေ ဦးနေလ၏ဧပြီလ ၂၄ ရက်ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာ နို့တစ်စာတွင်မူ "Sky Net in house channels, mntv ၏ ပေါ့ဆစွာ မမှန်မကန် သတင်းထုတ်လွှင့်ခြင်းကို Shwe Than Lwin Media Co.,Ltd, Sky Net တို့အပြင် MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV, 4 DIGITAL တို့ကလည်း မြန်မာနိုင်ငံ တနှံတလျား ထုတ်လွှင့်ပေးခဲ့ကြပါသည်" ဟု ဆိုသည်။

ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်ရှေ့နေ ဦးနေလ၏နို့တစ်စာကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပြန်လည်ရှင်းလင်းရာတွင် "မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် အဆိုပါ ယာဉ်မတော်တဆမှု သတင်းကို ဖေါ်ပြထုတ်လွှင့်ခြင်း မရှိခဲ့သော်လည်း ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်၏ နို့တစ်စာပါ စွပ်စွဲ ဖေါ်ပြချက်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဂုဏ်သိက္ခာကို များစွာထိခိုက်နစ်နာ စေသကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများကို ကြည့်ရှုနေသော ပြည်သူများ၏ ယုံကြည်မှုကိုလည်း များစွာ လျော့နည်း ထိခိုက်စေပါသည်" ဟု သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ရွှေစင်စင်္ကြာ ကုမ္ပဏီ လီမိတက်က Sky Net in house channels, mntv, Sky Net, Shwe Than Lwin Media Co.,Ltd, MRTV-4, မြန်မာ့အသံနှင့် ရုပ်မြင်သံကြေား MRTV, 4 DIGITAL တို့ကို လျော်ကြေးငွေ သိန်းတစ်သောင်း နှစ်လအတွင်းပေးရန် တောင်းဆိုထားသည်။ လိုက်နာရန် ပျက်ကွက်ပါက တရားစွဲဆို တောင်းခံသွားမည်ဟုလည်း ဆိုသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကမူ "ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်၏ နို့တစ်စာပါ မမှန်မကန် စွပ်စွဲပြောဆိုမှုအပေါ် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား အနေဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်" ဟု တုန့်ပြန်ထားသည်။


Credit - Mizzima News

No comments:

Post a Comment