ယခုတလော တောရွာကျေးလက်တချို့တွင် စုံးနတ် ကဝေနှင့် အခြား အစွန်းရောက်သော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အပြုအမူများ ယခင်ကထက် ပိုမိုများပြားလာနေသည်ကို တွေ့နေရပါသည်။
ကျေးလက်အချို့တွင် နတ်ဆရာများ၊ နတ်ထိန်းများ၊ ပယောဂဆရာများသည် သြဇာရှိသော ရပ်မိရပ်ဖ နေရာမျိုး အထိ ရောက်ရှိလာကြကာ သူ့နယ်ပယ်ဆိုင်ရာ ကိုးကွယ်ပသမှုကိစ္စများကို စည်းကြပ်လျက် နေ့စဉ် ရက်ဆက် ဆိုင်ရာဆိုင်ရာ ပူဇော်ပသမှုပွဲများ ခြိမ့်ခြိမ့်သဲသဲပင် ကျင်းပလာနေကြသည်ကို တွေ့လာရပါသည်။
ထို့ပြင် ခေတ်၏ မျက်နှာသာပေးမှုအရ ယင်း ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အစီအမံ အစီးအနင်း အစီအရင်များ၊ အင်းများ၊ ဂါထာများကို မန်းမှုတ်လုပ်ကိုင်သည့် အသံသွင်း စီဒီခွေများကလည်း ကျေးလက်တွင် နေရာယူလာ နေသည်ကို တွေ့လာရပါသည်။ နေ့ညမဟူ တချို့သောအိမ်များတွင် ယင်းစီဒီခွေများကို စုပေါင်းနားထောင်ကြ ခြင်း စီဒီခွေထဲကအတိုင်း လိုက်လံဆောင်ရွက်ခြင်း အမှုများကို ပြုလုပ်လာကြပြန်ပါသည်။
သည်ကြားထဲ အစွန်းရောက် ဘာသာရေးလှုပ်ရှားမှုများဖြစ်သည့် လူမျိုးခြား မုန်းတီးရေး၊ လူမျိုး အချင်းချင်းကြား မယုံသင်္ကာဖြစ်စေရေး၊ လူမျိုးအချင်းချင်းကြား ရန်တိုက်ပေးသည့် အမြင်ကျဉ်း အစွန်းရောက် ဘာသာရေး လှုပ်ရှားမှုများကလည်း မြို့ပြမှာထက် ကျေးလက်တွင် ပိုပြီး နေရာယူလာနေသည်ကို တွေ့ကြရ ပါသည်။
မိမိတို့သည် နိုင်ငံသားတိုင်း၏ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်ခွင့်ကို ကန့်ကွက်ရန် အကြောင်းမရှိပါ။
သို့သော် မည်သည့် ယုံကြည်ကိုးကွယ်မှုမဆို လူအများ၏ လုံခြုံမှုကို ထိခိုက်စေပြီး အတွေးအခေါ် ရေးရာ လမ်းမှားသို့ တွန်းပို့နိုင်သည့် အယူအဆများ၊ ပြုမူဆောင်ရွက်မှုများကိုမူ အားမပေးလိုပါ။
မိမိတို့လူမျိုး နှစ်ပေါင်းထောင်ချီ တည်တန့်လက်ကိုင်ထားခဲ့သည့် မဟာဗုဒ္ဓ သြဝါဒ အနှစ်ကလည်း မိမိကိုယ်ကိုာ ကိုးကွယ်ရာတည်းဟူသော အင်မတန် လက်တွေ့ကျသည့် အဘိဓမ္မာကိုယ်ခံ ရှိပြီးဖြစ်သဖြင့် ယင်းကဲ့သို့သော မှားယွင်းပြီး အစွန်းရောက်သော ယုံကြည်ကိုးကွယ်မှုများနှင့် နှိုင်းယှဉ်ပါက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်ကို လူတိုင်းအသိပင် ဖြစ်ပါသည်။
မိမိတို့လူမျိုး လုံခြုံနိုင်ရေး၊ မိမိဘာသာ တည်တန့်နိုင်ရေးမှာ အခြားအခြားသော ကမ္ဘာမှ ပုဂ္ဂိုလ်များကို အားကိုးရန် မလိုဘဲ၊ အခြားအခြားသော လူမျိုးများကို လက်ညှိုးထိုး ရန်သူလို သဘောထားရန် မလိုဘဲ မိမိကိုယ်တိုင်က အတွေးအခေါ်အရ၊ ကိုယ်ပိုင်ယဉ်ကျေးမှုအရ မှန်ကန်ဖို့ ကြံ့ခိုင်ဖို့သာ အဓိက ဖြစ်ပါသည်။ မိမိတို့လူမျိုး အတွေးအခေါ်အရ ဖျားနာနေမည်ဆိုလျှင်၊ ယဉ်ကျေးမှုအရ နိမ့်ပါးနေမည်ဆိုလျှင် မည်သည့် ထိပါးမှုကိုမျှ ခုခံနိုင်မည်လည်း မဟုတ်ပါ။ မိမိတို့ ကံကြမ္မာသည် မိမိတို့အပေါ်တွင်သာ မူတည်သည်သာ ဖြစ်ပါသည်။
တချိန်တုန်းကလည်း မိမိတို့နိုင်ငံတွင် မြတ်ဗုဒ္ဓ၏ ဒဿနနှင့် လမ်းကွဲသည့် ယင်းကဲ့သို့သော စုံးနတ် ကဝေ လွန်ကဲစွာ ကိုးကွယ်မှုရှိတော့ ရှိခဲ့ဖူးပါသည်။
အထင်ရှားဆုံးဥပမာမှာ ပုဂံခေတ်ဦးကာလ ဖြစ်သည်။ နောက်ထပ် ဥပမာတစ်ခုမှာ ၁၉၆၀ ခုနှစ် ဝန်းကျင်ကာလများကလည်း ယခုလို ရှိခဲ့ဖူးပါသည်။ ဥပမာ ရန်ကုန်မြို့လယ်ခေါင် သမ္မတရုပ်ရှင်ရုံကြီး၏ အောက်တွင်ပင် တစ်လကိုးသီတင်း နတ်ပွဲများ တခြိမ့်ခြိမ့် စည်ကားခဲ့သည်မျိုး ရှိခဲ့ဖူးပါသည်။
ထိုကဲ့သို့သော အစွန်းရောက် ကိုးကွယ်မှု၊ အစွန်းရောက် ဘာသာရေးလှုပ်ရှားမှုများကို မိမိတို့သည် မည်သည့်နည်းဖြင့် ခုခံကြမည်နည်း။ မည်သည့်နည်းဖြင့် ရှောင်ရှားကြမည်နည်း။ ဤသို့ဆိုလျှင် မိမိတို့လူမျိုး ယခုထက် ပိုမို ပညာတတ်ကြရပါလိမ့်မည်။ ဗုဒ္ဓ၏ အခြေခံအယူအဆများကို ကျေညက်အောင် လေ့လာဆုပ်ကိုင်ထားကြရပါလိမ့်မည်။ ကယ်တင်ရှင်များကို ပင့်ဖိတ်ခေါ်ယူ ကယ်တင်ခိုင်းခြင်း လူမျိုးခြားအား ရန်သူလိုသဘောထား လက်ညှိုးထိုးခြင်းဖြင့်တော့ သည်လို မှားယွင်းကျဉ်းမြောင်း အစွန်းရောက်မှုမျိုးမှ ကာကွယ်နိုင်ကြလိမ့်မည် မဟုတ်ပါ။
ထို့ကြောင့် မိမိတို့သည် အတ္တာဟိ အတ္တနော နာထော ဟူသည့် မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုသော စကားအတိုင်း မိမိတို့ ပညာတတ်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ကိုယ့်ကိုယ်ကိုယ်သာ ကြံ့ခိုင်အောင် အားကိုးကြိုးစား လုပ်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Credit - Mizzima News
No comments:
Post a Comment