Saturday, May 2, 2015

အစိုးရနှင့် ပတ်သက်ဆောင်ရွက် လုပ်ဆောင်ရသော ကိစ္စများတွင် မအောင်မြင်ကြောင်း နိုင်/ကျဉ်းဟောင်းများ အဖွဲ့ပြော

 ရန်ကုန်၊ ဧပြီ ၂၉

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ မူဝါဒများ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရနှင့် ပတ်သက် လုပ်ဆောင်နေသော ကိစ္စရပ်များ၌ မအောင်မြင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင် ဦးဘမျိုးသိန်းက ဧပြီ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အစိုးရနှင့် ပူးတွဲ ဆောင်ရွက်ရသော နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရေး ကဲ့သို့သော ကိစ္စများ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကဲ့သို့သော ကိစ္စများတွင် အောင်မြင်အောင် ဆောင် ရွက်နိုင်ခဲ့ခြင်း မရှိ သောကြောင့် ယခုကဲ့သို့ ဝေဖန်ပြောကြားခြင်း ဖြစ်သည်။

““ပထမဆုံးကတော့ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးပေါ့။ ဒီကိစ္စတွေမှာတော့ ၂၀၁၂ အကုန်မှာ လွှတ်ပေးမယ် ဘာညာပြောတာပေါ့။ လက်ရှိမှာတော့ ဆက်လက် ရှိနေဆဲဖြစ်တယ်။ ဆက်လက် ဖမ်းဆီးနေဆဲဖြစ်တယ်။ မပြီးပြတ်သေးဘူးပေါ့။ နောက်နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတဲ့ ကိစ္စပေါ့။ ဒီကူညီတဲ့ကိစ္စမှာတော့ အားနည်းချက်တွေရှိမယ်။ အစိုးရနဲ့ ဆက်ဆံပြီးတော့ လုပ်ရတာမျိုးတွေမှာ အခက်အခဲရှိတယ်လို့ ပြောလို့ရပါတယ်””ဟု နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးဘမျိုးသိန်းက ပြောသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း၌ နိုင်ငံရေး အကျဉ်းသားပေါင်း ၁၀၀ ၀န်းကျင်ခန့်သာ ရှိသော်လည်း ၂၀၁၃ နှစ်ကုန်တွင် ၁၆၄ ဦးအထိ မြင့် တက်လာခဲ့ပြီး တက်ကြွ လှုပ်ရှားသူ ၂၀၃ ဦးမှာလည်း တရားရင် ဆိုင် နေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့က ဇန်န၀ါရီ ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင်မတ်လ အတွင်း၌လည်း ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း များနှင့် ပတ်သက်၍ အစိုးရ၏ ဖမ်းဆီးမှုများ ဆက်လက် မြင့်တက်လာခဲ့သည်။

အစိုးရက ယခင်ဖွဲ့စည်းထားသော နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအား နိုင်ငံရေးအကျဉ်းသား ရေးရာကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး အကျဉ်းသားအရေး အမှန်တကယ် ဆောင် ရွက် နေသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ မပါဝင်သောကြောင့် ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ ညီလာခံကို ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်တွင် ဒုတိယအကြိမ် ကျင်းပခဲ့ကာ လာမည့် မေလနောက်ဆုံးပတ်တွင် တတိယအကြိမ် ကျင်းပ နိုင်ရန် စီစဉ်လျက်ရှိပြီး အမှုဆောင်သစ်များ အသစ်ပြန်လည် ရွေးကောက်ကာ လုပ်ငန်းစဉ်များ ထပ်မံချမှတ် သွားမည်ဖြစ်သည်။

““ကျွန်တော်တို့ ရန်ကုန်မှာပဲ လုပ်မယ်။ ဒီဟာနဲ့ ပတ်သက်လို့ မကြာခင်မှာပဲ သက်ဆိုင်ရာဂျာနယ်တွေ၊ ဖေ့စ် ဘုတ်တွေ ထဲကနေ ဒီဥစ္စာကို ကျင်းပမယ်ဆိုတဲ့ အကြောင်းကို ကြေညာပေးပါ့မယ်””ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ညီလာခံကျင်းပရေး ကော်မတီဝင် ဦးမြင့်အောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment